တစ်ရာ နှင့် တစ်ရက်

၁) သီလမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလရှိသူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီးမြင့်မြတ်ပါတယ်။

မပြုသင့်တဲံ ကိုယ်မှုလုပ်ရပ်တွေ မပြု။
မပြောသင့်တဲ့ နှုတ်ထွက်စကားတွေ မပြောဘဲ ကိုယ်နဲ့နှုတ်ကို စောင့်စည်းထိန်းသိမ်းနိုင်တဲ့သူဟာ သီလရှိတဲ့သူပါ။

သီမမရှိတဲ့သူဟာ စိတ်မအေးချမ်း၊ စိတ်မအေးချမ်းတော့ စိတ်မတည်ငြိမ်၊ စိတ်မတည်ငြိမ်တော့ အသိဉာဏ်မထွက်။ သီလပျက်ရင် သမာဓိရော၊ ပညာရော ဖြစ်ခွင့်မရှိတော့ပါဘူး။
သီလရှိရင်တော့ စိတ်အေးချမ်းတဲ့အတွက် သမာဓိရော၊ ပညာရော ပြည့်ပြည့်၀၀ အားကောင်းနိုင်ပါတယ်။

ဗုဒ္ဓက – သတိပဋ္ဌာန်တရားပွားများတဲ့သူဟာ သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပွားများရမယ် လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
အခါတပါးက မေတ္တယျမြတ်စွာဘုရားကို ဖူးမြော်ချင်လို့ ၀ိပဿနာအားမထုတ်သေးဘဲနေတဲ့ မဟာသံဃရက္ခိတမထေရ် သေရာညောင်စောင်းလျောင်းနေတဲ့အချိန် အလုပ်အကျွေးပြုနေတဲ့ရဟန်းငယ်က
အရှင်ဘုရား ပရိနိဗ္ဗာန်ပြုတော်မူတော့မယ်ဆိုတဲ့သတင်းကြောင့် ၁၂ ယူဇနာ ပတ်ဝန်းကျင်က လူထောင်သောင်းများစွာ ကြိတ်ကြိတ်တိုးစုရုံးရောက်ရှိနေကြပါတယ်။ တကယ်လို့ ပုထုဇဉ်ဘ၀နဲ့ အရှင်ဘုရားစုတေမှန်းသိသွားရင် သူတို့စိတ်နှလုံးမသာမယာ ဖြစ်သွားကြပါလိမ့်မယ်ဘုရား လို့လျှောက်ထားတဲ့အတွက် လဲလျောင်းနေရာမှထူမတ်ခိုင်းပြီး ရဟန်းငယ်ကို အခန်းအပြင်ဘက် ခေတ္တထွက်နေစေပါတယ်။ ရဟန်းငယ် အခန်းအပြင်ဘက်ရောက်တယ်ဆိုရင်ပဲ မထေရ်မြတ်က လက်ဖျောက်တီးပြီး အခန်းထဲပြန်ဝင်ခဲ့ဖို့ အမှတ်သင်္ကတ ပေးလိုက်ပါတယ်။ ရဟန်းကိစ္စပြီးသွားပြီ ရဟန္တာဖြစ်သွားပြီဆိုတဲ့သဘောပေါ့။
အရှင်ဘုရား အခုလို သေကောင်ပေါင်းလဲ ဖြစ်နေတဲ့အချိန်မှာ ရဟန္တာဖြစ်အောင် မြန်မြန်ကြီးကျင့်နိုင်တာ ထူးဆန်းလှပါတယ်ဘုရား။
တကယ်တော့ ဒါဟာ မထူးဆန်းပါဘူး ငါ့ရှင်။ ထူးဆန်းတာက… တပည့်တော်ဟာ ရဟန်းဖြစ်တဲ့အချိန်ကစပြီး ဘယ်အမှုမျိုးကိုမှ အသိဉာဏ်မပါဘဲ မှားမှားယွင်းယွင်း ချွတ်ချွတ်ချော်ချော်မပြုခဲ့ဖူးတာပါပဲ။ ရဟန်းဖြစ်ကတည်းက တပည့်တော်ရဲ့သီလဟာ ထက်ဝန်းကျင် ဖြူစင်သန့်ရှင်းခဲ့ပါတယ် ငါ့ရှင်။ ကိုယ့်ရဲ့အကြွင်းမဲ့ဖြူစင်တဲ့သီလကို ဆင်ခြင်ရင်းဖြစ်ပေါ်လာတဲ့ ပီတပါမောဇ္ဇ – နှစ်သက်ဝမ်းမြောက်မှုကို အခြေခံပြီး ၀ိပဿနာရှုပွားလိုက်တာ စက္ကန့်ပိုင်းအတွင်းမှာပဲ အာသဝေါကုန်ခမ်းရဟန္တာဖြစ်ခဲ့ပါတယ်။

