မဟာသတိပဋ္ဌာန် ၄ ပါးနှင့် အကျိုး

သမထက ဉာဏ်သေ၊ ၀ိပဿနာက ဉာဏ်ရှင်။

ဗုဒ္ဓသည် ကုရုတိုင်း ကမ္မာဓမ္မေမည်သော နိဂုံးရွာကြီး၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား တစ်ကြောင်းတည်းသော လမ်းခရီး- သတိပဋ္ဌာန် လေးပါး ကို ဟောကြားတော်မူခဲ့သည်။

“ရဟန်းတို့ သတ္တ၀ါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးမြည်တမ်းရခြင်းတို့ကို လွတ်မြောက်နိုင်ရန်၊ ကိုယ်စိတ်ဆင်းရဲခြင်းများချုပ်ငြိမ်းရန်၊ အရိယာမဂ်ကိုရရှိရန် နိဗ္ဗာန်ကို မျက်မျောက်ပြုရန်အတွက် တစ်ကြောင်းတည်းသောခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင် ဖြစ်၏။”

၁) ကာယာနုပဿနာသတိပဋ္ဌာန်- ပြင်းစွာလုံ့လစိုက်လျက် သတိသမ္ပဇဉ်နှင့်ယှဉ်ကာ လောက၌ မက်မောခြင်း၊ ပြစ်မှားခြင်းတို့ကို ပယ်ဖျောက်ပြီး ကိုယ်၌ကိုယ်ဟု အဖန်တလဲလဲရှု၍နေခြင်း ( ရူပက္ခန္ဓာ)

၂) ဝေဒနာနုပဿနာသတိပဋ္ဌာန် – ခံစားမှု ဝေဒနာတို့၌ ခံစားမှုဝေဒနာဟု အဖန်တလဲလဲရှု၍နေခြင်း (ဝေဒနာက္ခန္ဓာ)

၃)  စိတ္တာနုပဿနာသတိပဋ္ဌာန် – စိတ်၌ စိတ်ဟု အဖန်တလဲလဲရှု၍နေခြင်း (၀ိညာဏက္ခန္ဓာ)

၎) ဓမ္မာနုပဿနာသတိပဋ္ဌာန်  – တရားသဘောတို့၌ တရားသဘောဟု အဖန်တလဲလဲရှု၍ နေခြင်း (သညာက္ခန္ဓာ နှင့် သင်္ခါရက္ခန္ဓာ (သို့) ခန္ဓာငါးပါး၏သဘောတရားငါးခု)

 

ပုဂ္ဂိုလ်လေးမျိုးနှင့် သတိပဋ္ဌာန်လေးမျိုး

– ဉာဏ်နည်းပြီး ရာဂများသူသည် ကာယာနုပဿနာသတိပဋ္ဌာန်

– ဉာဏ်ထက်ပြီး ရာဂများသူသည် ဝေဒနာနုပဿနာသတိပဋ္ဌာန်

– ဉာဏ်နည်းပြီး ဒိဋ္ဌိအားကြီးသူသည် စိတ္တာနုပဿနာသတိပဋ္ဌာန်

– ဉာဏ်ထက်ပြီး ဒိဋ္ဌိအားကြီးသူသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် တို့နှင့် သင့်လျော်သည်။

 

(တနည်း)

-သမထအားသန်ပြီး ဉာဏ်နည်းသူသည် ကာယာနုပဿနာသတိပဋ္ဌာန်

– သမထအားသန်ပြီး ဉာဏ်ထက်သူသည် ဝေဒနာနုပဿနာသတိပဋ္ဌာန်

– ၀ိပဿနာအားသန်ပြီး  ဉာဏ်နည်းသူသည်  စိတ္တာနုပဿနာသတိပဋ္ဌာန်

– ၀ိပဿနာအားသန်ပြီး ဉာဏ်ထက်သူသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် တို့နှင့် သင့်လျော်သည်။

 

သံသရာတံတားကူးတဲ့အခါမှာလည်း ကိုယ်အပြစ်ကင်းဖို့၊ ကုသိုလ်ရဖို့ကိုပဲ အဓိကထားရတယ်။ သူတစ်ပါးအပြစ်တွေကြည့်ဖို့ ပြောဖို့ အချိန်မပေးသင့်ဘူး။

