မောဟ ပိုက်ကွန်

ဗုဒ္ဓက – “နတ္ထိ မောဟသမံ ဇာလံ – မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန်” ဖြစ်၏ ဟု ဟောကြားတော်မူခဲ့ပါတယ်။

ပိုက်ကွန်ဆိုတာ မိမိအတွင်းဝင်ရောက်လာတဲ့သတ္တ၀ါတွေကို ချုပ်နှောင်ထားတတ်တဲ့သဘော ရှိပါတယ်။ ပိုက်ကွန်တွင်းကျရောက်သွားတဲ့သတ္တ၀ါတွေဟာ ပိုက်ကွန်ရဲ့အပြင်ဘက်ကို ပြန်ရောက်ဖို့ မလွယ်ကူပါဘူး။ မကြာခင်မှာပင် သေရတော့မယ်ဆိုတဲ့အသိနဲ့ စိတ်ပင်ပန်းဆင်းရဲစွာ နေရပါတယ်။ မလွဲမသွေကြုံတွေ့ရတော့မယ့် သေခြင်းတရားကို အနီးကပ်စောင့်စားရင်း စိတ်နှလုံးထိတ်လန့်တုန်လှုပ်စွာ ပူလောင်နေပါတယ်။

ပိုက်ကွန်ထဲရောက်နေမှန်းသိရက်နဲ့ ပျော်နေတဲ့သတ္တ၀ါ၊ စိတ်ချမ်းသာနေတဲ့သတ္တ၀ါကတော့ အင်မတန်ကို မိုက်မဲလွန်းလို့၊ ထူ အ လွန်းလို့ ဖြစ်ပါလိမ့်မယ်။

လာကမှာရှိရှိသမျှသောပိုက်ကွန်အားလုံးထဲမှာ မောဟပိုက်ကွန်ဟာ အဆိုးဝါးဆုံးဖြစ်ပြီး ပြတ်တောက်အောင် ဖြတ်တောက်ဖို့ အခက်ခဲဆုံးပိုက်ကွန်၊အထူဆုံးပိုက်ကွန် ဖြစ်ပါတယ်။ ဓမ္မနည်းလမ်းနဲ့ကြိုးပမ်းအားထုတ်တောင်မှ လွယ်လွယ်ကူကူနဲ့ပြတ်တောက်မသွားနိုင်ပါဘူး။

သတ္တ၀ါတွေကို လွှမ်းခြုံရစ်ပတ်ထားတဲ့ မောဟပိုက်ကွန်က “အထပ်ရေပေါင်းကိုးထပ်” ချုပ်စပ်ထားပါတယ်။

၁) အောက်ဆုံး အထပ်ဖြစ်တဲ့ “ကံနဲ့ ကံ၏အကျိုးကို မသိတဲ့မောဟ” သည် အထူထပ်ဆုံး အကြမ်းတမ်းဆုံး ပိုက်ကွန်အထပ်ဖြစ်ပါတယ်။ သံသရာခရီးအတွက် ကြောက်မက်ဖွယ်အကောင်းဆုံးပိုက်ကွန်လို့ ဆိုရင် မမှားပါဘူး။
သတ္တ၀ါတွေဟာ ကိုယ်ပြုတဲ့ကံ၊ ကိုယ်လုပ်တဲ့အလုပ်ရဲ့အကျိုးကို ကိုယ်ကိုယ်တိုင်ပဲ ခံစားရတယ်။
ကောင်းကံပြုပြီး ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်။
မကောင်းကံပြုပြီး မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ်။

