ကျောက်ဆင်းတု ပြဿနာ

အရှင် ဇ၀န ထံ စာဝါများလိုက်ဖူး၍ တပည့်လည်း ဖြစ်ခဲ့ဖူးသော ဦးအာဒိစ္စ အမည်ရှိ ရဟန်းတစ်ပါးက –

“ဦးဇ၀န၊ တပည့်တော် ဦးလေးအိမ်မှာ ကျောက်ဆင်းတု တစ်ဆူရောက်နေတယ် ဘုရား။ မန္တလေးက ပင့်လာတာတဲ့။ အဲ့ဒါ ဘုန်းကြီးကျောင်း ပို့ခိုင်းရဦးမယ်။ ကျောက်ဆင်းတုကို အိမ်မှာ မကိုးကွယ်ကောင်းဘူးဆိုတာ သူတို့ မသိကြဘူး။”

“အလို – ကျောက်ဆင်းတု အိမ်မှာ ကိုးကွယ်တော့ ဘာဖြစ်လို့တုန်း ဦးအာဒိစ္စရဲ့။”

သူက အံ့သြသောမျက်လုံးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်ကာ – “လူကိုခိုက်တယ်ဆိုတာ ဦးဇ၀န မကြားဖူးဘူးလား” ဟု မေး၏။

ကျွန်ုပ်က – “ကြားဖူးသားပဲ။ ဒါပေမယ့် ကြားတိုင်း ယုံစရာ မလိုဘူးလေ။ ယုတ္တိ ရှိ၊ မရှိ စဉ်းစားဝန်ဖန်ပြီးမှ ယုံရမှာပေါ့”

“ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မလွယ်နဲ့”  ဆိုတဲ့ စကားရှိတယ်။ ဦးဇ၀နက ရှေးထုံးကို ပယ်မလို့လား။

“ဒီစကားပုံက ကောင်းတဲ့ အကျိုးပြုတဲ့ ရှေးထုံးကိုသာ မပယ်နဲ့လို့ ခိုင်းတာ။ လူ့မကောင်းတဲ့ လောကကို ကောင်းကျိုးမပြုတဲ့ ရှေးထုံးတွေကိုတော့ ရဲရဲဝံ့ဝံ့ ပယ်ပစ်ရမယ်။

ပုဂံပြည်မှာ အရင်တုန်းက ဗေဒင်ဟော၊ ဓာတ်ရိုက်၊ ဆေးကု၊ ပန်းဦးပန်နေတဲ့ အရည်းကြီးတွေကို ကိုးကွယ်ခဲ့ကြတယ်။ ဒါရှေးထုံးပဲ။ မြန်မာပြည်မှာ သူတို့ တွင်ကျယ်နေတာ နှစ်ပေါင်း အကြာကြီးပဲ။ ဒီလို မကောင်းတဲ့ ရှေးထုံးကြီးဟာ ရှင်အရဟံကို ဆရာတင်ပြီး အနော်ရထာမင်းကြီးက ရဲဝံ့စွာ ဖယ်ရှားပစ်ခဲ့လို့ မြန်မာပြည်သားအားလုံး အခုလို စစ်မှန်ကောင်းမွန်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကို ကြည်ညိုကိုးကွယ်ခွင့် နေကြတာ မဟုတ်လား။”

“ဒါတော့ ဟုတ်တာပေါ့”

“ဒါတင် မကပါဘူး။ မကောင်းတဲ့ ရှေးထုံးမှန်ရင် ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ပယ်ရှားပစ်ရင် ဟုတ်တာ၊ ကောင်းတာချည်းပဲ။

“အိန္ဒိယနိုင်ငံမှာဆိုရင် အရင်တုန်းက လင်သေလို့ မီးရှို့နေပြီဆိုရင် မယားက အဲဒီမီးပုံထဲ ခုန်ချပြီး သေရတယ်။ ကျန်မနေရစ်ရဘူး။ မိန်းမတွေကို လူရာမသွင်းဘဲ ကြဉ်ထားတာပေါ့။ တကယ်လို့ မီးပုံထဲ ခုန်မချဘဲ ကျန်ရစ်တဲ့ မိန်းမဆိုရင်လည်း နှစ်ဖက်ဆွေမျိုးအားလုံး အပါအ၀င် ပတ်ဝန်းကျင်တစ်ခုလုံးက မိန်းမပျက်လို့ သဘောထားပြီး အပေါင်းအသင်းမလုပ်ဘဲ ၀ိုင်းကြဉ်လိုက်ကြတယ်။”