 

၂) သမာဓိမရှိသူရဲ့အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သမာဓိရှိသူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာပိုပြီး မြင့်မြတ်ပါတယ်။

ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်ယူနေတဲ့အာရုံအပေါ်မှာ စိတ်တည့်တည့်မတ်မတ်ထားနိုင်မှုကို သမာဓိလို့ ခေါ်ပါတယ်။ သမာဓိ ဆိုတာ ကျောက်ဖျာနဲ့တူပါတယ်။ ဉာဏ် ဆိုတာ ဓါးနဲ့ တူပါတယ်။ သမာဓိကျောက်ဖျာပေါ်တင်သွေးမှ ဉာဏ်ဓါးက ထက်တာပါ။

ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး လေးလလောက်မှာ ဓမ္မရာမထရ်သည် ငိုယိုပူဆွေးခြင်း၊ စုဝေးတိုင်ပင်ခြင်း လုံးဝမပြုလုပ်ဘဲ တောထဲမှာ အချိန်ပြည့်တရားအားထုတ်နေတာကို မကျေနပ်တဲ့ရဟန်းများက မြတ်စွာဘုရားကို သွားလျှောက်လို့ ဗုဒ္ဓက – ငါဘုရားကို တကယ်ချစ်ရင် ဓမ္မာရာမလို တကယ်ကျင့်ရမယ် လို့ မိန့်ကြားပြီး ဂါထာတစ်ပုဒ်နဲ့တရားဟောတော်မူပါတယ်။ ဂါထာအဆုံးမှာ ဓမ္မာရာမ မထေရ်ဟာ ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။

သမာဓိရှိတဲ့သူဟာ အခြေအနေ အချိန်အခါကို တွက်ချက်ပြီး လောလောဆယ် ကိုယ်အလုပ်သင့်ဆုံး အလုပ်ဟာ ဘာလဲ ဆိုတာကို တိတိကျကျ ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ အပိုအလုပ်တွေနဲ့ လုံးဝအချိန်ဖြုန်းလေ့မရှိသလို အလုပ်တိုင်းကိုလည်း တပြိုင်တည်း စုပြုံလုပ်လေ့မရှိပါဘူး။ ဦးစားပေးအလုပ်နဲ့ ဆိုင်းငံ့အလုပ်ကို ခွဲခြားနားလည်တဲ့အတွက် အလုပ်ရဲ့အရည်အသွေးနဲ့ အလုပ်ရဲ့စံချိန်ကို ထူးထူးခြားခြားအရာထင်အောင် မြှင့်တင်နိုင်ပါတယ်။

 

၃) ပညာမရှိသူရဲ့အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ပညာရှိသူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်။

