ရွှေဥမင်ဆရာတော်ကြီး၏ သင်္ကြန်တရား

 

“ရွှေဥမင်ဆရာတော်ကြီး၏ သင်္ကြန်တရား”
••••••••••••••••••••••••••••••••••••••
ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။
‘သင်္ကန္တ’ ပေါ့။
သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။
ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။
သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။
နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။

ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး

လူကလည်း ရုပ်ဟောင်းတွေ ချုပ်ငြိမ်းပြီးတော့
ရုပ်သစ်ကို ကူးပြောင်းတာ တဲ့။

ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့်
ခု ဒီမှာကတော့ ကူးပြောင်းတယ်လို့ မဟုတ်ဘူးနော်။

အဟောင်းပျက်လို့ အသစ်ဆက်တာ။

သူ့အကြောင်းနဲ့သူ မကင်းတာဘဲ ရှိတယ်။

♦ အဲဒီတော့ နှစ်သစ်ကူးရင် သန့်ရှင်းရမယ်နော်။

သန့်ရှင်းအောင် လုပ်ရမယ်။

သန့်သန့်ရှင်းရှင်းနဲ့ နှစ်သစ်ကူးရတယ်။

ခေါင်းလျှော်ရ, အဝတ်လျှော်ရတယ်။

ဒါပေမယ့် အဲဒီ ချေးတွေ ညှော်တွေ သန့်ရှင်းသွားတာနဲ့
ကျန်းမာရေးတော့ ရတာပေါ့လေ။

ထားပါတော့။ နည်းနည်းတော့ ရတာပေါ့။

ဒါက လိုရင်းမဟုတ်ဘူးနဲ့ တူတယ်။

♦ ဒါက အပြင်သန့်ရှင်းရေး။

♦ အတွင်းသန့်ရှင်းရေးက လိုသေးတယ်။

♦နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ် မဟုတ်လား။

♦စိတ်ကိုကော ဖြူစင်အောင် လျှော်ကြ ဖွပ်ကြရဲ့လား။

♦စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။

ကိလေသာအညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှ
သန့်ရှင်း ဖြူစင်မယ်။

ကိလေသာဆိုတာ” လောဘ, ဒေါသ, မောဟ” တွေပဲ။

♦လောဘနဲ့ စားတယ်။ လောဘနဲ့ သွားတယ်။ လောဘနဲ့ နေတယ်။

♦ဒေါသမှာလည်း ဒီလိုပဲ။ ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။

ဒေါသမဖြစ်အောင် စောင့်ထိန်းဖို့ဟာ ဒေါသဖြစ်ရင် ဖြစ်မှန်း သိရမှာပဲ။

သွားတာ၊ လာတာ၊ စားတာ၊ သောက်တာ၊ နေတာ၊
ထိုင်တာ အားလုံးမှာ “အသိနဲ့ သတိ” ကပ်ထားရမယ်။

အသိနဲ့ သတိ တစ်ထပ်တည်း ကျဖို့ လိုတယ်။

လိုရင်းချုပ်လိုက်တော့ “သတိပဋ္ဌာန်”ပဲ။

♦ ခု သင်္ကြန်ကာလအတွင်း ဥပုသ်သီတင်း စောင့်သုံးကြတာ၊
ကိုယ်တွေ နှုတ်တွေ သန့်ရှင်းရေးလုပ်တာ၊
ကမ္မဋ္ဌာန်းဘာဝနာ ပွားများတာ
“စိတ်သန့်ရှင်းဖို့၊
အသိဉာဏ်သန့်ရှင်းဖို့ ” လုပ်ကြတာ။

♦ အဲဒီ သန့်ရှင်းရေးတွေ လုပ်ထားတဲ့လူကတော့
“အတွင်းရော ၊ အပြင်ရော” သန့်ရှင်းပြီး ကောင်းသော
နှစ်သစ်ကူးခြင်းပေါ့။

ဒီပြင် လောဘ ဒေါသ မောဟတွေ ထူပြောနေတာတော့
မကောင်းသော နှစ်သစ်ကူးခြင်း ဖြစ်မှာပေါ့။

ဘုန်းကြီးတို့ ပရိသတ်ကတော့ ကောင်းသော
နှစ်သစ်ကူးခြင်းဖြစ်အောင် လုပ်ရမယ်။

ခန္ဓာသင်္ကြန်လည်း မကျသေးဘူး။ လုပ်ကြဦး။

ရှေးက ပြောကြသလို “ခါးတောင်းကျိုက် မဖြုတ်ကြနဲ့အုံး” ဆိုတာမျိုးပေါ့။

ကုသိုလ်တွေ လက်မမြှောက်နဲ့အုံး။

ဒီပုံစံအတိုင်းပဲ သင်္ကြန်ရက်မှာ လုပ်ကြသလို ဆက်လုပ်ကြဦး။

လုပ်ကြဦးဆိုတော့ ဒီပြင် မဟုတ်ပါဘူး။

ငါးပါးသီလနဲ့ ကိုယ်လုပ်နေကြ “ကမ္မဋ္ဌာန်းဘာဝနာအလုပ်”
ကို လုပ်ကြဦးလို့ ဆိုလိုတာပါ။

အဲဒီတော့ ခန္ဓာသင်္ကြန် ဘယ်တော့မှ တက်မလဲဆိုတာ တွက်ဦးမှ။

♦ ခန္ဓာသင်္ကြန်ကတော့ ခန္ဓာရှိနေသရွေ့ သင်္ကြန်ကျနေမှာပဲ။ ♦

သင်္ကြန်ဆိုတာ အသစ်အဟောင်း ပြောင်းလဲတာဆိုသဖြင့်
ရုပ်နာမ်အသစ်တွေ အသစ်အသစ် ထပ်ဖြစ်နေတာ။

