ဗြဟ္မစိုရ် လေးပါး

ဗြဟ္မစိုရ် ဆိုတာ ဗြဟ္မစရိယ ဆိုတဲ့ ပါဠကို ပါဠိသက် ဝေါဟာရအဖြစ်နဲ့ မြန်မာမှုပြုထားတာပါ။ မြင့်မြတ်သောအကျင့် လို့ အဓိပ္ပါယ်ရပါတယ်။

ဗြဟ္မစိုရ် လေးပါး
မေတ္တာ – သူတစ်ပါးကောင်းကျိုးကို လိုလားသော သဘော၊
ကရုဏာ – သူတစ်ပါးဆိုးကျိုးကို ဖယ်ရှားပေးချင်တဲ့ သဘော၊
မုဒိတာ – သူတစ်ပါးကောင်းစားနေတာကို ၀မ်းမြောက်တဲ့ သဘော၊
ဥပေက္ခာ – သူတစ်ပါးရဲ့ ကောင်းကျိုး ဆိုးကျိုးဟာ သူတစ်ပါးရဲ့ကောင်းကံ ဆိုးကံအပေါ်မှာပဲ မူတည်တယ်လို့ နှလုံးသွင်း ဆင်ခြင်တဲ့သဘော။

စိတ်နေစိတ်ထား မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တိုင်း အကျင့်တရားလေးပါးကို အစွမ်းရှိသမျှ လက်ကိုင်ထားကျင့်သုံးကြပါတယ်။

မေတ္တာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ –
ကိုယ်နဲ့လည်း သူတစ်ပါးကောင်းကျိုးကို ဆောင်ရွက်ပေး၊
နှုတ်နဲ့လည်း သူတစ်ပါးကောင်းကျိုးဖြစ်မယ့်စကား သူတစ်ပါး စိတ်ချမ်းသာမယ့်စကား ပြောဆိုပေး၊
စိတ်နဲ့လည်း သူတစ်ပါးကောင်းကျိုးရစေကြောင်း၊ သူတစ်ပါး စိတ်ချမ်းသာစေကြောင်း ဆုတောင်မေတ္တာပို့သပေးရပါတယ်။
ကာယကံမေတ္တာ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာ ဆိုတဲ့ မေတ္တာသုံးမျိုးလုံးပြည့်စုံမှ မေတ္တာဗြဟ္မစိုရ်ကျင့်သုံးရာ ရောက်ပါတယ်။

ကရုဏာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ –
ကိုယ်နဲ့လည်း သူတစ်ပါးဒုက္ခလွတ်အောင် ဖြေရှင်းစောင့်ရှောက်ပေး၊
နှုတ်နဲ့လည်း သူတစ်ပါးဒုက္ခလွတ်အောင် ဖြေရှင်းစောင့်ရှောက်ပေး၊
စိတ်နဲ့လည်း သူတစ်ပါးဒုက္ခလွတ်စေကြောင်း ဆုတောင်ကရုဏာပို့သပေးရပါတယ်။
ကာယကံကရုဏာ ၀စီကံကရုဏာ၊ မနောကံကရုဏာ ဆိုတဲ့ ကရုဏာသုံးမျိုးလုံးပြည့်စုံမှ ကရုဏာဗြဟ္မစိုရ်ကျင့်သုံးရာ ရောက်ပါတယ်။

မုဒိတာဗြဟ္မစိုရ် ကျင့်သုံးတဲ့သူဟာ –
ကိုယ်နဲ့လည်း သူတစ်ပါးကြီးပွားသည်ထက် ကြီးပွားအောင် ကူညီဆောင်ရွက်ပေး၊
နှုတ်နဲ့လည်း သူတစ်ပါးကြီးပွားသည်ထက် ကြီးပွားအောင် ကူညီဆောင်ရွက်ပေး၊
စိတ်နဲ့လည်း သူတစ်ပါးကြီးပွားသည်ထက် ကြီးပွားစေကြောင်း ဆုတောင်မုဒိတာ ပို့သပေးရပါတယ်။
ကာယကံမုဒိတာ ၀စီကံမုဒိတာ၊ မနောကံမုဒိတာ ဆိုတဲ့ မုဒိတာသုံးမျိုးလုံးပြည့်စုံမှ မုဒိတာဗြဟ္မစိုရ်ကျင့်သုံးရာ ရောက်ပါတယ်။

တခါတရံမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဘယ်လိုမှအကူအညီပေးလို့ မရတော့တဲ့ကိစ္စမျိုးတွေ၊ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ဘာမှအကူအညီပေးမနေတော့ဘဲ ကံတရားအတိုင်းပါပဲ။ ကံစီမံသလို ဖြစ်ရတာပါပဲ။ သူအခါဖြစ်ရတာ သူ့ရဲ့ကံတရားကြောင့်ပဲ လို့ ကံ ကံရဲ့အကျိုးကို နှလုံးသွင်းဆင်ခြင်ပြီး စိတ်အေးချမ်းတည်ငြိမ်အောင် နေတတ်ရပါတယ်။ ဒါဆိုရင် ဥပေက္ခာဗြဟ္မစိုရ်ကို ကျင့်သုံးရာ ရောက်ပါတယ်။

မေတ္တာပဲ ပွားပွား၊
ကရုဏာပဲ ပွားပွား၊
မုဒိတာပဲ ပွားပွား၊
ဥပေက္ခာနဲ့ တွဲပွားမှ ပြည့်စုံနိုင်ပါတယ်။

ဥပေက္ခာမပါတဲ့ မေတ္တာ၊
ဥပေက္ခာမပါတဲ့ ကရုဏာ၊
ဥပေက္ခာမပါတဲ့ မုဒိတာဟာ စစ်မှန်ပြည့်ဝတဲ့ စိတ်အေးချမ်းမှုကို မပေးဘဲ လမ်းကြောင်းကွေ့ကောက် အစွန်းရောက်သွားတတ်ပါတယ်။

မေတ္တာထားရာ မေတ္တာပွားရာမှာ ဥပေက္ခာမပါရင် မေတ္တာဟာ ရာဂဘက် အစွန်းရောက်သွားတတ်ပါတယ်။ 
ကရုဏာထားရာ ကရုဏာပွားရာမှာ ဥပေက္ခာမပါရင် ကရုဏာ ဟာ ဒေါသဘက် အစွန်းရောက်သွားတတ်ပါတယ်။
မုဒိတာထားရာ မုဒိတာပွားရာမှာ ဥပေက္ခာမပါရင် မုဒိတာဟာ မာနဘက် အစွန်းရောက်သွားတတ်ပါတယ်။

အစွန်းရောက်သွားတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာဟာ ကာယကံရှင်ကို ငြိမ်းအေးချမ်းမြေ့မှုတွေ မပေးဘဲ စိုးရိမ်ပူပန်မှု သောက၊ ၀မ်းနည်းပူဆွေး ငိုကြွေးမှု ပရိဒေ၀၊ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ၊ အပြင်းအထန်ပူပန်မှု ဥပါယာသတွေပဲ ပေးပါလိမ့်မယ်။

မေတ္တာနဲ့ ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း သူရတာ မဟုတ်။ သူ့ကံရှိမှ သူရတာ။
ကရုဏာနဲ့ ကိုယ်ဆင်းရဲလွတ်စေချင်တိုင်းလည်း သူလွတ်တာ မဟုတ်။ သူကံရှိမှ သူလွတ်တာ။
မုဒိတာနဲ့ ကိုယ်ချမ်းသာ မြဲစေချင်တိုင်းလည်း သူမြဲတာ မဟုတ်။ သူ့ကံရှိမှ သူမြဲတာလို့ သူနဲ့ကံတရား၊ ကံတရားနဲ့သူ အကြောင်းအကျိုးဆက်စပ်ပြီးလည်ပတ်နေတာကို အမြဲဆင်ခြင်ဉာဏ်သက်ဝင်ပြီး ထာဝစဉ် ကံသတိ၊ ကံအသိ ရှိနေမယ်ဆိုရင် ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့ မကျေမနပ်ဖြစ်ရတာတွေ၊ ၀မ်းနည်းပန်းနည်း စိတ်ဆင်းရဲရတာတွေရှိမှာ မဟုတ်တော့ပါဘူး။