“တော်တော်ရက်စက်ပြီး လူမဆန်တဲ့ အလေ့အထကြီးပါလား”

“အဲဒါ ဦးအာဒိစ္စပြောတဲ့ ရှေးထုံးပဲလေ။

ဗုဒ္ဓပွင့်တော်မူလာပြီးတဲ့နောက် လူသားမှန်သမျှ မဟာကုသိုလ် (ကြီးမားသောကုသိုလ်) စိတ်ကြောင့် ဖြစ်တာချည်းမို့ ယောကျာ်းနဲ့ မိန်းမ အတူတူသာ ဖြစ်သည်။ မည်သူက မည်သူ့ထက် မြတ်သည်၊ ယုတ်သည် ဟူ၍ မရှိ လို့ ပြတ်ပြတ်သားသားဟောပြောတော်မူခဲ့တာကြောင့် အခုဆိုရင် အဲဒီအလေ့အထကြီး ပျောက်သလောက်ဖြစ်နေပါပြီ။”

“အာဖရိကတိုက်ထဲက မှတ်တာပဲ။ ကျွန်းနိုင်ငံလေး တစ်ခုအကြောင်း ဖတ်ရသေးတယ်။ အဲဒီနိုင်ငံရဲ့ အလေ့အထက မိဘတွေကို အိုမင်းချိနဲ့နေတဲ့အထိ မထားကြဘူး။ အိုမင်းချိနဲ့မှ သေသွားရင် နောက်ဘ၀မှာလည်း အိုမင်းချိနဲ့ နေမယ်လို့ အယူရှိခဲ့ကြတယ်။”

“ဟင် – အဲဒီတော့ မိဘတွေကို ဘာလုပ်ပစ်ကြသလဲ”

“ဘာလုပ်ပစ်ရမလဲ။ အသက်ခြောက်ဆယ်အရွယ်လောက် ရောက်ပြီဆိုတာနဲ့ သားဖြစ်သူက တောင်းထဲထည့်ထမ်းသွားပြီး တော်နက်ထဲမှာ ရှိတဲ့ ဧရာမချောက်ကြီးထဲ ပစ်ချပြီး သတ်ပစ်လိုက်တာပေါ့”

“ရက်စက်လိုက်တာဘုရား၊ ဒီလိုဆိုတော့ သူတို့တစ်နိုင်ငံလုံပဉ္စာနန္တရိယကံ ထိုက်နေကြတာပေါ့ ဘုရား။”

“ဒါ့ကြောင့် လူ့လောကကို ကောင်းကျိုးမပြုတဲ့ ရှေးထုံးမျိုးကတော့ ပယ်ရမယ်လို့ ပြောတာပေါ့။ အခုတော့ အယူအဆကြီးပျောက်စပြုနေပြီလို့ သိရပါတယ်။ ဒီနိုင်ငံနဲ့ ဆက်စပ်မှုရှိနေတဲ့ ဖြစ်ရပ်ကလေးနှစ်ခု တပည့်တော် ဖတ်ဖူးထားတယ်။ ကြေကွဲစရာလည်း ကောင်း၊ သင်ခန်းစာ ယူစရာလည်း ကောင်းတယ်။”

“မြန်မြန်ပြောပါ ဘုရား။”

“ပထမတစ်ခုက သားတစ်ယောက်ဟာ မိခင်အိုကို စောစောကလို ချောက်ထဲ ပစ်ချ သတ်ရအောင် တောင်းထဲထည့်ပြီး ထမ်းလာတယ်။ ဒီလိုနေရာမျိုးမှာ အနှစ် ငါးဆယ် တစ်ရာနေမှ တစ်ခေါက်လောက်သွားကြတာဆိုတော့ လမ်းရယ်လို့ မရှိဘူး။ တောတိုးပြီး ရမ်းသမ်းသွားကြရတာပဲ။ တချို့အပြန်ကျမှ လမ်းပျောက် မျက်စိလည်လို့ အစာရေစာငတ်ပြီး တောထဲမှာ သေသွားကြတဲ့ သားသမီးတွေလည်း ရှိတယ်။ မိဘသွားသတ်ရင်းနဲ့ ကိုယ်ပါ သေသွားကြရတာပေါ့။ ဒီအဖြစ်တွေကို ကြားဖူးထားတဲ့ တောင်းထဲက မိခင်အိုဟာ လက်လှမ်းမီသမျှ သစ်ခက်တွေကို ချိုးယူပြီး ပေတစ်ရာလောက်မှာ တစ်ချောင်းနှုန်းနဲ့ တစ်လမ်းလုံး ပစ်ချလာခဲ့တယ်။