ကိုယ်အပြစ်ကင်းဖို့၊ ကုသိုလ်ရဖို့ကိုပဲ အဓိကထားရင် နိဗ္ဗာန်ဆိုတဲ့ တဖက်ကမ်းကို ရောက်မယ်။

သူတစ်ပါးအပြစ်ကိုပြောပြီး သံသရာတံတားကူးရင် အပါယ်လေးပါး ဆိုတဲ့ ချောင်းထဲကို ကျကြမှာပါ။

 

၁) ကာယာနုပဿနာသတိပဋ္ဌာန် ရှုပွားနည်း

1) ၀င်သက်ထွက်သက်ကို ရှုနည်း

ကိုယ်၌ ကိုယ်ဟု ရှုဆင်ခြင်ပုံသည်ကား – ဤသာသနာ၌ ရဟန်းတစ်ပါးသည် တော၊ တောင်၊ သစ်ပင်ရင်း စသော ဆိတ်ငြိမ်ရာအရပ်တစ်ခုခုသို့ ချဉ်းကပ်၍ တင်ပျဉ်ခွေထိုင်ပြီး ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ်ထား၏။ သတိကိုလည်း ကမ္မဋ္ဌာန်းအာရုံသို့ ရှေ့ရှုတည်စေ၏။

ယင်းသို့တည်စေပြီးနောက် ထိုရဟန်းသည် သတိရှိလျက်သာလျှင် ၀င်သက်လေကိုရှူသွင်း၏။ သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှူထုတ်၏။ ရှည်ရှည်ရှူသွင်းလျှင် ရှည်ရှည်ရှူသွင်းသည်ဟု သိ၏။ ရှည်ရှည်ရှူထုတ်လျှင် ရှည်ရှည်ရှူထုတ်သည်ဟု သိ၏။ တိုတိုရှူသွင်းလျှင် တိုတိုရှူသွင်းသည်ဟု သိ၏။ တိုတိုရှူထုတ်လျှင် တိုတိုရှူထုတ်သည်ဟု သိ၏။ ၀င်သက်လေ၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားသိလျှက် ရှူသွင်းမည်ဟူ၍ လေ့ကျင့်အားထုတ်၏။ ရုန့်ရင်းပြင်းထန်သောဝင်သက်ကို ငြိမ်းအေးစေလျက် ရှူသွင်းမည်ဟူ၍ လေ့ကျင့်အားထုတ်၏။ ရုန့်ရင်းပြင်းထန်သောထွက်သက်လေကို ငြိမ်းအေးစေလျက် ရှူထုတ်မည်ဟူ၍ လေ့ကျင့်အားထုတ်၏။

ဥပမာအားဖြင့် ကျွမ်းကျင်သောပွတ်သမားသည် ပွတ်ကြိုးကို ရှည်ရှည်ဆွဲလျှင် ရှည်ရှည်ဆွဲသည်ဟူ၍လည်းကောင်း၊ တိုတိုဆွဲလျှင် တိုတိုဆွဲသည်ဟူ၍လည်းကောင်း သိသကဲ့သို့ဖြစ်၏။

ဒီအာနပါနကမ္မဋ္ဌာန်းသည် သမထလည်းရ၊ ၀ိပဿနာလည်းရတဲ့ စွယ်စုံကမ္မဋ္ဌာန်းကြီးဖြစ်သည်။ သမထသက်သက်ရှုပွားလိုသူကတော့ ထွက်လေ ၀င်လေတစ်ခုပဲ စွဲစွဲမြျြဲမဲရှုမှတ်ရသည်။ တခြားဘာကိုမှ မရှုရဘူး။

