အနိစ္စာနုပဿနာ ရှုပွားနည်း

ရှုပွားတဲ့အခါမှာ မြင်သာပြီး လွယ်ကူတဲ့ ခပ်ကျဲကျဲနေရာကနေစပြီး ရှုရပါမယ်။ ပထမဆုံး အရွယ်ဆယ်ပါးကနေစပြီးတော့ ရှုရပါမယ်။
အရွယ်ဆယ်ပါးက –

၁) မန္ဓဒသက – မွေးစကနေ ဆယ်နှစ်သားအထိအရွယ် – ဉာဏ်ပညာနုန့်နှေးတဲ့အရွယ်လို့ အဓိပ္ပါယ် ရပါတယ်။

၂) ခိဋဒသက – ဆယ်နှစ်ကနေ နှစ်ဆယ်အရွယ်အထိ – မြူးတူးပျော်ပါးကစားတဲ့အရွယ်လို့ အဓိပ္ပါယ် ရပါတယ်။

၃) ၀ဏ္ဏဒသက – နှစ်ဆယ်ကနေ သုံးဆယ်အရွယ်အထိ – အဆင်းအလှဆုံးအရွယ်လို့ အဓိပ္ပါယ် ရပါတယ်။

၎) ဗလဒသက – သုံးဆယ်ကနေ လေးဆယ်အရွယ်အထိ – အားခွန်ဗလအကောင်းဆုံးအရွယ်။

၅) ဉာဏဒသက – လေးဆယ်ကနေ ငါးဆယ်အရွယ်အထိ – ဉာဏ်အကောင်းဆုံးအရွယ်။

၆) ဟာနိဒသက – ငါးဆယ်ကနေ ခြောက်ဆယ်အရွယ်အထိ – သွေးအားလေအားဆုတ်ယုတ်စအရွယ်။

၇) ပဗ္ဘာရဒသက – ခြောက်ဆယ်ကနေ ခုနစ်ဆယ်အရွယ်အထိ – ခန္ဓာကိုယ် ရှေ့ကိုကိုင်းလာရှိုင်းလာတဲ့အရွယ်။

၈) ၀င်္ကဒသက – ခုနစ်ဆယ်ကနေ ရှစ်ဆယ်အရွယ်အထိ – ခန္ဓာကိုယ်ကုန်းလာတဲ့အရွယ်။

၉) မောမူဟဒသက – ရှစ်ဆယ်ကနေ ကိုးဆယ်အရွယ်အထိ – သတိမေ့လျော့တတ်တဲ့အရွယ်။ ဒီအရွယ်ဟာ သားသမီး မြေးမြစ်တွေ စေတနာပျက်တဲ့အရွယ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုပဲထမင်းပွဲပြင်ပြီး အဖိုးဖြစ်သူစားပြီးသွားလို့ သိမ်းဆည်းပြီးသွားတယ်။ အဲဒီအချိန်မှာပဲ ဘေးကဧည့်သည်တွေရောက်လာပြီး အဖိုး ထမင်းစားပြီးပလားလို့မေးလိုက်ရင် မောမူဟအရွယ်ဖြစ်တဲ့အတွက် ထမင်းစားပြီးတာကိုမေ့သွားလို့ မစားရသေးဘူး။ အဖိုးကို ထမင်းကျွေးဖို့ မေ့နေကြထင်ပါရဲ့လို့ ဖြေလိုက်တယ်။ ဒီတော့ စောစောကမှ ထမင်းကျွေးထားကြတဲ့ သားသမီးမြေးမြစ်တွေက ငါတို့ကို လူရှေ့သူရှေ့မှာ သက်သက်အရှက်ခွဲတာပဲဆိုပြီး စေတနာပျက်ကုန်ကြရော။ နောင်ကို ကောင်းကောင်းမကျွေးချင်ကြတော့ဘူး။ သားသမီးမြေးမြစ်တွေကလည်း ဒီနေရာမှာ အဖိုးအဖွားများကို နားလည်ပေးကြပါ။ ငါတို့ကို အရှက်ရဖို့၊ သိက္ခာချဖို့ လုပ်ကြံပြောတာ မဟုတ်ပါဘူး။ ဒီအရွယ်ဟာ သတိမေ့တတ်တဲ့အရွယ်ပဲ။ ဒ့ါကြောင့် တကယ်မေ့လို့ပြောရှာတာပါ။ ငါတို့လည်း ဒီအရွယ်ရောက်လာရင် ဒီလိုပဲဖြစ်ဦးမှာပဲဆိုပြီး ကိုယ်ချင်းစာကြပါ။ အခုခေတ်သက်တမ်းတိုတဲ့အရွယ်ဆိုတော့ ခုနစ်ဆယ်ကျော်ရင်ပဲ မေ့တတ်ကုန်ပါပြီ။