မိခင်ကို သတ်ဖို့ ဇောတစ်ခုသာရှိတဲ့သားကတော့ ဒါတွေကို မသိရှာဘူး။ ရှေ့ကိုသာ စွတ်သွားနေတာပေါ့။ ဒီလိုနဲ့ ချောက်ကမ်းပါးကို ရောက်တော့ ပစ်မချမီမှာ မိခင်ကို နောက်ဆုံးအနေနဲ့ ဘာမှာခဲ့ချင်သလဲ လို့မေးတော့ သားအပြန်မှာ မျက်စိလည်လမ်းမှားမှာစိုးလို့ လမ်းတစ်လျှောက်လုံး ပေတစ်ရာမှာ ဒုတ်တစ်ချောင်းနှုန်း ချထားရစ်ခဲ့တယ်။ ဒီဒုတ်ခောင်းလေးတွေကြည့်ပြီး အိမ်ကို အရောက်ပြန်ပါ တဲ့။

အဲဒီမှာတင် သားဖြစ်သူဟာ မိဘမေတ္တာကို နားလည်သွားပြီး မသတ်တော့ဘဲ အိမ်ကို ပြန်ခေါ်လာသတဲ့။”

“မိဘမေတ္တာဟာ အံ့သြစရာပါလား ဘုရား။”

“အံ့သြစရာပေါ့။ နောက်တစ်ခုကလည်း ဒီပုံစံပဲ။ သားဖြစ်သူက ဖခင်ကို သတ်ရအောင် တောင်းထဲ ထည့်ထမ်းလာခဲ့တယ်။ ဒီအချိန်မှာ သတ်မယ့်သူရဲ့သားငယ်တစ်ယောက်ဟာ မသိမသာ နောက်က လိုက်သွားသတဲ့။ သူ့အဖေက မလိုက်စေချင်မှန်းသိလို့ မသိအောင် လိုက်သွားတာပေါ့။”

သူ့အဘိုးကို သတ်မယ်ဆိုတာတော့ သူက မသိရှာပါဘူး ချောက်ကြီးနားရောက်လို့ အဘိုးဖြစ်သူကို ပစ်ချမယ်လုပ်တဲ့အခါကျတော့မှ ကလေးငယ်ဟာ ဖခင်ရှေ့ပြေးသွားပြီး အဖေ ဒါဘာလုပ်တာလဲ လို့ အတင်းမေးသတဲ့။ ဒီအခါ သူ့အဖေက “တို့နိုင်ငံရဲ့ထုံးစံအတိုင်း တအားမအိုခင်မ မင်းအဘိုးကိုသတ်တာလို့ ဖြေသတဲ့။” ဒီတော့ သားငယ်က တစ်ခွန်းပြန်ပြောလိုက်သတဲ့။ ဒီစကားကြောင့် သူဟာ သူ့အဖေကို မသတ်ဖြစ်တော့ဘဲ အိမ်ကို ပြန်ခေါ်လာခဲ့သတဲ့။ သူ့သားလေးပြောလိုက်တဲ့စကားက –

“ကျွန်တော်ကြီးလာရင်းလည်း အဖကို ဒီလိုပဲ ပြန်သတ်ရမယ်ဆိုတာ နားလည်သွားပြီ” တဲ့။

“ကျောက်ဆင်းတုအကြောင်း ဆက်ပါအုန်းဘုရား။”

“ဆက်ရရင် ကျောက်ဆင်းတုကို လူပုဂ္ဂိုလ်တွေ မကိုးကွယ်ကောင်းဘူး။ ကိုးကွယ်ရင် ခိုက်မယ်ဆိုတဲ့ စကားဟာ ဘယ်ဘုရားဟောကျမ်းဂန်မှာမှ မရှိဘူး။ ဒါ့ကြောင့် ကျမ်းဂန်လွတ် ထင်ရာပြောကြတဲ့စကားဖြစ်လို့ ဘာမှ အလေးထားစရာ မလိုဘူး။ ဒါက ပထမသုံးသပ်ချက်ပေါ့။”