ဝိပဿနာအနေနဲ့ရှုမယ့်သူကတော့ အစပိုင်းမှာ ထွက်လေ၊ ၀င်လေကို မှတ်နေရသော်လည်း ၀ါရင့်လာတဲ့အခါကျတော့ထိတဲ့သဘောလေးတစ်ခုကိုပဲ သိရတော့တယ်။ ထွက်လေ ၀င်လေဆိုတဲ့ နာမ ပညတ်တွေ နှာခေါင်းပုံသဏ္ဍန်ဆိုတဲ့ သဏ္ဌန်ပညတ်တွေကို မမှတ်ရတော့ဘူး။ ထိတာလေးကို မှတ်ရင်းနဲ့ သတိအား၊ သမာဓိအား၊ ပညာအားတွေ ကောင်းလာတဲ့အခါ ပူတဲ့သဘော၊

အေးတဲ့သဘော တစ်ခုခုကိုတွေ့တတ်တယ်။ အဲဒါတေဇောဓါတ်ကို သတိထားမိတာ။

တခါတရံ ထိမှုရဲ့ကြမ်းတမ်းတဲ့သဘော၊ နူးညံ့တဲ့သဘော တစ်ခုခုကိုတွေ့ရတယ်။ အဲဒါ ပထ၀ီဓါတ်ကို တွေ့တာပဲ။

တခါတရံ တွန်းကန်သောသဘော၊ လှုပ်ရှားသဘောလေးကိုတွေ့ရတယ်။ အဲဒါ ၀ါယောဓါတ်ကိုတွေ့တာပဲ။

 

သေချာမှတ်ရမှာက ၀ိပဿနာတရားမှာ ဟိုဟာတွေမြင်တာ၊ ဒီဟာတွေမြင်တာ၊ ၀င်းခနဲ လင်းခနဲဖြစ်တာ ကောင်းကင်မြောက်တတ်သလိုဖြစ်သွားတာမျိုးတွေ မရှိဘူး။ သဘောတရားအမှန်ကိုသိပြီး ကိလေသာတွေ တဖြည်းဖြည်းလျော့ပါး ကုန်ခမ်းသွားတာမျိုးပဲရှိတယ်။ ဟိုဟာမြင် ဒီဟာမြင်တာ ထူးထူးဆန်းဆန်းတွေဖြစ်ချင်တာ၊ သူများထက်အကြာကြီးပိုထိုင်နိုင်သူဆိုပြီး အထင်ကြီးခံချင်တာကိုက လောဘတစ်မျိုးပဲ။ တစ်နာရထိုင်ချိန်ဆိုပေမယ့် ကိုယ်နိုင်သလောက်ပဲထိုင်ပါ။ ထိုင်နေရင်းလည်း အိပ်ငိုက်မနေပါနဲ့။ အိပ်ငိုက်တယ်ဆိုတာ ထိန၊ မိဒ္ဓဆိုတဲံ ကိလေသာဖြစ်သွားတာ။ လူအထင်သေးခံရမှာဆိုပြီး ပေပြီးထိုင်နေရင် လောဘကိလေသာက ကိုယ်သတိမထားခင်မှာပဲ ကိုယ့်ကိုနှိပ်စက်သွားပြီ။

နူးညံ့သိမ်မွေ့တဲ့ကိလေသာတွေကစပြီး စိတ်သဏ္ဌန်မှာ ဖြစ်ပေါ်ခွင့်မရအောင် သတိထားနေတာ၊ အားထုတ်နေတာကိုက သမ္မာသတိနဲ့ သမ္မာဝါယာမဂ္ဂင်ကို ပွားများနေတာပါပဲ။

