ကြီးပွားကြောင်းတရား

အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်၊ ဒီဃဇာဏုသုတ် ၌ အခါတပါးက ဗုဒ္ဓသည် ကောလိယတိုင်း ကက္ကရပတ္တအမည်ရှိ နိဂုံးရွာ (တံတိုင်းမရှိ ဈေးသာရှိသော) ၌ သီတင်းသုံးတရားပြတော်မူစဉ် ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားသည် ဘုရားရှင်ကို ရိုသေစွာရှိခိုးပြီး ယခုလိုလျှောက်ထား၏။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… တပည့်တော်တို့သည် အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခံစားကြသောလူတို့ဖြစ်ခြင်းကြောင့် သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိပ်စက်ရာနေရာတို့၌ နေကြရပါကုန်၏။ ကာသိတိုင်း၌ဖြစ်သော စန္ဒကူးနံ့သာတို့ကို သုံးစွဲနေကြပါကုန်၏။ ပန်းနံ့သာ နံ့သာပြောင်းတို့ကိုလည်း ပန်ဆင်သုတ်လိမ်းနေကြပါကုန်၏။ ရွှေ ငွေ နှင့် အခြားသောပစ္စည်းဥစ္စာရတနာတို့ကိုလည်း သာယာကိုင်တွယ်နေကြပါကုန်၏။ ထို့ကြောင့် ပစ္စုပ္ပုန်၌လည်း ကြီးပွားချမ်းသာ၊ တမလွန်၌လည်း ကြီးပွားချမ်းသာကြောင်းတရားကို ဟောကြားတော်မူပါဘုရား။”

ဗုဒ္ဓလည်း သူအလိုရှိသည့်အတိုင်း ကြီးပွားကြောင်းတရားကို ဟောကြားတော်မူခဲ့၏။

ပစ္စုပ္ပုန် ကြီးပွားချမ်းသာကြောင်းတရားလေးပါး
၁) ဥဋ္ဌာနသမ္ပဒါ – ထကြွလုံ့လ၀ီရိယဖြင့် ဥစ္စာစည်းစိမ်ကို ရှာဖွေရမည်။ ဤ ဥဋ္ဌာနသမ္ပဒါ၌ အင်္ဂါငါးချက်ရှိသည်။
  – မိမိ၏ စီးပွားရေးလုပ်ငန်း၌ ကျွမ်းကျင်လိမ္မာခြင်း၊
  – မပျင်းမရိ ထကြွလုံ့လ၀ီရိယရှိခြင်း၊
  – လုပ်ငန်း၌ စူးစမ်းဆင်ခြင်နိုင်သော ဉာဏ်ပညာရှိခြင်း၊
  – ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်း၊
  – ဦးစီးဦးဆောင်ပြု၍ စီမံညွှန်ကြားနိုင်ခြင်း။

လုပ်ငန်းအောင်မြင်လိုသူတိုင်း ကျင့်သုံးရမည့် ဘာဝနာလေးချက်ရှိ၏။ ၎င်းတို့မှာ –
1)  စိရကာလဘာဝနာ – ကြာမြင့်စွာပြုလုပ်ခြင်း၊
2) နိရန္တရ ဘာဝနာ – မပြတ်ပြုလုပ်ခြင်း၊
3) နိရ၀သေသဘာဝနာ – အစွမ်းကုန်ပြုလုပ်ခြင်း၊
4) သက္ကစ္စဘာဝနာ – လုပ်ငန်းအပေါ်လေးစားစွာ ပြုလုပ်ခြင်း။
ဤလေးချက်ဖြင့် ပါရမီဆယ်ပါးကို ကြိုးစားအားဖြည့်ကြသောကြောင့် အလောင်းတော်များသည် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ကြခြင်းဖြစ်၏။

ရွှေရည်နို့ဆီ ကို တည်ထောင်ခဲ့သော ဦးလှအောင်၏ ကိုယ်တွေ့ပြောကြားခဲ့ပုံများမှ မှတ်သားဖွယ်ရာများကို အကျဉ်းချုပ်၍ ပြန်လည်ကောက်နှုတ်ပါသည်။ (အကျယ်အားဖြင့် – အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော မေတ္တာဖြင့်စီးပွားရှာနည်း စာမျက်နှာ ၁၉ တွင် ဖတ်ရှုနိုင်ပါသည်။)
“ကိုယ်ကျင့်သီလဆိုတာ ဆင်းရဲသားများရဲ့ အကောင်းဆုံး အရင်းနှီး။
ဥစ္စာစည်းစိမ် ဆင်းရဲလို့ အပါယ်မကျ။
ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျသည်။”