“ဒုတိယ သုံးသပ်ချက်က ကျောက်ဖြစ်စေ၊ ကြေးဖြစ်စေ သစ်သားဖြစ်စေ ဘယ်ဆင်းတုကိုပဲ ကိုးကွယ် ကိုးကွယ် ကြည်ညိုတဲ့သဒ္ဓါစိတ်နဲ့ ကိုးကွယ်ကြတာချည်းပဲ။ ကဲ – ဦးအာဒိစ္စ ဖြေစမ်းပါ။ ကြည်ညိုတ သဒ္ဓါစိတ်ဟာ ကုသိုလ်လား၊ အကုသိုလ်လား”

ကုသိုလ်ပေါ့ ဘုရား။”

“ကုသိုလ်ဆိုရင် ကောင်းကျိုးပေးမလား။ ဆိုးကျိုး ပေးမလား။”

ကောင်းကျိုးပဲ ပေးမှာပေါ့ ဘုရား။”

“ဒါဆိုရင် ရှင်းနေပြီးပဲ။ ဒီလောက်ရှိနေတာကို ရှုပ်သွားအောင် “ကျောက်ဆင်းတုကိုးကွယ်ရင် ခိုက်မယ် ဆိုတဲ့စကား” ကို ဘယ်သူတွေ ထွင်လိုက်တာလဲ ဆိုတာကို စဉ်းစားရမယ်။ ဦးအာစ္စိ စဉ်းစားမကြည့်ဖူးဘူးလား”

“မစဉ်းစားဖူးဘူး ဘုရား။”

“အဲဒီလို မစဉ်းစားတဲ့အတွက်ကြောင့် သာသနာကို ဖြိုဖျက်ချင်တဲ့သူတွေရဲ့ သပ်လျှိုသွေးခွဲစကားကို ဦးအာစ္စိ ယုံမိတာပေါ့။”

“သာသနာကို ဖြိုဖျက်ချင်တဲ့သူတွေရဲ့ သပ်လျှိုသွေးခွဲစကား ဟုတ်လား ဘုရား။”

“ဟုတ်တယ်။ ဗုဒ္ဓဘာသာကို ဖျက်ဆီးချင်တဲ့သူတွေက ပြောင်ပြောင်တင်းတင်းဖျက်ဆီးလို့ မရမှန်းသိတော့ ပရိယာယ်နည်းနဲ့ ဗုဒ္ဓကို မကိုးကွယ်ဖြစ်အောင် “လှန့်လုံး” သွင်းပေးလိုတာကပဲ။”

“ဒါကို အတွေးအခေါ်မရှိတဲ့ ဗုဒ္ဓဘာသာဝင်အချို့က ယုံကြည်လက်ခံပြီး ထပ်ဆင့်ဝါဒဖြန့်ရာကနေ လူပုဂ္ဂိုလ်တွေ ကျောက်ဆင်းတု မကိုးကွယ်ရ ဆိုတဲ့ ၀ါဒဟာ ခေတ်စားလာတာပဲ။”

“ဒါဆိုရင် တပည့်တော်တောင် အတွေးအခေါ်မရှိတဲ့သူ ဖြစ်နေပြီပေါ့ ဘုရား။”

“အမှန်ပဲပေါ့။ ဦးအာဒိစ္စတို့လို ဘာသာရေးခေါင်းဆောင် ရဟန်တော် (အချို့) ကိုယ်တိုင်က အမြင်မရှင်းမှတော့ စာပေဘာမှမရှိတဲ့ ဒကာ ဒကာမတွေ အယူအဆမှားမှာကတော့ ပြောစရာ မရှိတော့ဘူး”

ယာဒိယံ ၀ပ္ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။

ချိုသောမျိုးစေ့ကို စိုက်ပျိုးသောသူသည် ချိုသောအသီးကို စားရ၏။

ခါးသောမျိုးစေ့ကို စိုက်ပျိုးသောသူသည် ခါးသောအသီးကို စားရ၏။

ထို့အတူ ကောင်းသောကုသိုလ်အမှုကို ပြုလေ့ရှိသောသူသည် ကောင်းသောအကျိုးကို ခံစားရ၏။

မကောင်းသော အကုသိုလ်အမှုကို ပြုလေ့ရှိသောသူသည် မကောင်းသောအကျိုးကို ခံစားရ၏။

အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော “ထေရ၀ါဒ မှတ်ကျောက်” စာအုပ်။

This entry was posted in ထေရ၀ါဒ မှတ်ကျောက်. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s