၁၀) သယနဒသက – ကိုးဆယ်ကနေ တစ်ရာအရွယ်အထိ – မသွားနိုင် မလာနိုင်တော့ပဲ အိပ်ရာထဲလဲနေတဲ့အရွယ်။ ဒီအရွယ်ကတော့ ကျွေးမွေးပြုစုထားတဲ့ သားသမီးများက စေတနာပျက်ရုံပင်မက မြန်မြန်သေစေချင်တဲ့အရွယ်ပါ။ ကိုယ့်အညစ်အကြေးတောင် ကိုယ်ထမစွန့်နိုင်တဲ့အရွယ်ဆိုတော့ ပြုစုတဲ့သူက ရွံတတ်ရင် ပိုဒုက္ခရောက်တာပေါ့။ တချို့အဖိုးကြီးအဖွားကြီးတွေက အသက်ကြီးလာပေမယ့် ၀မ်းမီးကကောင်းနေုတုန်းပဲ။ ဒါ့ကြောင့် အိပ်ရာထဲလဲနေပေမယ့် အစားကိုကောင်းကောင်းစားနိုင်တယ်။ အဲသလို အစားကိုကောင်းကောင်းစားနိုင်တာကိုပဲ တချို့သားသမီးတွေက ဖုတ်ဝင်တာလို့ ထင်ပြန်ရော။ ဒီကြားထဲ ကျွေးတာနည်းတော့ ညသန်းခေါင်အချိန်မှာ မနေနိုင်မထိုင်နိုင်အောင် ဆာလာတယ်။ လူကြီးဆိုတော့ မင်းကျွေးတာနည်းတယ်။ မ၀သေးဘူး။ ထပ်ယူခဲ့ဦးလို့ ပြောရမှာလည်း ရှက်တယ်။
အဖိုးအဖွယးနေရာ ကိုယ်တိုင်နေကြည့်ပါ။ အစားနဲ့ပတ်သက်ပြီး စကားပြောရတာဟာ အင်မတန်ရှက်စရာကောင်းကြောင်း ကိုယ်တွေ့အဖိုးအဖွားဖြစ်တဲ့အခါ သိလာပါလိမ့်မယ်။ ဒါ့ကြောင့်လည်း သားသမီးတွေ အိပ်ကောင်းတဲ့သန်းခေါင်အချိန်ကျမှ တအားဆာလာတော့ အရင်ကလမ်းမလျှောက်နိုင်တဲ့ အဖိုးအဖွားဟာ အစားဇောကြောင့် အားတင်းပြီး ကြောင်အိမ်ရှိရာ ရောက်အောင်သွားတယ်။
သားသမီးတွေ အိပ်ရေးပျက်မှာစိုးတော့ အော်ဟစ်လည်း မနှိုးရက်ဘူး။ အဲဒီလို သားသမီးတွေ အိပ်ရေးပျက်မှာစိုးလို့ အော်ဟစ်မနှိုးတဲ့စေတနာဟာ လောလောဆယ်မှာတော့ အဖိုးနဲ့အဖွားကို ဖုတ်ဝင်နေပြီလို့ ယုံကြည်စေတဲ့ အချက်တချက် ဖြစ်သွားတယ်။ ကြောင်အိမ်တံခါးဖွင့်ပြီးတာနဲ့ တွေ့တဲ့အစားအစာကို ယူပြီးစားရတော့တာပေါ့။ ဇရာဒဏ်၊ ရောဂါဒဏ်က ဖိစီးနေတော့ ကြောင်အိမ်ကို မနည်းအားယူပြီး ရပ်နေရတယ်။ ဖေးမမယ့်သူ မရှိဘူးဆိုတဲ့အသိကြောင့်သာ စိတ်အားတင်းပြီး ရပ်နေရတာ။ ဖေးမမည့်သူတစ်ယောက်ကိုသာ တွေ့လိုက်ရရင် ချက်ခြင်းလဲကျမှာ အသေအချာပါ။ အဲဒီအချိန်မှာ မသင်္ကာစိတ်ဝင်နေတဲ့ သားသမီးတစ်ယောက်ယောက်က အသံကြားတာနဲ့ အိပ်ရာကထလာပြီး အနားလာကြည့်တယ်။ ကြောင်အိမ်ထဲ အသင့်တွေ့တဲ့ အသားဟင်းတွေကို စားနေတဲ့အမေကိုမြင်တော့ ငါတို့မသိအောင် ညသန်းခေါင်မှာထလာပြီးစားတာဆိုတော့ ဖုတ်ဝင်တယ်လို့ထင်တယ်ဆိုပြီး ၅၀%လောက်က ဖုတ်ဝင်တာလို့ စွဲလန်းသွားတယ်။