ကုသိုလ်ကံ အကုသိုလ်ကံကို ခွဲခြားမသိတဲ့ ပိုက်ကွန်မိလူတစ်ယောက်အတွက် အကုသိုလ်တံခါးကြီး အမြဲပွင့်လင်းနေပါတယ်။ အယူမှား မိစ္ဆာဒိဋ္ဌိကြီးတွေအားလုံးဟာ ကံ ကံရဲ့အကျိုးကို မသိ၊ မမြင်၊ မယုံကြည်မှုကနေ မြစ်ဖျားခံကြတာမို့ မိစ္ဆာဒိဋ္ဌိတံခါးကြီးလည်း အမြဲပွင့်လင်းနေပါတယ်။ အကုသိုလ်တံခါးရဲ့ဟိုဘက်၊ ဒုစရိုက်တံခါးရဲ့ဟိုဘက်၊ မိစ္ဆာဒိဋ္ဌိတံခါးကြီးရဲ့ဟိုဘက်မှာတော့ အပါယ်လေးဘုံပဲ ရှိပါတယ်။ အပါယ်လေးဘုံဟာ ကံနဲ့ ကံရဲ့အကျိုးကို လုံးဝမယုံကြည်သူတွေရဲ့ကိုယ်ပိုင်အိမ်ပါပဲ။

နောက်ထပ် သုံးထပ်သော မောဟပိုက်ကွန်ကတော့

၂) ရှေးဘ၀ကို မသိတဲ့မောဟ – တချို့က ရှေးအတိတ်မှာဘ၀တွေဖြစ်ခဲ့ဘူးတယ်ဆိုတာကို မယုံကြည်ပါဘူး။ ဒီဘ၀ကျမှ ထာဝရဘုရား၊ မဟာဗြဟ္မာစတဲ့ တန်ခိုးရှင်တွေဖန်ဆင်းလိုက်လို့ ဘ၀ဆိုတာဖြစ်လာတယ်လို့ မှတ်ထင်နေကြပါတယ်။ ဒါပေမယ့် နောက်နောက်အနာဂတ်မှာ ဘ၀တွေဆက်ကာဆက်ကာဖြစ်ရဦးမယ်ဆိုတာကိုတော့ ယုံကြည်ကြပါတယ်။

၃) နောက်ဘ၀ကို မသိတဲ့မောဟ – တချို့က ရှေးဘ၀တွေဖြစ်ခဲ့ဘူးတာကို ယုံကြည်ကြပါတယ်။ ဒါပေမယ့် နောက်နောက်အနာဂတ်မှာ ရဟန္တာမဖြစ်သေးသမျှ ဘ၀တွေဆက်ကာဆက်ကာ ဖြစ်ရဦးမယ်လို့ မယုံကြည်ကြပါဘူး။ ဒီဘ၀ကသေရင် ပြီးတာပဲ ပြတ်တာပဲလို့ ယူဆကြပါတယ်။

၎) ရှေးဘ၀ နောက်ဘ၀ နှစ်ခုလုံးကို မသိတဲ့မောဟ – တချို့က ရှေးဘ၀တွေဖြစ်ခဲ့ဘူးတာကိုမယုံကြည်ကြပါဘူး။ နောက်နောက်အနာဂတ်မှာ ဘ၀တွေဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာကိုလည်း မယုံကြည်ကြပါဘူး။
ဗုဒ္ဓတရားတော်တချို့ကို ဗုဒ္ဓရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကိုနားမလည်ဘဲ လိုရာဆွဲကိုးကားပြီး ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန်ဘူး လို့တောင် တလွဲဝါဒဖြန့်ကြပါတယ်။ ဘ၀ဆိုတာ ပုခက်နဲ့ခေါင်းကြားမှာပဲရှိတယ်လို့ ယူဆကြပါတယ်။

ဒီသုံးထပ်သောပိုက်ကွန်ကလည်း အောက်ဆုံးထပ်ပိုက်ကွန်နဲ့ တိုက်ရိုက်ဆက်စပ်ယှက်နွယ်နေပါတယ်။ ကံနဲ့ ကံရဲ့အကျိုးကို ပိုင်ပိုင်နိုင်နိုင်မသိတဲ့လူ၊ ကျေကျေနပ်နပ်သဘောမပေါက်တဲ့သူဟာ ရှေးဘ၀ နောက်ဘ၀ဆိုတဲ့ ပရဘ၀တွေကို ပစ်ပယ်ဖို့ လုံး၀၀န်လေးတော့မှာ မဟုတ်ပါဘူး

နောက်ဆုံး အထပ်ငါးထပ်ကတော့ သစ္စာလေးပါကိုမသိတဲ့ မောဟလေးမျိုး နဲ့ ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ မောဟတို့ပဲ ဖြစ်ပါတယ်။