“လူတစ်ယောက် ကြီးပွားတိုးတက်အောင် ဂြိုဟ်တွေ၊ နက္ခတ်တွေ၊ ယတြာတွေက ပြုလုပ်မပေးနိုင်ပါဘူး။
စေတနာကောင်းတဲ့ ကံ။
စူးစမ်းဝေဖန်တဲ့ ဉာဏ်၊
အားထုတ်ကြိုးစားတဲ့ ၀ီရိယ၊” ဒီသုံးပါးကသာ လူတစ်ယောက်ကြီးပွားတိုးတက်အောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ တပည့်တော် ကိုယ်တွေ့ပါ။

 

၂) အာရက္ခသမ္ပဒါ – မကုန်သင့်တာ မကုန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည့်စုံရမည်။
မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ဟူသော ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင် စောင့်ရှောက်ရသကဲ့သို့ ဥစ္စာကြေးငွေကို စည်းကမ်းတကျသုံးစွဲခြင်းဖြင့် မကုန်သင့်တာ မကုန်အောင်လည်း စောင့်ရှောက်ရ၏။ အသုံးနှင့် အဖြုန်းတွင် အသုံးသာရှိ၍ အဖြုန်းမရှိလျှင် ကြီးပွားတိုးတက်မည်သာ ဖြစ်၏။ အသုံးဟူသည်မှာ စားဝတ်နေရေးအတွက် မ၀ယ်မဖြစ်၍ အသုံးဟူသည်မှာ မ၀ယ်ဘဲဖြစ်လျှက် ဂုဏ်တုဂုဏ်ပြိုင်လုပ်လို၍ ၀ယ်ယူခြင်းသည် အဖြုန်းဟု ခွဲခြားနိုင်၏။

ပစ္စည်းဥစ္စာ ကြာမြင့်စွာတည်တံ့ခြင်း အကြောင်းလေးပါး
– ပျောက်သော ပစ္စည်းဥစ္စာကို ရှာဖွေခြင်း၊
– ဟောင်းနွမ်းသော ပစ္စည်းကို ပြုပြင်ခြင်း၊
– အတိုင်းအရှည် ပမာဏကို ချင့်ချိန်၍ စားသောက်သုံးဆောင်ခြင်း၊
– အကျင့်သီလနှင့်ပြည့်စုံသော မိန်းမကိုဖြစ်စေ၊ ယောကျာ်းကိုဖြစ်စေ အကြီးအကဲ ဘဏ္ဍာစိုး အရာ၌ ထားရှိခြင်း။

(ပစ္စည်းဥစ္စာ ကြာမြင့်စွာ မတည်တံ့ခြင်း အကြောင်းလေးပါးကို အပြန်အားဖြင့် သိနိုင်၏။)

အခါတစ်ပါးက အရှင်အာနန္ဒာမထေရ်သည် နောက်ပါရဟန်းငါးရာနှင့်အတူ ကောသမ္ဗီပြည်သို့ ကြွတော်မူ၏။ ကောသမ္ဗီပြည်သို့ရောက်သောအခါ ဥတေနမင်းကြီးဥယျာဉ်အနီးသစ်ပင်ရင်းတစ်ခု၌ သီတင်းသုံးတော်မူ၏။ မောင်းမံမိဿံများက အရှင်အာနန္ဒာမထေရ်ကိုဖူးမျှော်ရန် ဥတေနမင်းကြီးအား လျှောက်ထားပြီး ခွင့်ပြုချက်ရယူကာ အရှင်အာနန္ဒာမထေရ်တရားနာကြားရသဖြင့် သဒ္ဓါကြည်ညိုကာ အပေါ်ရုံတဘက်ငါးရာကို လှူဒါန်းပြီး ပြန်လာကြ၏။ ဥတေနမင်းကြီးသည် အပေါ်ရုံတဘက်ငါးရာကို လှူခဲ့သည်ကို သိသောအခါ အရှင်အာနန္ဒာသည် အဘယ့်ကြောင့်တပါးတည်းဖြစ်လျက် တဘက်ငါးရာလုံးကို အလှူခံရသနည်း။ အရှင်အာနန္ဒာသည် အထည်ကုန်သွယ်ခြင်းကိုလည်း ပြုအံ့လော။ အထည်ဆိုင်ကိုလည်း ဖွင့်အံ့လောဟု ရှုတ်ချပြောဆိုကာ အရှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီး ယခုကဲ့သို့ မေးမြန်းလေ၏။
“အရှင်အာနန္ဒာ၊ ဤအရပ်သို့ တပည့်တော်၏ မောင်းမမိဿံများ လာရောက်ပါသလော။”
“မင်းကြီး၊ သင်၏ မောင်းမမိဿံများ ဤအရပ်သို့ လာရောက်ကြပါကုန်၏။”

