အနတ္တ ရှင်းပုံ

အနတ္တအနက် ၆ မျိုး

၁) အသာရကတ္ထေန  ယူစရာ၊ ပြစရာ၊ ရစရာ အနှစ်အသားဟူ၍ ဘာမှမရှိခြင်း အနက်သဘောကြောင့် အနတ္တာ- အနတ္တ မည်။

၂) အသာမိကတ္ထေန စိုးသူ၊ ပိုင်သူ၊ စေခိုင်းသူ မရှိသော  အနက်သဘောကြောင့် အနတ္တာ- အနတ္တ မည်။

၃) အ၀သ၀တ္တနတ္ထေန ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အထောက်အပံ့ကို မရဘဲ မိမိဖြစ်စေချင်တဲ့ အလိုဆန္ဒအတိုင်း မဖြစ်။ မိမိအလို အကြိုက်သို့ မပါသောကြောင့်  အနတ္တာ- အနတ္တ မည်။

၎) သုညတတ္ထေန၊ အတ္တသတ္တိ၊ ကာရကသတ္တိ၊ ဝေဒကသတ္တိ တို့မှ ကင်းဆိတ်ခြင်းအနက်ကြောင့်  အနတ္တာ- အနတ္တ မည်။

၅) ပရတ္ထေန   ပြင်ပသူစိမ်းကဲ့သို့ သူ့သဘောအတိုင်းသာ သူဖြစ်၍ နေသောကြောင့်  အနတ္တာ- အနတ္တ မည်။

၆) ဇာတိမီး၊ ဇရာမီ၊ မရဏမီးတို့မှ အေးငြိမ်းခြင်း သုခသဘောလည်းမ ရှိဘူး။ ကိုးပေါက်သော ဒွါရကနေ နေ့စဉ်အညစ်အကြေး အပုပ်ရည်တွေ ယိုစီးခြင်းမှကင်းတဲ့ သုဘသဘောလည်း မရှိဘူး။ ဒါ့ကြောင့် တုစ္ဆတ္ထေန၊ နိစ္စ၊ သုခ၊ သုဘ ဟု ဆိုအပ်သော ကောင်းမြတ်သော တရားတို့မှ အချည်းအနှီးဟူသော အနက်ကြောင့်  အနတ္တာ- အနတ္တ မည်၏  ဟု ဗုဒ္ဓက ဟောတော်မူခဲ့ပါတယ်။

 

အနတ္တကို ပုဒ်ခွဲလျှင် “န- မရှိခြင်း”၊ “အတ္တ – ကိုယ်။” အနိတ္တ= ကိုယ်မရှိခြင်း။

အနတ္တကို သိချင်ရင် “အတ္တ”ကို အရင်သိအောင် လုပ်ရပါတယ်။ “အတ္တ” ကို သိရင် “အနတ္တ” ကို သိတာပါပဲ။

“အတ္တ” ကို မြန်မာလိုအဓိပ္ပါယ်ပြန်ရင် “ကိုယ်” လို့ ဖြစ်ပါတယ်။

“ကိုယ်” ကို ထပ်ပြီးအဓိပ္ပါယ်ဖွင့်လိုက်တဲ့အခါ “အနှစ်သာရ” လို့ ဖြစ်လာပါတယ်။

“ကိုယ်” ဆိုတဲ့ စကားလုံးကို သက်ရှိ သက်မဲ့နှစ်မျိုးလုံးမှာ သုံးပါတယ်။

သက်ရှိမှာဆိုရင် အကြီးဆုံး အခိုင်မာဆုံးဖြစ်တဲ့ ရင်ဘတ်နဲ့ ကျောတစ်ခုလုံးကို ကိုယ်လို့ ခေါ်ကြပါတယ်။

သက်မဲ့မှာတော့ ကိုယ်ထည်လို့ သုံးပါတယ်။ ဥပမာ ကွမ်းအစ် ဆိုရင် ကွမ်းထည့်တဲ့ အောက်ခံခွက်ကြီးတစ်ခုလုံးကို ကိုယ်ထည်လို့ ခေါ်ပါတယ်။ အကြီးဆုံး အခိုင်ခံ့ဆုံး ဖြစ်လို့ပါပဲ။ ကလေးတွေ ကစားတဲ့ အိုးပုတ်လေးကို မိုးထဲလေထဲပစ်ထားရင်တောင် လေးငါးလတော့ မပျက်မစီး ခိုင်မြဲနေပါသေးတယ်။ ဘာဖြစ်လို့ခိုင်မြဲရသလဲဆိုတော့ “အတ္တလို့ခေါ်တဲ့ ကိုယ်” ရှိနေလို့ပါပဲ။