အမေဘာလုပ်နေတာလဲလို့ မေးလိုက်တာနဲ့ သားအသံကို ကြားလိုက်ရတဲ့မိခင်ဟာ အားတင်းထားရတဲ့စိတ်ကို လျှော့ချလိုက်တာနဲ့ခွေကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုဖေးမကူညီမယ့် သားရောက်လာပြီးဆိုတဲ့အားကိုးတဲ့စိတ်ကြောင့်ပါ။ အဲဒီလိုခွေကျသွားတာကိုလည်း သားသမီးများက လူတွေ့လို့ ဖုတ်ကဟန်ဆောင်တာဆိုပြီး အဲဒီနေ့ကစပြိး ဆရာမျိုးစုံနဲ့ ဖုတ်ထွက်အောင်လုပ်တော့တာပဲ။ အမှန်ကတော့ မြန်မြန်သေအောင် လုပ်တာပါ။ တကယ်ဖုတ်မ၀င်ဘဲ မိဘအရင်းကို အဲဒီလိုနည်းနဲ့သေအောင်လုပ်ခဲ့ရင် မိမိတို့ပင်မသိလိုက်တဲ့ ပဉ္စာနန္တရိယကံ ထိုက်ပါတယ်။ သားသမီးတိုင်း အထူးသတိထားကြရပါမယ်။

 

ပရမတ်ခန္ဓာငါးပါး ဖြစ်ပျက်ပုံကို ဉာဏ်နဲ့သိပြီး အနိစ္စာနုပဿနာကို အရွယ်ဆယ်ပါးကို ပွားကြရအောင် –

မန္ဓဒသက ဆယ်နှစ်အရွယ်၌ ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါးတို့သည်ကား ခိဋ္ဋဒသက ဒုတိယ ဆယ်နှစ်အရွယ်သို့ ပါမလာကြ။

ပထမဆယ်နှစ်အရွယ်မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့သည်ကား အနိစ္စ။ အမြဲမရှိ။

အစဉ်အတိုင်း အရွယ်ဆယ်ပါး တစ်ပါးဆီကို သွားရမှာပါ။

 

အရွယ်ဆယ်ပါးထက်ပိုပြီး အနုစိပ်တဲ့ဥတုသုံးပါးနဲ့ ပွားများကြဦးစို့။

နွေကာလ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား မိုးကာလ သို့ ပါမလာကြ။ နွေကာလ မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

မိုးကာလ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား ဆောင်းကာလ သို့ ပါမလာကြ။  မိုးကာလ မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

ဆောင်းကာလ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား နောင်နှစ်နွေကာလ သို့ ပါမလာကြ။ ယခုနှစ် ဆောင်းကာလမှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

 

ဥတုသုံးပါးနဲ့ ပွားများပြီးနောက် (၁၂) လနဲ့ ပွားများကြပါဦးစို့။

တန်ခူးလ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား ကဆုန်လ သို့ ပါမလာကြ။ တန်ခူးလ မှာပင်ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

ဆက်လက်၍ ပွားများပါ။

တပေါင်းလ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား နောင်နှစ်တန်ခူးလ သို့ ပါမလာကြ။ တပေါင်းလမှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

 

