ရယ်ပြသော ရုပ်ပွားတော်

ရယ်ပြသော ရုပ်ပွားတော်”

၁၉၉၈ ခုနစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီး တစ်ဦးသည် အသိမိတ်ဆွေ အိမ်တစ်အိမ်တွင် ရယ်လည်း ရယ်၊ မျက်စိလည်း ဖွင့်ပြသော ရုပ်ပွားတော်တစ်ဆူ ပင့်ထားသည်။ ယင်းရုပ်ပွားတော်အား ဆရာတော်ဖူးမြှောင်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့် ဗဟုသုတ ရအောင် လိုက်သွားခဲ့၏။ ပင့်ထားသောအိမ်ကား သူဌေးအိမ်ပင် ဖြစ်၏။ ဘုရားပုံတော်ကို ကြည့်လိုက်သောအခါ “ဒက္ခိဏသာခါ” ပုံပင် ဖြစ်နေ၏။ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားတို့ဖြင့် စီခြယ်ထားလိုက်သည်မှာလည်း ဘုရားပုံတော်ပင် ပျောက်လုခမန်း ဖြစ်နေ၏။ ပင့်သူများကလည်း ထိုသို့ အဖိုးတန်ပစ္စည်းများများပါမှ ဂုဏ်ယူဝင့်ကြွားစွာ သူ့ထက်ငါ ပင့်ကြ၏။ ထို့ကြောင့် လူပင့်များသော ရုပ်ပွားမှန်သမျှတွင့် ရတနာများ ညွတ်နေအောင် ဆင်ထားခြင်း ဖြစ်၏။ အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲပေးထားခြင်း ဖြစ်၏။

ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးစွဲသလို တပည့်ရဟန်းများကိုလည်း မသုံးစွဲရပါ။

ထိုသို့ ရွှေ၊ ငွေကို ပယ်ထားသော ဗုဒ္ဓရုပ်ပွားအား ရွှေ၊ ငွေများ ညွတ်နေအောင် ဆင်ခြင်းသည် မည်သို့မျှ မသင့်တော်နိုင်ပေ။ ယခုကဲ့သို့ သိပါလျက် ရတနာများကို ဆက်လက်ဆင်မြန်းနေကြဦးမည်ဆိုလျှင် ဗုဒ္ဓ္ဓကရုက – ဘုရားကို အလေးထားခြင်း မဟုတ်တော့။

လာဘကရုက – လာဘ်လာဘကို အလေးထားခြင်း သာဖြစ်၏။

ဗုဒ္ဓကရုကသည် ဘုရားကို ကြည်ညိုသော သဒ္ဓါဓာတ် (ကုသိုလ်တရား) သာ ဖြစ်၏။ လာဘကရုကကား လာဘ်ကို လိုချင်သော လောဘဓာတ် (အကုသိုလ်) သာ ဖြစ်၏။ ရုပ်ပွားပိုင်ရှင်များသည် လောဘစသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင်လောဘကင်းအောင် ကြိုးစားသင့်၏။ လောဘပွားအောင်ကား မပြုလုပ်သင့်ပေ။

စာရေးသူတို့သည် ရုပ်ပွားတော်ကို သုံးနာရီခန့်ကြာအောင် ထိုင်ဖူးသော်လည်း ရုပ်ပွားကား ရယ်လည်း မရယ်။ ပြုံးလည်း မပြပေ။ ထို့ကြောင့် ရုပ်ပွားနှင့်အတူ ပါလာသော ဥပါသကာကို မေးရ၏။

“ဒကာကြီးတို့ ရုပ်ပွားက ဘာမှလည်း လုပ်မပြပါလား”

“ဒီလိုရယ်တာ မျက်စိဖွင့်တာက အိမ်တိုင်းမှာတော့ မဖြစ်ဘူး ဘုရား။ တချို့အိမ်မှာပဲ ဖြစ်တာပါ ဘုရား။”