မီးခိုးမဆုံး မိုးမဆုံးပဲ။

ဒီက အကြောင်းမကင်းသေးဘူး။

အကျိုး ရုပ်နာမ်တွေ ထပ်ဖြစ်နေတာတဲ့။

မသိမှု အဝိဇ္ဇာနဲ့ တဏှာလောဘ အကြောင်းခံပြီးတော့

“မသိလို့ လိုချင်၊
လိုချင်တော့ လုပ်၊
လုပ်တော့ ရ၊
ရတော့ ဒုက္ခ၊
ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာရ။”

အဲဒီတော့
“သိရင် မလိုချင်၊
မလိုချင်တော့ မလုပ်တော့ဘူး။
မလုပ်ရင် မရတော့ဘူးပေါ့။
ဒုက္ခတွေ မလိုချင်လို့ ဒုက္ခမလုပ်တာပေါ့။”

♦ ဒုက္ခသာ မလုပ်တာ၊
တခြား လုပ်သင့်လုပ်ထိုက်တာတွေတော့ သူ လုပ်တာပေါ့။

♦ အကြောင်းသိမ်းရင် အကျိုးငြိမ်း၊ လောင်စာသိမ်းရင် မီးငြိမ်း

အကြောင်းသမုဒယဆိုတဲ့ လောင်စာသိမ်းလိုက်ရင်
ရုပ်နာမ် ခန္ဓာဆိုတဲ့ အကျိုးဒုက္ခ ငြိမ်းသွားမှာပဲ။

အဲဒီ ဘဝသစ် ရုပ်နာမ်ခန္ဓာ၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရင်
သင်္ကြန်တက်ပြီ၊
♦ ခန္ဓာသင်္ကြန် တက်ပြီ။

အဲဒီအချိန်မှ အနားယူကြပေါ့။

နိဗ္ဗာန်ခရီး နီးအောင် လုပ်

အခုကတော့ “တို့ ဆက်ပြီး လုပ်ရဦးမှာပဲ”လို့ သဘောပေါက်။

နားနေလို့ မဖြစ်သေးဘူး။

‘ဤခရီး နီးသလား?’ဆိုတာနော်။

ဘယ်ခရီးလဲ?
‘မရဏခရီးပါ ဘုရား’
အင်း … ပြောရမှာတောင် အားနာစရာနော်။ နိဗ္ဗာန်ခရီးပဲ လုပ်ပါတော့။ နိဗ္ဗာန်ခရီး နီးအောင် လုပ်။ ဟုတ်လား။

အဲဒါနဲ့(မရဏခရီးနဲ့) ပြောင်းပြန်ပဲ။

ဟိုက ‘မတ’ သေတာ။

ဒီက ‘အ,မတ’ မသေတာ။

မသေတဲ့ခရီး နီးမှ ဖြစ်မယ်နော်။

အခုပြောတဲ့ ပုံစံအတိုင်း သွားမယ်ဆိုရင် မသေတဲ့ခရီးဟာ နီးသွားမှာပါ။

တစ်လှမ်းထက် တစ်လှမ်း၊ တစ်အာရုံထက် တစ်အာရုံ၊ တစ်သိထက် တစ်သိ နီးသွားရမယ်။
အဲဒီလို တွက်ရမှာပါ။
တော်လောက်ပြီလို့ စိတ်မချနဲ့အုံး။
ခေါင်းဆောင်ကြီးတွေ ခဏခဏ သတိပေးနေတာ။
သူတို့ကိစ္စနဲ့တော့ သူတို့ပေါ့လေ။ ခါးတောင်းကျိုက် မဖြုတ်နဲ့အုံးဆိုတာ။

ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ

ဘုရားကလည်း “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ စကားနဲ့ တပ်လှန့်နေတာပဲ။

ဘုရားက တပ်လှန့်နေတာ။

ရန်သူက အချိန်မရွေး ဝင်နေတာ။ ရန်သူ။

ကိုယ်က ခံစစ်တင် မဟုတ်ဘူး။ တိုက်စစ်ပါ လုပ်ရမယ်။

♦ သီလလောက် ခံစစ်နဲ့ မရသေးဘူး။

♦ ဝိပဿနာတိုက်စစ်မှူးဖြစ်အောင် လုပ်ရမှာ။

♦ဘယ်မှ သွားတိုက်ရမှာ မဟုတ်ဘူး။

♦ လောဘ ဒေါသ ရန်သူကို တိုက်ရမှာ။

♦ ကိုယ့်ခန္ဓာ ကိုယ်တိုက်ရမှာ။

မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိသလို “ငါသေရင် ဆွမ်းမသွတ်နဲ့”
လို့ ကိုယ့်ကိုယ်ကို မှာနိုင်လောက်အောင်အထိ တိုက်စစ်ဆင်ရမှာ။

‘လိုသလောက် မရလည်း၊ လုပ်သလောက်တော့ ရတယ်’နော်။

မလျှော့ဘဲ လုပ်ရမှာပဲ။

သာဓု … သာဓု … သာဓုပါ ဘုရား။

[“ရွှေဥမင်ဆရာတော်ဘုရားကြီး၏ သြဝါဒတရားတော်များ” မှ-]

Dhamma Danã Source ►
http://www.facebook.com/youngbuddhistassociation.mm မှ ကူးယူပါ၏။

This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s