တစ်လမှာလည်း လဆန်းပက္ခ၊ လဆုတ်ပက္ခလို့ နှစ်မျိုး ရှိပါတယ်။

လဆန်းပက္ခ သည် လဆန်း ၁ ရက်မှ လပြည့်နေ အထိ။

လဆုတ်ပက္ခ သည် လဆုတ် ၁ ရက်မှ လကွယ်နေ့ အထိ။

လဆန်းပက္ခ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား လဆုတ်ပက္ခ သို့ ပါမလာကြ။ လဆန်းပက္ခ မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

လဆုတ်ပက္ခ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား နောင်လ လဆန်းပက္ခ သို့ ပါမလာကြ။ ယခုလ လဆုတ်ပက္ခမှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

 

 

တစ်ရက်အတွင်းမှာလည်း နေ့ ညလို့ နှစ်ခုရှိတဲ့အနက်မှာ နေ့မှာ သုံးပိုင်း၊ ညမှာ သုံးပိုင်း ပိုင်းပြီး ပွားရပါမယ်။

မနက်ကာလ ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား နေ့ခင်ကာလ  သို့ ပါမလာကြ။ မနက်ကာလမှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

နေ့ခင်ကာလ  ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား ညနေပိုင်းကာလ သို့ ပါမလာကြ။  နေ့ခင်ကာလမှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

ဉာဥ့်ဦးယံ၌  ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား သန်းခေါင်ယာမ် သို့ ပါမလာကြ။  ဉာဥ့်ဦးယံမှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။

သန်းခေါင်ယာမ် ၌  ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား မိုးသောက်ယာမ် သို့ ပါမလာကြ။ သန်းခေါင်ယာမ် မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။


 

တစ်ရက်မှာ ၂၄နာရီရှိတာကိုလည်း ပွားများကြရအောင်။

ပထမနာရီ ၌  ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား ဒုတိယနာရီ သို့ ပါမလာကြ။ ပထမနာရီ မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။
(———-)

 

တစ်နာရီမှာ မိနစ်ခြောက်ဆယ်ကိုလည်း ပွားကြဦးစို့။

ပထမမိနစ် ၌  ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား ဒုတိယမိနစ် သို့ ပါမလာကြ။ ပထမမိနစ် မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။
(———-)

 

တစ်မိနစ်မှာ စက္ကန့်ခြောက်ဆယ်ကို ဆက်ပွားကြဦးစို့။

ပထမစက္ကန့် ၌  ၌ဖြစ်ကြကုန်သော ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်ကား ဒုတိယစက္ကန့် သို့ ပါမလာကြ။ ပထမစက္ကန့် မှာပင် ချုပ်ပျောက်ပျက်စီးကြကုန်၏။ သို့အတွက်ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား အနိစ္စ အမြဲမရှိ။
(———-)

ဒါကတော့ အနိစ္စပါ။ ဒုက္ခကို ရှုပွားချင်ရင် ဒုက္ခဆင်းရဲ၏။

အနတ္တကို ရှုပွားချင်ရင် အနတ္တ အစိုးမရ လို့ ပြောင်းဆိုပေးရပါမယ်။

 

ဖြစ်တယ်ဆိုတာ ပဋိသန္ဓေ ပါ။

ပျက်တယ်ဆိုတာ စုတိ သေတာပါ။

ပရမတ်ခန္ဓာ ဖြစ်ပျက်ကို မမြင်ခင်က တစ်ဘ၀မှာ တစ်ခါသာသေတယ်လို့ ထင်ခဲ့ကြတယ်။ အခုလို ပရမတ်ခန္ဓာဖြစ်ပျက်မှုကို ဉာဏ်နဲ့သိလာတဲ့အခါမှာတော့ တစ်စက္ကန့်တောင် အသက်မရှည်တော့ပါဘူး။

တစ်စက္ကန့်ကိုပဲ ရုပ်ခန္ဓာပေါင်း ကုဋေ ၅၈၈၀ ကျော် သေပြီး နာမ်ခန္ဓာပေါင်း ကုဋေတစ်သိန်းကျော် သေရတာကို သိသွားတော့ ခန္ဓာတပ်မက်တဲ့စိတ်ဟာ အရင်ကနဲ့စာရင် လျှော့သွားတာ အမှန်ပါပဲ။

 

 

အညွန်း- အရှင်ဇ၀န (မေတ္တာရှင် -ရွှေပြည်သာ) ရေးသားတော်မူသော မဂ်တား ဖိုလ်တား အန္တရာယ်များ စာအုပ်။

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s