“အရှင်အာနန္ဒာအား တစ်စုံတစ်ခုကို ပေးလှူကြကုန်လော။”
“မင်းကြီး၊ အပေါ်ရုံတဘက်ငါးရာကို ပေးလှူကြကုန်၏။”

“အရှင်အာနန္ဒာ ဤမျှများသော တဘက်ငါးရာကို မည်သို့ အသုံးပြုပါသနည်း။”
“မင်းကြီ၊ သင်္ကန်းရှားပါးသော ရဟန်းတို့နှင့်အတူ ခွဲဝေသုံးစွဲ၏။”

“အရှင်အာနန္ဒာ ဟောင်းနွမ်းသောသင်္ကန်းတို့ကို မည်သို့အသုံးပြုသနည်း။”
“မင်းကြီး ထိုသင်္ကန်းဟောင်းတို့ကို အပေါ်အခင်းပြုကုန်အံ့။”

“အပေါ်အခင်းဟောင်းတို့ကို မည်သို့ပြုကုန်အံ့သနည်း။”
“အပေါ်အခင်းဟောင်းတို့ကို ဘုံလျှိုစွပ် ပြုကုန်အံ့။”

“ဘုံလျှိုစွပ်အဟောင်းတို့ကို မည်သို့ပြုကုန်အံ့သနည်း။”
“ဘုံလျှိုစွပ်အဟောင်းတို့ကို မြေအခင်းပြုကုန်အံ့။”

“မြေခင်းအဟောင်းတို့ကို မည်သို့ပြုကုန်အံ့သနည်း။”
“မြေခင်းအဟောင်းတို့ကို ခြေသုပ်ကြိုးဝန်း ပြုကုန်အံ့။”

“ခြေသုပ်ကြိုးဝန်းအဟောင်းတို့ကို မည်သို့ပြုကုန်အံ့သနည်း။”
“ခြေသုပ်ကြိုးဝန်းအဟောင်းတို့ကို ဖုန်သုတ်အ၀တ်ပြုကုန်အံ့။”

“ဖုန်သုတ်အ၀တ်အဟောင်းတို့ကို မည်သို့ပြုကုန်အံ့သနည်း။”
“ဖုန်သုတ်အ၀တ်အဟောင်းတို့ကို နုပ်နုပ်စဉ်းထောင်း၍ ရွှံ့ညွန်ဖြင့်နယ်ပြီး အကာအရံအကျည်ကို လိမ်းကျံကုန်အံ့” ဟု မိန့်တော်မူသောအခါ ဥတေနမင်းကြီးသည် သာကီဝင်မင်းသား ဘုရားအနွယ်ဖြစ်သော ရဟန်းအားလုံးတို့သည် သင့်လျော်အောင် ဆောင်ရွက်ကုန်၏။ အကျိုးမဲ့ပျက်စီးခြင်းသို့ မရောက်စေကုန် ဟု တွေးတောဝမ်းမြောက်ကာ နောက်ထပ်အထည်ငါးရာကို လှူဒါန်းသွားလေ၏။

စည်းကမ်းရှိခြင်းဆိုသည်မှာ မကုန်သင့်တာ မကုန်အောင် စောင့်ရှောက်ခြင်း နှင့်
ကုန်သင့်ပါလျက် မကုန်အောင် စီစစ်လွန်းခြင်းကိုကား နှမြောခြင်း ဟု ဆိုသင့်၏။

