ဆင်းခံ မြင်းခံ ဘုရား ပြဿနာ

“ဆင်းခံ မြင်းခံ ဘုရား ပြဿနာ”

ဘာသာရေးနှင့် ပတ်သက်သော အပြုအမူ ဆောင်ရွက်ချက်များကို ထေရ၀ါဒဗုဒ္ဓအလိုကျ ဟုတ် မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခုရှိ၏။

ထိုမှတ်ကျောက်ကား – ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာကုန်ကြောင်းဖြစ်လျှင် ထေရ၀ါဒ စစ်မှန်၏။

ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတိုးပွားကြောင်း ဖြစ်လျှင် ထေရ၀ါဒမဟုတ်။ ဗြဟ္မဏ၀ါဒ (မဟာယာန၀ါဒ) ဟု မှတ်ရမည်။

ယခုခေတ်တွင် ဂိုဏ်းဆရာနှင့် ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဆင်ခံဘုရား၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏။ ထိုထက်ပိုပြီး ဘက်စုံကြီးပွားချမ်းသာလိုသူများကား ဆင်စီး၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏။

  • ကြည်ညိုသော သဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်း ဖြစ်သော်လည်း သင့်တော်၏ / မသင့်တော်ကို နှိုင်းချိန်စဉ်းစားသင့်၏။
  • ထေရ၀ါဒနှင့် ညီ၏/ မညီ၏ကိုလည်း ဆန်းစစ်သင့်၏။

ထိုပုံကို ထုလုပ်ကိုးကွယ်သူများသည် သက်တော်ထင်ရှားဘုရားရှင်ကို တိရစ္ဆာန်ဖြစ်သော ဆင်ပေါ်မြင်းပေါ်သို့ တက်ထိုင်ခိုင်းဝံ့သည်အထိ ဂါရ၀၊ နိဝါတ နည်းပါးနိုင်ကြမည်လော။ ဤသို့ ဆန်းစစ်ကြည့်လိုက်လျှင် တိရစ္ဆာန်တွေအပေါ် ထိုင်နေသော ဗုဒ္ဓရုပ်တော်များကို မထုလုပ်သင့်ကြောင်း ထင်ရှား၏။

ထိုရုပ်ထုကို ထုခြင်းသည် သူတစ်ပါးထက် စီးပွားတက်ဖို့ ဖြစ်၏။ စီးပွားတက်လိုသော စိတ်သည် လောဘစိတ် ဖြစ်၏။ စီးပွားတက်လိုသော စိတ်သည် လောဘစိတ်ဖြစ်၏။ စီးပွားရေးလုပ်ရင်းလောဘဖြစ်သည်မှာ သဘာဝကျ၏။ သို့သော် ဗုဒ္ဓရုပ်ပွားတော်ကို အကြောင်းပြုပြီး လောဘဖြစ်နေသည်ကား သဘာဝမကျပါ။

ဗုဒ္ဓသည် လူသားများ လောဘ၊ ဒေါသ၊ မောဟကုန်ရာ နိဗ္ဗာန်သို့ ရောက်စေရန်အတွက် ပွင့်တော်မူလာခြင်း ဖြစ်၏။

ဤသို့ ဆန်းစစ်ကြည့်လိုက်လျှင် ဆင်းခံ မြင်းခံစသော ဘုရားပုံများထုလုပ်ခြင်းသည် လောဘပွားစီးဖို့အတွက်သာ ဖြစ်သောကြောင့် ထေရ၀ါဒနှင့် မညီ ဟုလည်း သိသင့်၏။

သရက်တောတိုက်၊ ဖျာပုံတိုက်သစ်ဆရာတော်သည် အထက်ပါပြဿနာမျိုးကို သဘာဝကျကျ ရှင်းလင်းပေးတော်မူဖူး၏။

ဆရာတော် ပြုစုရေးသားသော သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း တွင် အကျယ် ဖတ်ရှုနိုင်ပါ၏။ ဤ၌ကား အကျဉ်းကို ရေးသားပါမည်။ – တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူကို ကုလားလူမျိုးတစ်ဦးက လာလှူ၏။ ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံဖြစ်၏။

ဆူးလေဘုရားဂေါပကအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တစ်ခါမှ မတွေ့ဖူးသဖြင့် ဘုရားပေါ်တွင် အပူဇော်ခံထားသင့်/ မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏။ ထို့ကြောင့် ဆူးလေစေတီတော် သြ၀ါဒါစရိယဆရာတော်ကြီးများကို ပင့်ဖတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏။

ဖျာပုံတိုက်သစ်ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြ၀ါဒါစရိယဆရာတစ်ပါးပင်ဖြစ်၏။ ကျန်အဆရာတော်များက “အပူဇော်ခံထားလိုက်ပါ။ တခြား ဆင်ခံဘုရား၊ မြင်းခံဘုရားတို့တောင် ရှိနေပြီဟာပဲ။ အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်း မဟုတ်တော့ပါဘူး” ဟု မိန့်တော်မူကြ၏။

ဖျာပုံတိုက်သစ်ဆရာတော်က ကျမ်းဂန်နှံ့စပ်တော်မူလှည့်အပြင် စာရေးဆရာတိုင်း လက်မလွှတ်တမ်း အသုံးပြုနေရသည့် သုတေသန သရုပ်ပြအဘိဓာန် ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိဝံသ ထံသို့ ရဟန်းပရိသတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်လို ရောက်သွားကြ၏။

ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။ “ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ် –

ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်ကို ကြည့်လိုက်တဲ့အခါ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်တောင်စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။ မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင် ဝေးဝေး ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျှင်ကြွတာပဲ များပါတယ်။ ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူးဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ ကြွပါတယ်။

တိရစ္ဆာန်ပေါ်ကို တက်စီးဖို့ မပြောနဲ့။ တိရစ္ဆာန် ကထားတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ်။

မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ်။

ဒီလို အာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တ၀ါအားလုံးပေါ်မှာ အညီအမျှထားတော်မူတဲ့ “မဟာကရုဏာတော်” ကြောင့်ပဲ ဖြစ်ပါတယ်။ ရိုးရိုးကရုဏာ မဟုတ်ပါဘူး။ “မဟာတပ်ထားတဲ့ ကြီးကျယ်တဲ့ ကရုဏာ” ပါ။ ဒီ မဟာကရုဏာကြီးကြောင့်ပဲ လေးသင်္ချေ ကမ္ဘာတစ်သိန်း ကြာအောင် အဆင်းရဲအပင်ပန်းခံပြီး ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တာပါ။

ဒီမဟာကရုဏာတော်ကြီးကို အလေးဂရုမပြုလို့ မရပါဘူး။ တိရစ္ဆာန်စီးနေတဲ့ ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်းအားဖြင့် မြတ်စွာဘုရားရဲ့သတ္တ၀ါတိုင်းအပေါ်ထားတဲ့ ဟာကရုဏာတော်ကို ထိခိုက်စော်ကားရာရောက်ပါတယ်။

ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကို ကြည့်ပြီး ဗုဒ္ဓဟာ သတ္တ၀ါအားလုံးအပေါ်မှာ သနားကရုဏာရှိတယ်လည်း ပြောသေးတယ်။ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား ဆိုတဲ့ မေးခွန်းနဲ့ ထောက်ပြလာနိုင်ပါတယ်။

ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊ သမင်ခံတဲ့ ရုပ်ပွားမျိုးတွေ အတောမသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံတဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံ မထားဖို့ ပြောကြားလိုပါတယ်။”

ဆရာတော်၏ သဘာဝကျလှသော သြ၀ါဒကြောင့် ဂေါပကလူကြီးများသည် ဥဒေါင်းကို ဖယ်ထားပြီး ရုပ်ပွားတော်ချည်း သက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။

အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော “ထေရ၀ါဒ မှတ်ကျောက်” စာအုပ်။

This entry was posted in ထေရ၀ါဒ မှတ်ကျောက်. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s