မေတ္တာနဲ့ “ကူ” နိုင်တဲ့ ကိစ္စ ကူပါ။
ကရုဏာနဲ့ “ထူ” နိုင်တဲ့ ကိစ္စ ထူပါ။
မုဒိတာနဲ့ “လူ” နိုင်တဲ့ ကိစ္စ လူပါ။

မကူနိုင်၊ မထူနိုင်၊ မလူနိုင်တဲ့ကိစ္စမျိုးတွေ၊
ကူတိုင်းမဖြစ်
ထူတိုင်း မဖြစ်
လူတိုင်း မဖြစ်တဲ့ ကိစ္စမျိုးတွှေမှာတော့ “ကူ” မနေပါနဲ့။ “ထူ” မနေပါနဲ့။ “လူ” မနေပါနဲ့။

“ကူ”၊ “ထူ” ၊  “လူ” နေရင် “ပူ” ရုံ ၊ “ငူ” ရုံ၊ “ဆူ” ရုံ၊ “ညူ” ရုံ ပဲ ရှိပါလိမ့်မယ်။  သူ့ထိုက်နဲ့ သူ့ကံပဲလို့ ကံတရားဘက်ကိုပဲ မျက်နှာ “မူ” နေလိုက်ပါတော့။

သတ္တ၀ါတွေရဲ့ ကိုယ်ပိုင်ဥစ္စာဟာ ကံတရားပဲ။
ကောင်းကံ ပြုခဲ့ရင် ကောင်းကျိုးရမယ်။ ဆိုးကံပြုခဲ့ရင် ဆိုးကျိုးရမယ်။
ကောင်းကံ ကြောင့် ကောင်းကျိုး စံစားရမယ်။
ဆိုးကံကြောင့် ဆိုးကျိုး ခံစားရမယ်။

ကံ သာ အမိ၊
ကံ သာ အဖ၊
ကံ သာ မိတ်ဆွေ၊
ကံ သာ ဆွေမျိုး လို့
ကံနဲ့ သတ္တ၀ါ၊
သတ္တ၀ါနဲ့ ကံ မကွဲမပြား တစ်သားတည်း ဖြစ်နေတာကို အမြဲမပြတ် သုံးသပ်ဆင်ခြင်နေတာဟာ ဗြဟ္မစိုရ်ဥပေက္ခာကို ပွားများနေတာပါပဲ။

ဗြဟ္မစိုရ်ဥပေက္ခာ ပွားများခြင်းကြောင့်
အကုသိုလ်ကံတွေကို ရှောင်ကြဉ်ချင်တဲ့စိတ်၊
ကုသိုလ်ကံတွေကို ပြုလုပ်ချင်တဲ့ စိတ် ထက်သန်လာပါတယ်။

ထက်သန်လာတဲ့အတိုင်းလည်း ရှောင်ကြဉ်ဖြစ်၊ ပြုလုပ်ဖြစ်လို့ အကုသိုလ်ကံတွေနည်းပါးပြီး ကုသိုလ်ကံတွေ တိုးပွားလာပါတယ်။
ကိုယ်ခံစားခွင့်မရှိတဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားချင်တဲ့စိတ်လည်း ဆိတ်သုဉ်းသွားပါတယ်။ ကိုယ်မရနိုင်တဲ့ အခွင့်အရေးတွေကို မျှော်လင့်တောင့်တနေတာမျိုးလည်း ကင်းရှင်းသွားပါတယ်။ ကိုယ့်ဘ၀ရဲ့အဆင်မပြေမှု၊ ကိုယ့်အသိုင်းအ၀ိုင်းရဲ့အဆင်မချောမှုတွေနဲ့ တွေ့ကြုံလာတဲံအခါမှာလည်း စိတ်အေးချမ်းတည်ငြိမ်အောင် နေထိုင်နိုင်လာပါတယ်။ အကောင်းအဆိုး ဘယ်လောကဓံမျိုးကို မဆို အပြုံးမပျက် ခံနိုင်ရည်ရှိလာပါတယ်။

အညွန်း – အရှင်ဆန္ဒာဓိက ရေးသားတော်မူသော မြင့်မြတ်သောဥပေက္ခာ လက်ကမ်းစာအုပ်။

 

 

 

 

This entry was posted in ကောက်နှုတ်မှုများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s