သစ္စာလေးပါကိုမသိတဲ့ မောဟလေးမျိုး
၅) ရုပ်နာမ်ခန္ဓာမှန်သမျှ ဆင်းရဲအမှန် (ဒုက္ခသစ္စာ)
၆) အာရုံတွေ၊ ဘ၀တွေအပေါ်သာယာတပ်မက်တဲ့ တဏှာမှန်သမျှဆင်းရဲကြောင်းအမှန် (သမုဒယသစ္စာ)၊
၇) ရုပ်နာမ်လုံးဝမရှိတဲ့နိဗ္ဗာန်ဟာ ဆင်းရဲချုပ်ငြိမ်းရာအမှန် (နိရောဓသစ္စာ)
၈) သမ္မာဒိဋ္ဌိစတဲ့ မဂ္ဂင်ရှစ်ပါးသတိပဋ္ဌာန်စတဲ့အကျင့်တရားဟာ ဆင်းရဲချုပ်ငြိမ်းကြောင်းအမှန် (မဂ္ဂသစ္စာ) ကို မသိတဲ့မောဟတွေပါပဲ။

၉) ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ မောဟကတော့ မသိမှု အ၀ိဇ္ဇာစတဲ့ အကြောင်းတရားကြောင့် ပြုလုပ်အားထုတ်မှု သင်္ခါရစတဲ့ အကျိုးတရား ဖြစ်ပေါ်လာတယ်။ မသိတဲ့အ၀ိဇ္ဇာစတဲ့ အကြောင်းတရားချုပ်ရင် ပြုလုပ်အားထုတ်မှု သင်္ခါရစတဲ့ အကျိုးတရားချုပ်တယ်လို့ သံသရာစက်လည်ပတ်ပုံ၊ သံသရာစက်ချုပ်ပြတ်ပုံကို မသိတဲ့မောဟပါပဲ။

အောက်ဆုံးလေးထပ်ကတော့ မောဟပိုက်ကွန် အထူစား အကြမ်းစားအထပ်တွေ ဖြစ်ပြီး အပေါ်ဆုံးငါးထပ်ကတော့ အပါးစား အနုစားအထပ်တွေ ဖြစ်ပါတယ်။

အထူစား အကြမ်းစားအထပ်တွေကို –
သူတော်ကောင်တရား နာကြားဖတ်ရှုခြင်း၊
မိမိလက်လှမ်းမီရာ လူသားတွေရဲ့ဘ၀တစ်ယောက်နဲ့တစ်ယောက် မတူညီတာကို ထောက်ရှုခြင်း၊
ကံ ကံရဲ့အကျိုးဆိုင်ရာ တမလွန်ဘ၀ဆိုင်ရာ ကိုယ်တွေ့အဖြစ်အပျက်တွေကို လေ့လာသုံးသပ်ခြင်းအားဖြင့် ဖြတ်တောက်ဖျက်ဆီးပစ်ရပါမယ်။
ကံ နဲ့ ကံရဲ့အကျိုးကိုလည်း ယုံကြည်ပြီ ရှေးဘ၀၊ နောက်ဘ၀တွေကိုလည်း ယုံကြည်ပြီ၊ ယုံကြည်တဲ့အတိုင်းလည်း မကောင်းမှုအကုသိုလ်မှန်သမျှ ရှောင်ကြဉ်ပြီ။ ကောင်းမှုမှန်သမျှ စွမ်းနိုင်သလောက်ပြုပြီဆိုရင် မိမိရဲ့မောဟပိုက်ကွန် တော်တော်လေးပါးလာပါပြီ။