အမှားအမှန်၊ အကောင်းအဆိုးကို အကြောင်းအကျိုးနဲ့ စနစ်တကျ သိမြင်နိုင်စွမ်းကို ပညာလို့ ခေါ်ပါတယ်။ တွေးသင့် မတွေးသင့်၊ ပြောသင့် မပြောသင့်၊ လုပ်သင့် မလုပ်သင့်ကို ခွဲခြားနားလည်ပြီး နားလည်တဲ့အတိုင်းလည်း အမှန်နဲ့အကောင်းတွေချည်း တွေး၊ ပြော လုပ်တဲ့သူဟာ ပညာရှိတဲ့သူပါ။
ပညာ သုံးမျိုး
– မှတ်သားပညာ – အရာရာကို မျက်စိဖွင့်၊ နားစွင့်ပြီး လေ့လာမှတ်သားနာကြား ဖတ်ရှုရာက ရလာတဲ့ဗဟုသုတအသိ။
– စဉ်းစားပညာ – ရလာတဲ့ ဗဟုသုတအသိနဲ့လက်တွေ့ခံစားချက်ကို အခြေခံပြီး ဆင်ခြင်သုံးသပ်စဉ်းစားတွေးတောရာက ရလာတဲ့ကိုယ်ပိုင်အသိ။
– ရှုပွာ ပညာ – သတိပဋ္ဌာန်နည်းလမ်းအတိုင်း ပစ္စုပ္ပုန်ကျကျ ပရမတ်ဆိုက်ဆိုက် ရှုမှတ်ပွားများအားထုတ်ရာကရလာတဲ့ ၀ိပဿနာအသိ၊ မဂ်ဖိုလ်အသိ။
ဒီသုံးမျိုးလုံးရှိမှ ထိပ်တန်းပညာရှိ ဖြစ်နိုင်ပါတယ်။
သာမာန်လူတစ်ယောက်အနေနဲ့ မှတ်သားပညာနှင့် စဉ်းစားပညာတော့ ရှိကို ရှိရပါမယ်။
မှတ်သားပညာသာရှိပြီး စဉ်းစားပညာမရှိတဲ့သူကိုတော့ ပညာတတ်လို့ပဲ ခေါ်ပါတယ်။
လောကမှာ ပညာရှိတဲ့သူသာ မိမိအကျိုးကိုရော သူတစ်ပါးအကျိုးကိုရော သယ်ပိုးဆောင်ရွက်နိုင်ပါတယ်။

ဗုဒ္ဓဟာ တစ်လောကလုံးမှာ ပညာဉာဏ်အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်လို့ တစ်လောကလုံးရဲ့အကျိုးစီးပွားကို ဘယ်လူ၊ ဘယ်နတ် ဘယ်တန်ခိုးရှင်မှ မတုပနိုင်၊ မနှိုင်းယှဉ်နိုင်လောက်အောင် အဆုံးစွန်အထိ သယ်ပိုးဆောင်ရွက်တော်မူနိုင်ခဲ့တာပါ။

 

၎) ၀ီရိယနည်းသူရဲ့အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ၀ီရိယမြဲသူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီးမြင့်မြတ်ပါတယ်။

ကိုယ်လုပ်ရမယ့်အလုပ်ကို ဘာအကြောင်းကြောင့်မှ နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ပြုလုပ်တတ်တဲ့အစွမ်းသတ္တိကို ၀ီရိယ လို့ ခေါ်ပါတယ်။ ဘယ်လိုအနှောင့်အယှက် အဟန့်အတားမျိုးကိုမှ ဂရုမထားဘဲ ကိုယ့်အလုပ်ကိုယ် စိုက်လိုက်မတ်တတ်လုပ်နေတဲ့သူ၊ နိုးနိုးကြားကြား ထထကြွကြွ အမြဲရှိတဲ့သူဟာ ၀ီရိယမြဲတဲ့သူပါ။
ပင်ကိုအစွမ်းအစဘယ်လောက်၇ှိရှိ ၀ီရိယမရှိရင် အရည်အသွေးကောင်းတွေ၊ ရလာဒ်ကောင်းတွေ လုံးဝထွက်မလာနိုင်တဲ့အပြင် နဂိုရှိပြီးသား အစွမ်းအစတောင်အညွန့်တုံးသွားနိုင်ပါတယ်။