“ဒကာကြီးရေ၊ ဦးပဉ္ဇင်းတို့ ကြားဖူးထားတာက – ဥံဌာညွန်ညစ်၊ ကျွံနစ်ဟိန္ဒဂူ

သားချစ်ရာဟု၊ မျှော်ရှုပုံတူ

ကြည်းကုန်းထက်သို့၊ ဆွဲလျက်တင်သူ

ကျွန့်ထိပ်ဦး၊ ကွန့်မြူးစံတော်မူ . . . တဲ့။

ဘုရားရှင်ဟာ ဝေနေယျသတ္တ၀ါ မှန်သမျှကို ရင်သွေးရာဟုလာ ကဲ့သို့ တစ်တန်းတစားတည်း မေတ္တာထားတော်မူတာပါ။ ဗုဒ္ဓကို သုံးကြိမ်တိုင်တိုင် သေကြောင်းကြံခဲ့တဲ့ ဒေ၀ဒတ်အပေါ်မှာတောင် မေတ္တာပျက်တော် မမူပါဘူး။

ဒီလိုစိတ်ထားမျှတတော်မူတဲ့ ဘုရားရှင်က ဟိုအိမ်ကျတော့ မျက်လုံးဖွင့်ပြ၊ ဒီအိမ်ကျတော့ ဖွင့်မပြဆိုရင် မျက်နှာလိုက်သလို ဖြစ်မနေဘူးလား။”

စကားအဆုံးတွင် ထိုသူသည် စာရေးသူကို ချိုကြည့်ကြည့်လှမ်းကြည့်လိုက်၏။ စာရေးသူက မမြင်ဟန်ဆောင်ပြီး သည်းခံနေလိုက်၏။ ထိုသူသည် ချိုကြည့်ကြည့်ပြီးသည်နှင့် အပြင်ကို ချက်ချင်းထားသွား၏။ ခဏကြာလျှင် ဗီဒီယိုတစ်ခွေကိုင်ပြီး ပြန်ရောက်လာ၏။ ရင်ကော့ကာ စစ်အောင်နိုင်သူ၏ လေသံမျိုးဖြင့် – ရယ်ပြတာ၊ မျက်စိမှိတ်ပြတာတွေကို ဗီဒီယိုရိုက်ထားတာ ရှိပါတယ်။ အရင်ပင့်တဲ့အိမ်က ကြည့်မပြီးသေးဘူးဆိုလို့ ချက်ချင်းယူမလာတာပါ။ အခုယူခဲ့ပါပြီ။ ကြည့်ပါ ဟု ဆိုပြီး အခွေကို ထည်းလိုက်၏။

ခဏကြာလျှင် ထူးမခြားနား သီချင်းသိနှင့်အ တူ ဘုရားဘွဲ့တော် အပူဇော်ခံရာမြို့၊ ရပ်ကွက်၊ အိမ်နံပါတ်နှင့်အတူ ရယ်နေသော ဘုရားပုံတော် ပေါ်လာ၏။ ဗုဒ္ဓရှင်တော်မြတ်သည် ပြုံးရုံသာ ပြုံးတော်မူလေ့ရှိ၏။ အော်ဟစ်ရယ်မောခြင်း၊ မျက်ရည်ထွက်အောင် ရယ်ခြင်း၊ ရှေ့ထိုးနောက်လန် ရယ်ခြင်း ဟူသော လူညံ့ရယ်ခြင်းမျိုးကို မည်သောအခါမျှ ရယ်တော်မမူပေ။

ဗုဒ္ဓ၏ အာဝေဏိကဂုဏ်တော် (၁၈) ပါးတွင် နတ္ထိရ၀ါ- မြူးထူးရယ်မောခြင်း မရှိ ဟူ၍ ပြဆိုထား၏။ ယခုရယ်နေသော ရုပ်ပွားတော်၏ ပါးစပ်သည်ကား ဦးတည်ဘွားပါးစပ်ထက်ပင် ကျယ်ဦးမည်ထင်သည်။ သွားကြီးများပင် ပေါ်နေသည်ကို တွေ့ရ၏။ ဗီဒီယိုကို လှည့်စားပြီး ရိုက်ထားခြင်းသာ ဖြစ်သည်။ လိမ်သောသူသည် မပိယိဖြစ်နေတော့သည်။ မြတ်စွာဘုရား ပြုံးရုံသာ ပြုံးသည် ဆိုသည်ကို သူတို့တတွေ မကြားဖူးသောကြောင့် ပါးစပ်ပြဲပြီး ရယ်သောပုံကို ရိုက်ပြထားခြင်း ဖြစ်၏။