အပါးစား အနုစား မောဟပိုက်ကွန် အထပ်တွေကိုတော့ ပြတ်အောင် ဖြတ်ဖို့ သိပ်မလွယ်ကူလှပါဘူး။ တော်တော်ခက်ခက်ခဲခဲဖြတ်ဖောက်မှ ပြတ်တော်သွားနိုင်ပါတယ်။
စာပေဖတ်ရှု တရားနာကြားပြီး စာတွေ့ နာတွေ့သိတာမျိုးမဟုတ်ဘဲ ပေါ်ဆဲရုပ်နာမ်ကို ပေါ်ဆဲအခိုက်မှာ သတိပဋ္ဌာန်နည်းကျ ၀ိပဿနာကိုယ်တိုင်ရှုပွားလို့ ငါတွေ့သိကြတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာပုဂ္ဂိုလ်တွေတောင်မှ မောဟပိုက်ကွန်ကို ပါးသထက်ပါးလှပ်အောင်ပဲ တတ်နိုင်ကြပါသေးတယ်။ လုံးဝပြတ်တောက်သွားအောင် မစွမ်းနိုင်သေးပါဘူး။
ရဟန္တာဖြစ်မှပဲ မောဟပိုက်ကွန် လုံးဝပြတ်တောက်သွားပါတယ်။

ရဟန္တာမဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်းပြုနေဆဲ အခိုက်အတန့်ခဏလေးမှာတောင် မောဟပိုက်ကွန်က ငြိမ်သက်ကိန်းဝပ် အငုပ်ဓါတ်အနေနဲ့ ရစ်ပတ်ချုပ်နှောင်ထားဆဲပါပဲ။

မောဟပိုက်ကွန်အရစ်အပတ် အချုပ်အနှောင်ခံနေရသမျှတော့ သံသရာဝဋ်ဆင်းရဲထဲကနေ ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်ပါဘူး။
“မသိတော့ လိုချင်၊
လိုချင်တော့ စွဲလမ်း၊
စွဲလမ်းတော့ ပြုလုပ်၊
ပြုလုပ်တော့ ရ၊
ရတော့ ဒုက္ခ” ဆိုတဲ့အတိုင်း မသိမှုမောဟက စတဲ့သံသရာစက်ရဟတ်ကြီး မဆုံးနိုင်မရပ်နိုင်လည်ပတ်နေဦးမှာပဲ။

သစ္စာလေးပါးနဲ့ ပဋိစ္စသမုပ္ပါဒ်ကို မသိမမြင်အောင် ဖုံးကွယ်ထားတဲ့ အပါးစား အနုစား မောဟပိုက်ကွန်ကို အကြွင်းမဲ့ပြတ်တောက်အောင် ဖြတ်ဖောက်နိုင်တဲ့ တစ်ခုတည်းသောလက်နက်ကတော့ “အပ္ပမာဒ” တရားပါပဲ။

“မေ့နေရင် မသိ၊ မမေ့မှ သိ” ဆိုတဲ့အချက်ကို ဗုဒ္ဓလက်ထက်က အာဋ္ဌ၀ီပြည်မှာ တရားပွဲကျင်းပရာနေရာသို့လာသော ရက်ကန်းသည်မအား ဗုဒ္ဓက မေးခွန်းလေးခွန်းမေးလေသည်။ ၎င်းတို့မှာ –
၁)” ချစ်သမီး ဘယ်ကလာသလဲ။”
    “မသိပါ ဘုရား။”
၂) “ချစ်သမီး ဘယ်သွားမလို့လဲ။”
     “မသိပါဘုရား။”
၃) “တကယ်မသိဘူးလား။”
   “သိပါတယ် ဘုရား။”
၎) “တကယ်သိသလား။”
    “မသိပါ ဘုရား။”