အချိန်မရွေး၊ နေရာမရွေး ပွားများနေမှ
ကိုယ်အမူအရာမရွေး၊ စိတ်အခြေအနေ မရွေး ရှုမှတ်နေမှ တရားအားထုတ်သူအစစ် တရားဝီရိယရှိသူအစစ်လို့ ဆိုလိုပါတယ်။

သီဟိုဠ်ကျွန်းမှာ ထေရိကာ အမည်ရှိ အမျိုးသမီးဟာ အိမ်မှုကိစ္စ လူမှုကိစ္စတွေကို သတိပဋ္ဌာန်ဝိပဿနာအလုပ်နဲ့တွဲပြီး အမြဲလုပ်လေ့ရှိတဲ့အတွက် တနေ့အစိမ်းကြော် ကြော်ရင်း လန်းရာကနွမ်းသွားတဲ့ဟင်းရွက်ကိုသက်သေထားပြီး ခန္ဓာဉာဏ်စိုက်ရှုပွားလိုက်တာ ဟင်းရွက်ကြော်အိုး မီးဖိုပေါ်က မချရသေးခင်မှာပဲ အနာဂါမ်ဖြစ်သွားခဲ့ပါတယ်။

 

၅) ဖြစ်ပျက်မမြင်သူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက် ဖြစ်ပျက်မြင်သူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီးမြင့်မြတ်ပါတယ်။

သက်ရှိ သက်မဲ့တွေ သစ်ရာက ဟောင်းသွားတာ၊
ကောင်းရာက ဆိုးသွားတာ၊
တိုးရာက ရပ်သွားတာ၊
မတ်ရာက လဲသွားတာ၊
မြဲရာက တိမ်းသွားတာ၊
စိမ်းရာက နွမ်းသွားတာ၊
ဖြိုးရာက ကျသွားတာ၊
လှရာက ပုပ်သွားတာ၊
ဟုတ်ရာက ခွင်သွားတာ၊
ရှင်ရာက သေသွားတာတွေ အားလုံးဟာ ဖြစ်ပက်ျတွေချည်းပါပဲ။ ဒီဖြစ်ပျက်တွေဟာ သံဝေဂဉာဏ်ပဲရှိပါသေးတယ်။ သံဝေဂ​ဖြစ်ပျက်ကနေ ၀ိပဿနာ ပရမတ် ဖြစ်ပျက်ပါမြင်အောင် သတိပဋ္ဌာန်နည်းလမ်းအတိုင်း ရှုမှတ်ပွားများသွားရပါမယ်.။
ပဋာစာရာထေရီမ တစ်နေ့ခြေထောက်ရေဆေးရင်း ပထမလောင်းတဲ့ရေနည်းနည်းပဲစီးပြီး ရပ်သွားတာ၊ ဒုတိယလောင်းတဲ့ရေ ပထမထက် ပိုစီးပြီးရပ်သွားတာ၊ တတိယလောင်းတဲ့ရေ ဒုတိယထက်ပိုစီးပြီးရပ်သွားတာကို တစ်နေ့တစ်နေ့ အရွယ်သုံးပါးလုံး သေဆုံးနေကြတာနဲ့ ဆက်စပ်ပြီး  သံဝေဂဖြစ်ပျက်ဆင်ခြင်ရာက ခန္ဓာဘက်ဉာဏ်လှည့်ပြီး ၀ိပဿနာဖြစ်ပျက်ရှုပွားလိုက်တာ ခြေဆေးခုံပေါ်မှာပဲ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

 