မိနစ်အတော်ကြာသောအခါ မျက်စိဖွင့်သော ပုံပေါ်လာပြန်၏။ တကယ်ဆိုလျှင် ဣနြေ္ဒရရ ဖြစ်အောင် နှစ်ဖက်စလုံးဖွင့်သောပုံ ဖြစ်သင့်၏။ ယခုကား ဘုရားပုံဖြစ်လျက် မျက်လုံးတစ်ဖက်သာ ဖွင့်ထားပြီး တစ်ဖက်က မှိတ်လျက်သာ ဖြစ်၏။ မျက်လုံးတစ်ဖက်မှိတ်ရသော အလုပ်မှာ မည်သူက မည်သူ့ကိုလုပ်ပြခြင်းဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိုင်၏။

မျက်စိတစ်ဖက်ဖွင့်ပြသောပုံကို ရိုက်ပြလိုက်လျှင် မျက်စိတစ်ဖက်မှိတ်ပြသော ကလေးကလားဆန်သောပုံဖြစ်သွားမည်ကို မုသာဝါဒီဗီဒီယိုဆရာက သတိထားမိဟန်မတူပေ။

ကျွန်ုပ်တို့ ကျောင်းသို့ပြန်ရောက်သောအခါ ပင့်သွားသူ အမေငြိမ်းက

“ဆရာတော် အံ့သြစရာ မကောင်းဘူးလား ဘုရား”

“အံ့သြစရာမကောင်းပါဘူး။ စိတ်ပျက်ဖို့ပဲ ကောင်းပါတယ်။”

“ဘာဖြစ်လို့လဲ ဘုရား။”

“ဒကာမကြီး စဉ်းစားကြည့်ပေါ့။ တကယ်အစစ်အမှန်ဆိုရင် ဦးပဉ္ဇင်းတို့ရှေ့မှာတင် ရယ်ပြ၊ မျက်လုံးဖွင့်ပြရမှာပေါ့။ အခုတော့ လုပ်ကြံရိုက်ပြထားတဲ့ ဗီဒီယိုပဲ ပြတယ်။ ဒီကတည်းက လိမ်နေတယ်ဆိုတာ အထင်အရှားပဲ။”

ဒီလိုလိမ်တာကလည်း အလွယ်လေးပါ။ ရုပ်ပွားခေါင်းတော်ကို အရှင်သုံးမျိုး လုပ်ထားရတယ်။

တစ်မျိုးက ရိုးရိုးခေါင်း၊

တစ်မျိုးက ရယ်နေတဲ့ ခေါင်း၊

နောက်တစ်မျိုးက မျက်လုံးပွင့်နေတဲ့ ခေါင်းပေါ့။ ဒါ့ကြောင့် တစ်အိမ် တစ်မျိုး ဖြစ်တာပေါ့။

ဒါဆိုလည်း ဆရာတော် – အိမ်ရှင်တွေကို လိမ်နေတာ ဖြစ်ကြောင်း တစ်ခါတည်း ရှင်းပြခဲ့ရောပေါ့။

လိမ်စားနေတဲ့သူသာ အကုသိုလ်ဖြစ်တာပါ။ အလိမ်ခံရတဲ့သူတွေကတော့ သဒ္ဓါဓာတ်တွေ နိုးကြားတက်ကြွနေကြတော့ ကုသိုလ်တွေပဲ ဖြစ်နေတာပါ။ သူတို့ရဲ့ ဖြစ်ပွားနေတဲ့ကုသိုလ်လေးတွေ ချက်ချင်းပျက်သွားမှာ စိုးလို့ မပြောခဲ့သေးတာပါ။ နောက်တော့ ဒီအကြောင်းကို ဆောင်းပါးရေးဦးမှာပါ။ နောက်ဖြည်းဖြည်းမှ ဒကာမကြီးကိုယ်တိုင်ကလည်း ရှင်းပြလိုက်ဦးပေါ့။

အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော “ထေရ၀ါဒ မှတ်ကျောက်” စာအုပ်။

This entry was posted in ထေရ၀ါဒ မှတ်ကျောက်. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s