ဗုဒ္ဓလက်ထက်က သာကေတမြို့၌ သူဋ္ဌေးကတော်တစ်ဦးသည် ခုနှစ်နစ်တိုင်အောင် ခေါင်းကိုက်ရောဂါစွဲကိုက်နေ၏။ ဆရာအမျိုးမျိုးနှင့်ကုသော်လည်း မပျောက်ကင်းပေ။ တစ်နေ့သော ဆရာဇီဝက ရောက်လာကာ ထောပတ်ကိုတောင်း၍ ဆေးအမျိုးမျိုးတို့ဖြင့်ချက်၏။ ပြီးလျှင် သူဋ္ဌေးကတော်ကို ညောင်စောင်း၌အိပ်စေကာ ဆေးဖြင့်ချက်ထားသော ထောပတ်နှင့် နှာနှပ်ပေး၏။ ထိုအခါ ထောပတ်တို့သည် ခံတွင်းမှပြန်အန်ထွက်၏။ သူဋ္ဌေးကတော်သည် ထွေးခံဖြင့်ထွေး၍ ဤထောပတ်တို့ကို ၀ါဂွမ်းဖြင့် တို့ယူထားပါဟု ကျွန်မကို စေခိုင်းသောအခါ ဆရာဇီဝကသည် ဤသူဋ္ဌေးကတော်သည် အလွန်နှမြောစေးနှဲ၏။ စွန့်ပစ်ထိုက်သောထောပတ်ကို ၀ါဂွမ်းဖြင့် တို့ယူခိုင်းသေ၏။ ငါ၏တန်ဘိုးရှိသော ဆေးတို့အကုန်ခံရ၏။ ရောဂါပျောက်သော ဤသူဋ္ဌေးကတော်သည် တန်ရာတန်ကြေးပေးလိမ့်မည် မထင်ဟု တွေးတောကြံစည်ကာ အလွန်မျက်နှာပျက်လေ၏။ ဤသည်ကို သူဋ္ဌေးကတော် သိရှိသော်အခါ – ဆရာ အကျွန်ုပ်တို့ အိမ်ထောင်သည်တို့မည်သည် အနာရောဂါမှကင်းလွတ်အောင် ကုသပေးသောကျေးဇူးကို သိတတ်ပါကုန်၏။ ဤထောပတ်သည် ကျွန်ုပ်တို့အားလည်းကောင်း၊ အမှုလုပ်တို့အားလည်းကောင်၊ ခြေကိုလိမ်းရန်ကောင်း၏။ ဆီမီးထွန်းခြင်း၌ ထည့်၍အသုံးပြုနိုင်ပါသေး၏။ ဆရာ.. သင်သည် နှလုံးမသာမယာ မဖြစ်ပါနှင့်။ သင့်အား ပေးသင့်ပေးထိုက်သည်ထက် လျှော့၍ပေးလိမ့်မည် မဟုတ်ပါ ဟု ပြော၏။ ဆရာဇီဝကသည် ခုနစ်နှစ်ဝေဒနာခံစားနေရသော သူဋ္ဌေးကတော်အား နှာနှပ်တစ်ကြိမ်မျှဖြင့် ပျောက်ကင်းအောင် ကုပေးနိုင်သောကြောင့် သူဋ္ဌေးကတော်သည် အသပြာလေးထောင်၊ သား၊ ချွေးမ၊ သူဋ္ဌေးကြီးတို့ကလည်း အသပြာလေးထောင်စီပေးကြ၏။ ထို့ပြင် ကျွန်ယေကျာ်း၊ ကျွန်မိန်းမ မြင်းရထားတို့ကိုပါ ပေးလိုက်၏။
(ထောပတ်အား တို့ယူထားခြင်းမှာ နှမြောခြင်းမဟုတ်ဘဲ စည်းကမ်းရှိခြင်းသာ ဖြစ်၏။)

 