၆) မသေရာနိဗ္ဗာန်ကို မမြင်သူရဲ့အနှစ်တစ်ရာအသက်ရှင်ရခြင်းထက် မသေရာနိဗ္ဗာန်ကို မြင်သူရဲ့တစ်ရက်တာအသက်ရှင်ရခြင်းက အဆပေါင်းမျာစွာပိုပြီး မြင့်မြတ်ပါတယ်။

အိုနာသေရေး၊ ဒုက္ခဘေးတို့၊ ကင်းဝေးရာအမှန်၊ မြတ်နိဗ္ဗာန် ဆိုတဲ့အတိုင်း နိဗ္ဗာန်ဆိုတာ အိုခြင်းကင်းတဲ့ဓါတ်၊ နာခြင်းကင်းတဲ့ဓါတ်၊ သေခြင်းကင်းတဲ့ဓါတ်၊ ဆင်းရဲခြင်းကင်းတဲ့ဓါတ် တစ်မျိုး ဖြစ်ပါတယ်။ လိုရင်းကတော့ သေခြင်းကင်းတဲ့ဓါတ်။
သေခြင်းကင်းတယ်ဆိုတာ ရှင်ခြင်းကင်းလို့ပါ။ ရှင်းခြင်း ကင်းတယ်ဆိုတာလည်း ရုပ်နာမ်ခန္ဓာ မရှိလို့ပါ။ ရုပ်နာမ်ခန္ဓာမရှိမှတော့ အိုစရာလည်း မလို၊ နာစရာလည်း မလို၊ သေစရာလည်း မလို၊ ဆင်းရဲစရာလည်း မလိုတော့ပါဘူး။
သေတယ်ဆိုတာ လိုရင်းကတော့ ပျက်တာပါပဲ။ ရုပ်နာမ်ခန္ဓာနဲ့ ဆက်စပ်နေတဲ့ချမ်းသာမှန်သမျှ အပျက်မှာပဲ လမ်းဆုံးတဲ့အတွက် ချမ်းသာစစ် ချမ်းသာမှန်မဟုတ်ပါဘူး။ ချမ်းသာတု ချမ်းသာမှားတွေပါ။
ပျက်ခြင်းကို မလိုချင်ရင် ဖြစ်ခြင်းမရှိအောင် ကြိုးစားရပါမယ်။ သေခြင်းကို မလိုချင်ရင် ရှင်ခြင်းမရှိအောင် အားထုတ်ရပါမယ်။ ပျက်မှ သေမှ ဒုက္ခလို့ မြင်တာထက် မပျက်ခင် မသေခင် ဖြစ်နေ ပျက်နေတာကို ဒုက္ခပဲလို့ မြင်တာက မပျက်ခြင်း၊ မသေခြင်းနဲ့ ပိုပြီး နီးစပ်နိုင်ပါတယ်။
ပျက်တတ်တဲ့ ရုပ်နာမ်ခန္ဓာလုံးဝမရှိပေမယ့် ဘယ်တော့မှ မပျက်စီးဘဲ အစဉ်ထာဝရ တည်မြဲနေတဲ့ အငြိမ်းဓါတ်တစ်မျိုးတော့ နိဗ္ဗာန်မှာ အထင်အရှားရှိပါတယ်။
ရင်သွေးသားငယ်ရဲ့သေခြင်းတရားကြောင့် စိတ်သောကရောက်နေရရှာတဲ့ ကိသာဂေါတမီဟာ ဗုဒ္ဓအဆုံးအမကြောင့် မသေခြင်းတရားကို လက်ဝယ်ဆိုက်ဆိုက်ရရှိလိုက်တဲ့အချိန်မှာတော့ သားငယ်ရဲ့သေခြင်းအပေါ်မှာ စိတ်မပူပန်တော့တဲ့အပြင် မိမိကိုယ်တိုင်ရဲ့သေခြင်းကနေလည်း အပြီးတိုင် လွတ်မြောက်သွားခဲ့ပါတယ်။

 