ရက်ကန်းသည်မရဲ့အဖြေစကားဟာ မြတ်စွာဘုရားနဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့ တရားနာပရိသတ်များက အမျိုးမျိုးကဲ့ရဲ့ရှုတ်ချကြပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓက ရက်ကန်းသည်မကို အကျယ်ရှင်းပြဖို့ မိန့်တော်မူတဲ့အတွက် ရက်ကန်းသည်မလေးက –
“ဘယ်ကလာသလဲ” လို့ မေးသည်ကို “မသိပါလို့” ဖြေသည်မှာ ဘယ်ဘ၀က လာမှန်းမသိလို့ ဒီဘ၀မရောက်ခင် အရင်ဘ၀က ဘာသတ္တ၀ါဖြစ်ခဲ့တယ်ဆိုတာ မသိလို့ပါဘုရား။”
“ဘယ်သွားမလို့လဲ လို့ မေးသည်ကို မသိပါလို့ ဖြေသည်မှာ – ဒီဘ၀ကသေရင် ဘယ်ဘ၀ရောက်မလဲဆိုတာကို မသိလို့ပါဘုရား။”
“တကယ်မသိဘူးလားမေတာကို သိပါတယ်လို့ ဖြေသည်မှာ – တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဧကန်မုချသေရမယ်ဆိုတာ သေချာပေါက်သိနေလို့ပါဘုရား။”
“တကယ်သိလားမေးတာကို မသိပါလို့ ဖြေရတာက – ဘယ်အသက်၊ ဘယ်အချိန်မှာ ဘယ်အနာရောဂါနဲ့သေရမယ်၊ သေပြီး ရုပ်အလောင်းကို ဘယ်နေရာ ဘယ်သုဿာန်မှာ မြှုပ်နှံသဂြိုဟ်မယ်ဆိုတာ သေချာပေါက်မသိလို့ပါဘုရား။”

ရက်ကန်းသည်မလေးသည် အသေးစိတ်မမေးဘဲ အဖျားဆွတ်မေးတာကို ဖြေနိုင်ခဲ့သည်မှာ သူမ၏ မရဏဿတိဘာဝနကို အပ္ပမာဒ ဖြစ်ခဲ့လို့ပါပဲ။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက အာဠ၀ီပြည်ကို ဗုဒ္ဓက သေခြင်းတရားကို အမြဲမပြတ်သတိရအောက်မေ့တဲ့ မရဏဿတိဘာဝနာကို မမေ့မလျော့ပွားများကြဖို့ဟောကြားတော်မူခဲ့ရာတွင် ရက်ကန်းသည်မလေးတစ်ယောက်သာ သုံးနှစ်လုံးလုံးအဆက်မပြတ် မရဏဿတိဘာဝနကို ပွားများနေခဲ့သောကြောင့်ပါ။

မသိမှုမောဟက ဘယ်မှာဖြစ်သလဲဆိုရင် မြင်ရ၊ ကြားရ၊ နံရ၊ စားရ၊ ထိရ၊ သိရတဲ့ အာရုံတွေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံခြောက်ပါးနဲ့တိုက်ဆိုင်လာတိုင်းမှာ သတိပဋ္ဌာန်နည်းကျ ၀ိပဿနာရှုပွားသွားရပါမယ်။
သတိ၊ သမာဓိ၊ ဉာဏ်အားကောင်းလာတာနဲ့အမျှ ရုပ်နာမ်ကွဲ၊ ကျိုးကြောင်းသိ၊ ဖြစ်ပျက်မြင်၊ လက္ခဏာထင်ပြီး မသိမှုမောဟတရားတွေ တဖြည်းဖြည်းပါးပါးသွားပါလိမ့်မယ်။

နောက်ဆုံး အရဟတ္တမဂ်ဓါးလက်နက်နဲ့ ခုတ်ဖြတ်ဖျက်ဆီးပစ်လိုက်လို့ မိမိကိုဖုံးအုပ်ချုပ်နှောင်ထားတဲ့ မောဟပိုက်ကွန်ကြီး အပိုင်းပိုင်းစုတ်ပြတ်ပျက်စီးသွားပြီဆိုရင်တော့ မိမိလည်း သံသရာဝဋ်ဆင်းရဲကြီးကနေ အပြီးတိုင် ရုန်းထွတ်လွတ်မြောက်မို့ ရသွားပါပြီ။ သတိပဋ္ဌာန်တရားလက်တွေ့ပွားသူ တချို့တလေအနည်းစုလောက်သာ မောဟပိုက်ကွန်ထဲကနေ ရုန်းထွက်လွတ်မြောက်ပြီး နိဗ္ဗာန်ကို အပြီးတိုက်ဆိုက်ရောက်သွားနိုင်ကြပါတယ်။

 

အညွန်း အရှင်ဆန္ဓာဓိက – အနှိုင်းမဲ့ပိုက်ကွန် ခေါင်းစဉ်။

 

 

 

 

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s