၃) ကလျာဏမိတ္တသမ္ပဒါ – မိတ်ဆွေကောင်း ရှိရမည်။
မိတ်ဆွေကောင်း အင်္ဂါခုနှစ်ပါး
၁) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။
၂) ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်ခြင်း။
၃) သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
၎) မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း။
၅) မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်ထားခြင်း။
၆) ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း။
၇) ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း။
     (အင်္ဂုတ္တိုရ်ပါဠိတော်၊ သတ္တကနိပါတ်၊ ပဌမမိတ္တသုတ်)

သူယုတ်အင်္ဂါကို အပြန်အားဖြင့် သိနိုင်၏။

သူတော်ကောင်းအင်္ဂါ (၄)ပါး
၁) သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးလျှင် မပြော၊ မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျော့ပေါ့၍ ပြောဆိုခြင်း။
၂) သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊ မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။
၃) မိမိ၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊  မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။
၎) မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့် မပြော၊ မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျော့ပေါ့၍ ပြောဆိုခြင်း။

သူယုတ်မာအင်္ဂါ (၄) ပါး
၁) သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောကြားတတ်ပြီး၊ မေးလျှင်လည်း ချဲ့ကား၍ ပြောတတ်ခြင်း။
၂) သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးလျှင် မပြောဘဲ၊  မေးလျှင် လျော့ပေါ့၍ ပြောခြင်း။
၃) မိမိ၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးလျှင် မပြော၊ မေးလျှင် လျှော့ပေါ့ထိန်ချန်၍ပြောခြင်း။
၎) မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့် ပြောကြားတတ်သည်။ မေးလျှင် ချဲ့ကား၍ ပြောကြားတတ်ခြင်း။
       (အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ သပ္ပုရိသသုတ်)

 

၎) သမဇီဝိတသမ္ပဒါ – အ၀င်အထွက် မျှတအောင် သုံးစွဲတတ်ရမည်။ အ၀င်များပြီး အထွက်နည်းအောင် သုံးစွဲရန်ပင် ဖြစ်၏။

 

မကြီးပွားရခြင်း အကြောင်းရင်း (၁၁) ချက်

၁) ဗုဒ္ဓက ဒါနပြုလျှင် လောကကောင်းစားရေးကိုကြည့်ပြီး လိုအပ်သောနေရာတွင် လှူခိုင်း၏။
ဗုဒ္ဓဘာသာဝင်အများစုက ငါကောင်းစားရေးကို ရှေ့တန်းတင်ပြီး မလိုအပ်သောနေရာတွင် ပုံ၍လှူတတ်ကြ၏။

၂) ဗုဒ္ဓက စီးပွားရှာလျှင် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံရမည်ဟု ညွှန်ပြ၏။
ဗုဒ္ဓဘာသာဝင်အများစုက တစ်ပါးမှ မပြည့်စုံကြ။

၃) ဗုဒ္ဓက ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုးစီးပွားရေးအပေါ်မှာ ထားခိုင်း၏။
ဗုဒ္ဓဘာသာဝင်အများစုက မလိုက်နာကြ။

၎) ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းသော အတ္တသမာပဏီဓိ မင်္ဂလာနှင့်ပြည့်စုံရန် ညွှန်ပြခဲ့၏။
ဗုဒ္ဓဘာသာဝင်အများစုက  မလိုက်နာကြ။

၅) ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်းအစစ်ကို မကျင့်သုံးကြဘဲ အကုသိုလ်တွင်ပါဝင်နေသော ကောသဇ္ဇ ခေါ် ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု မှားယွင့်ကျင့်သုံးနေမိကြ၏။

၆) ဗုဒ္ဓက ကြီးပွားတိုးတက်လိုသူတိုင်း အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်မျိုးမျိုးကို အမြဲရအောင် ယူရမည်ဟု ညွှန်ပြ၏။
ဗုဒ္ဓဘာသာဝင်အများစုက အချိန်မှန်သမျှထဲမှ အကုသိုလ်၊ မောဟ၊ မွဲပြာကျဆေး (အသုံးအဖြုန်းကြီးခြင်း) တို့ကိုသာ ထုတ်ယူနေကြ၏။

၇) နိုင်ငံတကာ ဗဟုသုတ မရှိခြင်း။

၈) စာပေဗဟုသုတ မရှိခြင်း။

၉) ကိုယ့်ထက်သာလျှင် မနာလိုခြင်း။

၁၀) ခေါင်းဆောင်စိတ် နည်းပါးခြင်း။

၁၁) မိမိကိုယ်ကို အားကိုးလိုချင်စိတ် မရှိခြင်း။

 