၇) လောကလွန်တရားမြတ်ကို မမြင်သူရဲ့အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် လောကလွန်တရားမြတ်ကို မြင်သူရဲ့တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီးမြင့်မြတ်ပါတယ်။

လောကကို လွန်မြောက်သွားတဲ့ လောကလွန်တရား (လောကုတ္တရာတရား) ဆိုတာ မဂ်ဖိုလ်နိဗ္ဗာန်ကလွဲရင် ကျန်တဲ့အရာအားလုံး လောကီတွေချည်းပါပဲ။
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်၊ ၀ိပဿနာကုသိုလ် ဒီကုသိုလ်အားလုံး လောကီကုသိုလ်တွေချည်းပါပဲ။ ပရိယတ္တိအလုပ်၊ ပဋိပတ္တိအလုပ်တွေအားလုံးဟာ လောကီအလုပ်ချည်းပါပဲ။ လောကုတ္တရာကိုရဖို့ လောကီနဲ့ပဲ ရင်းနှီးရပါတယ်။
ဒါန၊ သီလ၊ သမထ စတဲ့ ကုသိုလ်ကောင်းမှုတွေကို နိဗ္ဗာန်ဦးတည်ချက်နဲ့ တစ်ဖက်ကပြုရင်း သတိပဋ္ဌာန်ဝိပဿနာအလုပ်ကို တစ်ဖက်က ကိုယ်အမူအရာဘာပဲပြုပြု- ပြုနေစဉ်၊ စိတ်အခြေအနေ ဘာပဲဖြစ်ဖြစ်- ဖြစ်နေစဉ်၊ နေစဉ်တိုင်း နေစဉ်တိုင်းမှာ သတိဉာဏ်ရှေ့ထားပြီး ကြိုးကြိုးစားစား အားထုတ်သွားမယ်ဆိုရင် ၀ိပဿနာဉာဏ်အထွတ်အထိပ်ရောက်တဲ့တစ်နေ့ မဂ်ဖိုလ်နိဗ္ဗာန်- လောကုတ္တရာတရားကို လက်ဝယ်မိမိရရှိလာပါလိမ့်မယ်။
စိတ်ဓါတ်နဲ့ အသိဉာဏ်အဆင့်အတန်းမြင့်မားသူတိုင်း ကိုယ့်ရဲ့လက်ရှိဘ၀အနေအထားကို ကျေနပ်အားရပြီး ရပ်တန့်နေလေ့ မရှိပါဘူး။ တစ်ဆင့်ထက်တစ်ဆင့် မြတ်သထက်မြတ်အောင် ကြိုးစားအားထုတ်ကြတာချည်းပါပဲ။
လောကီတရားထက် အဆင့်မြင့်တဲ့ လောကုတ္တရာတရားဆိုတာ ကိုယ့်ဘ၀ကိုယ် ကျေနပ်နှစ်သိမ့်နေကြသူတွေနဲ့ လုံးဝမဆက်ဆံ၊ လုံးဝမထိုက်တန်တဲ့ အထွတ်အမြတ်တရား ဖြစ်ပါတယ်။
နှာတစ်ချေ၊ ချောင်းတစ်ဟန့်တောင် မဖြစ်ဖူးတဲ့ အရှင်ဗာကုလဟာ ခန္ဓာကိုယ်အနာရောဂါကင်းရှင်းရုံနဲ့ ကျေနပ်မနေဘဲ စိတ်အနာရောဂါလို့ခေါ်တဲ့ ကိလေသာအနာရောဂါပါ ကင်းရှင်းအောင် ကြိုးစားအားထုတ်ခဲ့တဲ့အတွက် ချမ်းသာအားလုံးရဲ့အထွတ်အမြတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ထာဝရပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။

 

အညွှန်း – အရှင်ဆန္ဓာဓိက ရေးသားတော်မူသော တစ်ရာနှင့် တစ်ရက် စာအုပ်။

 

 

 

 

This entry was posted in ကောက်နှုတ်မှုများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s