ဒါ့ကြောင့် “အတ္တ ဆိုတာ ကိုယ်။ “

“ကိုယ် ဆိုတာ အနှစ်သာရ၊ “

“အနှစ်သာရ ဆိုတာ ခိုင်မြဲခြင်း” လို့ ပြောခဲ့တာပါ။

ယောဂီတို့အနေနဲ့ တစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ ခိုင်မြဲတဲ့ သဘောရှိမှ အတ္တ ခေါ်တယ်ဆိုတာကိုတော့ သဘောပေါက်ရောပေါ့။ “ခိုင်မြဲတဲ့အနှစ်သာရရှိလို့ အတ္တ” ခေါ်တယ်ဆိုတာကိုသိသွားရင် အနတ္တ ကို အလိုလိုသဘောပေါက်နိုင်ပါပြီ။ ပြောင်းပြန်လှန်လိုက်ရုံပါပဲ။

“ခိုင်မြဲတဲ့အနှစ်သာရရှိလို့ အတ္တ” ခေါ်တယ်။

“ခိုင်မြဲတဲ့ အနှစ်သာရ မ ရှိလို့ အနတ္တ” လို့ ခေါ်တယ် လို့ အပြန်သိရမယ်။

 

ပရမတ်ခန္ဓာငါးပါးရဲ့ ခိုင်မြဲတဲ့အနှစ်သာရ မရှိပုံ ကို ဗုဒ္ဓက ဘာကြောင့် “အနတ္တ၊ ကိုယ် မရှိဘူး။ အတ္တ မရှိဘူး။ ခိုင်မြဲမှု မရှိဘူး” လို့ ဟောခဲ့ရသလဲဆိုတော့ –

ပထမအချက် အနေဖြင့် – ပရမတ်ခန္ဓာငါးပါးဟာ မူရင်းကိုက အကောင်အထည်၊ အရည်၊ အဖတ်၊ အမှုံ၊ အမွှား၊ ဘာမှရှိတာ မဟုတ်ဘူး။ သဘောတရားအနေနဲ့သာ ရှိတာ။ (ပထ၀ီဓါတ် ရှင်းပြပုံကို ပြန်ကြည့်ပါ။)

ဒုတိယအချက် က- အဲဒါပရမတ်ခန္ဓာတွေက တစ်စက္ကန့်တောင် မပျက်စီးပဲ မတည်နိုင်ကြဘူး။ အကယ်၍ တစ်စက္ကန့်လောက် မပျက်မစီးတည်နေနိုင်တယ်ဆိုရင် ဗုဒ္ဓက အတ္တ ရှိတယ်။ ကိုယ် ရှိတယ်။ ခိုင်မြဲခြင်းရှိတယ်လို့ ဟောမှာ။ အခုတော့ တစ်စက္ကန့်တောင် မပျက်မစီး မတည်နိုင်ပဲ အဲဒီတစ်စက္ကန့်အတွင်းမှာတင် ရုပ်ခန္ဓာပေါင်း ကုဋေငါးထောင်ရှစ်ရာရှစ်ဆယ်ကျော်၊ နာမ်ခန္ဓာပေါင်း တစ်သိန်းဖြစ်ပြီးတော့ ပျက်သွားကြါတယ်။

ဒါ့ကြောင့် ဗုဒ္ဓက အနတ္တ လို့ ဟောတော်မူခဲ့တာပါ။ အနိစ္စ၊ ဒုက္ခ ကို သာသနာပ မှာ တခါတရံကြားသိနိုင်ပါသေးတယ်။ အနတ္တ ဆိုတာကိုတော့ ဘုရားပွင့်တဲ့အခါမှပဲ ကြားသိနိုင်ပါတယ်။

 

အညွန်း- အရှင်ဇ၀န (မေတ္တာရှင် -ရွှေပြည်သာ) ရေးသားတော်မူသော မဂ်တား ဖိုလ်တား အန္တရာယ်များ စာအုပ်။

 

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s