 

 

ဆရာတော်တစ်ပါးမိန့်တော်မူသော ဖြစ်ရပ်တစ်ခု ဖြစ်၏။ မြို့တစ်မြို့တွင် ဦးအာစာရနှင့် ဦးကောဝိဒ အမည်ရှိ မိတ်ဆွေကျောင်းထိုင်ဆရာတော် နှစ်ပါးရှိ၏။ ဦးအာစာရသည် မစ္ဆရိယနှင့် လောဘဓါတ်အားကြီးသဖြင့် အလွန်နှမြော၏။ သူထံသို့ အ၀င်သာရှိ၏။ အထွက်မရှိ။ အလှူအတန်းဝါသနာမပါ လိုက်ပုံမှာ “ပေး” ဟူသောစကားကိုပင် မကြားချင်လောက်အောင် နားကြားပြင်းကပ်သောဟူ၏။ တစ်ရက်တွင် သူတို့နှစ်ပါးစက်လှေဖြင့် ရွာတစ်ရွာသို့ ဆွမ်းစားကြွ၏။
လမ်းခုလတ်တွင် စက်လှေမှောက်ပြီး ဦးအာစာရမှာ ချောင်ရေအတွင်းနစ်သွား၏။ ဦးကောဝိဒကား ကံကောင်းထောက်မစွာ ကုန်းပေါ်အလွယ်တကူရောက်သွား၏။ သို့သော် ဦးအာစာရအတွက် ပူစရာမရှိလှ။ အဘယ်ကြောင့်ဆိုသော် ကယ်ဆယ်မည့် ဒကာများစက်လှေများဖြင့် လှေမှောက်သည့်နေရာသို့ အများအပြားချက်ချင်းရောက်လာကြသော်ကြောင့် ဖြစ်၏။ ထို့အပြင် ရေရှင်ဖြစ်သော်ကြောင့် ရေနစ်သူသည် ရေပေါ်သို့ အနည်းဆုံးသုံးကြိမ်ပေါ်သောကြောင့်လည်း ပါ၏။ ဒကာများသည် ဦးအာစာရပေါ်လာမည်းနေရာသို့ စက်လှေများကိုမောင်းသွားပြီးဆွဲယူကယ်တင်ရန် အသင့်ပြင်နေကြ၏။

ဦးအာစာရ ရေပေါ်သို့ ပထမအကြိမ်ဘွားခနဲပေါ်လာသော်အခါ လှေပေါ်မှ ဒကာက –
“ဦးအာစာရ၊ ဆရာတော့်လက်ကလေး လှမ်းပေးလိုက်ပါဘုရား” ဟု လျှောက်ထားရာ ဦးအာစာရက “မပေးဘူးကွာ” ဟု အော်ပြောရင် ရေထဲသို့ပြန်နစ်သွား၏။ ဦးအာစာရသည် “ပေး” ဟူသောစကားကို မကြိုက်။ ဥစ္စာမပြောနှင့် သူ့လက်ကိုပင် လှမ်းမပေးချင်။ ထို့ကြောင့် သေချင်သေပါစေ ဟူသော သဘောဖြင့် လက်ကိုလှမ်းမပေးဘဲ ပြန်နစ်သွားခြင်း ဖြစ်၏။
ထို့အဖြစ်ကို ကြားနေမြင်နေရသော ဦးကောဝိဒက –
“ဒကာတွေ ဦးအာစာရကို “ပေး” ဆိုတဲ့စကားမပါအောင် ပြောပြီးကယ်ကြ။ နို့မို့ဆို သေသာခံသွားမယ့် ကိုယ်တော်” ဟု လှမ်းအော်သတိပေးသဖြင့် ဦးအာစာရ ဒုတိယအကြီမ်ပေါ်လာသောအခါ-
“ဦးအာစာရ တပည့်တော်လက်ကလေ အလှူခံလိုက်ပါဘုရား” ဟု လျှောက်သောအခါမှ “အေး” ဟု ပြောပြီး ဒကာ၏လက်ကိုလှမ်းဆွဲကာ လှေပေါ်တက်လာသော ဟူ၏။

“ဒကာ ဒကာမများသည် လောဘကိုသတ်ပြီး ပစ္စည်လေးပါးကို လှူဒါန်းကြခြင်းဖြစ်၏။ ထို့ကြောင့် လှူပြီးပစ္စည်းကို ထွေးပြီးသားတံတွေးလို သဘောထားကြ၏။ ဒကာ ဒကာမတို့ စွန့်လှူထားသော ပစ္စည်းများကို စွဲလန်းတပ်မက်နေသောရဟန်းသည် ဒကာ ဒကာမတို့ ထွေးထုတ်လိုက်သော တံတွေးကို ပြန်မျိုသည်နှင့်တူလှ၏။”

 

ဥစ္စာလေးမျိုး
၁) ထာဝရ ဥစ္စာ – ရွှေ့ပြောင်း၍မရကောင်းသော တိုက်တာ ခြံမြေ လယ်ယာချောင်းမြောင်းတို့ကို ဆိုလိုခြင်း ဖြစ်၏။
၂) ဇင်္ဂမ ဥစ္စာ – ရွှေ့ပြောင်း၍ ရကောင်းသော ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ရွှေ၊ ငွေ ရတနာများကို ဆိုလိုခြင်း ဖြစ်၏။
၃) အင်္ဂသမ ဥစ္စာ – အသက်မွေးဝမ်းကျောင်းအတွက် တတ်မြောက်ထားသော အတတ်ပညာမှန်သမျှကို ဆိုလိုခြင်း ဖြစ်၏။
အထက်ပါ သုံးမျိုးသော ဥစ္စာကို လောကီဥစ္စာ ဟု ခေါ်၏။
၎) အနုဂါမိက ဥစ္စာ – ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ဥစ္စာကို ဆိုလိုခြင်းဖြစ်၏။ ဤသည်ကား ကုသိုလ်ဥစ္စာ (သို့) သံသရာဥစ္စာ ဟု ခေါ်၏။

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်
ဈေးရောင်းနေသူတစ်ယောက်အား ခင်ဗျား လူလာဖြစ်တာ ဈေးရောင်းဖို့ တစ်ခုတည်းအတွက်လား။
အင်ဂျင်နီယာတစ်ယောက်အား ခင်ဗျား လူလာဖြစ်တာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်းအတွက်လား။ စသည်ဖြင့် မေးခဲ့လျှင် ရုတ်တရက်ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့သွားမှာ သေချာ၏။

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက်ဖြစ်၏။ စီးပွားဥစ္စာရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုးပြုလုပ်ရန်အတွက် ဖြစ်၏။
(၃၁) ဘုံတွင် အပါယ်လေးဘုံသည် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီး၍ မည့်သည့်ုကုသိုလ်မျှ ပြုလုပ်၍မရ။
နတ်ဘုံ ခြောက်ထပ်နှင့် ဗြဟ္မာဘုံ နှစ်ဆယ်သည်ကား ချမ်းသာသုခတွေ များလွန်းအားကြီး၍ ကုသိုလ်တရားများကိုပင် တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍မရပြန်။ ဥပမာအားဖြင့် နတ်ပြည် ဗြဟ္မာပြည်တွင် အလှူခံမရှိ၍ ဒါနကုသိုလ် မည်သို့သောနည်းနှင့်မျှ မရနိုင်ခြင်း။ ထို့ကြောင့်ဤလူဘုံတစ်ဘုံတည်းသာလျှင် ကုသိုလ်အားလုံးကို ဆည်းပူးအားထုတ်၍ရ၏။ ဘုရားအလောင်းတော်များဆိုခဲ့လျှင် နတ်ပြည်ရောက်ခဲ့လျှင်ပင် သက်တမ်းပြည့်မနေဘဲ နတ်သက်ချွေကာ လူ့ပြည်ပြန်လာပြီး ကုသိုလ်ပြုကြ၏။

ပညာမဲ့ လူမိုက်များသည် ရလာသော လူ့ဘ၀ ခန္ဓာကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍ အပါယ်သို့သွားကြ၏။
ပညာရှိ လူလိမ္မာများသည် ရလာသော လူ့ဘ၀ ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏။

 

 

 

 

This entry was posted in ကောက်နှုတ်မှုများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s