2) ဣရိယာပုတ်လေးပါး

ရဟန်းတစ်ပါးသည်ကား သွားရင် သွားသည်ဟု သိ၏။ ရပ်ရင် ရပ်တယ်လို့ သိ၏။ ထိုင်လျှင် ထိုင်သည်ဟု သိ၏။ လျောင်းရင် လျောင်းတယ်ဟု သိ၏။ တည်ရှိနေတိုင်းသော အခြင်းအရာအားဖြင့် ကိုယ်၏တည်နေပုံကို သိ၏။
မှတ်ချက်။ ပရမတ်သဘောတရားကို ဆိုက်ရောက်အောင် နာထားသောယောဂီတစ်ယောက်သည် ဘယ်လိုမှတ်မှတ် ပရမတ် ရုပ်နာမ်ပေါ် ရောက်တာချည်းပါပဲ။ ဥပမာ သွားတယ် လို့ ပညတ်ပေါ်မှာတင်မှတ်ပေမယ့် ပညာကသွားချင်တဲ့စိတ်ကြောင့် စိတ္တဇ၀ါယောက်ဓါတ်တွေ တစ်ကိုယ်လုံးပျံ့နှံ့သွားတယ်။ အဲဒီစိတ္တဇ၀ါယောဓါတ်တွေကြောင့် ဒီကိုယ်ကြီးဟာ သွားတဲ့အမူအရာရုပ်တွေ ဖြစ်လာတာပဲဆိုတာ သေချာခွဲခြားသိပါတယ်။
ပညာမဂ္ဂင် (သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ) က စိတ္တဇ၀ါယောဓါတ်ကြောင့် လှုပ်ရှားတဲ့သဘောတရားတွေဖြစ်ပြီးပျက်နေတာကို သေချာသိနေပါတယ်။

 

3) သမ္ပဇဉ်ဉာဏ်ဖြင့် ဆင်ခြင်ပုံ

တဖန် ထိုရဟန်းသည် ရှေ့သို့တိုးခြင်း၊ နောက်သို့ဆုတ်ခြင်း တို့၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

တည့်တည့်ကြည့်ခြင်း၊ စောင်းငဲ့ခြင်းတို့၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ကွေးခြင်း၊ ဆန့်ခြင်းတို့၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

သပိတ်သင်္ကန်းတို့ကို ကိုင်တွယ်ဝတ်ဆင်ခြင်း၊ စားခြင်း၊ သောက်ခြင်း၊ ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ နိုးခြင်း၊ စကားပြောခြင်း၊ ဆိတ်ဆိတ်နေခြင်းတို့၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

 

4)  ၃၂ကောဋ္ဌာသကို စက်ဆုပ်ဖွယ်အဖြစ်ရှုနည်း

တဖန် ထိုရဟန်းသည် အောက်ခြေဖ၀ါးမှစ၍ အထက်ဆံပင်ဖျားအထိ အရေပြားဖြင့် ပိုင်းခြားအပ်သော ဤကိုယ်ကို မစင်ကြယ်သော အရာဝတ္ထုအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်ဟူ၍ ရှုဆင်ခြင်၏။ ဤကိုယ်၌

ဆံပင်၊ မွေးညှင်း၊ လက်သည်းခြေသည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချဉ်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် အားဖြင့် (၃၂) ကောဋ္ဌာသ အစုအဝေးများသာ ရှိ၏ဟူ၍ ဆင်ခြင်၏။

 

5) ဓါတ်ကြီးလေးပါး သဘောအားဖြင့် ရှုနည်း

တဖန် ထိုရဟန်းသည် တည်နေတိုင်းထားရှိတိုင်းသောကိုယ်ကို ဓါတ်သဘောအားဖြင့်ဆင်ခြင်၍ ဤကိုယ်၌

မြေဓါတ် ( မာသဘော၊ ပျော့သဘော)

ရေဓါတ် (ဖွဲ့စည်းသဘော၊ ယိုစီးသဘော)

မီးဓါတ် (ပူသဘော၊ အေးသဘော၊ ရင့်ကျက်သဘော)

လေဓါတ် (တွန်းကန်သဘော၊ လှုပ်ရှားသဘော) ဟူ၍ ဓါတ်လေးပါးသာရှိ၏ ဟူ၍ ဆင်ခြင်၏။

ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည် နွားကိုသတ်ပြီး လမ်းလေးခွ၌ အသားတို့ကို လေးစုလေးပုံပြုကာ ထိုင်နေသကဲ့သို့ဖြစ်၏။

6) လူသေကောင်ကိုးမျိုးနဲ့ရှုနည်း

တစ်ဖန် ထိုရဟန်းသည် သုဿာန်၌စွန့်ပစ်ထားသော သူသေကောင်အမျိုးမျိုးကို ရှု၍ မိမိကိုယ်ကို ဆင်ခြင်၏။

ဤသို့အားဖြင့် ထိုရဟန်းသည် မိမိကိုယ်၌ဖြစ်စေ၊ သူတစ်ပါးတို့၏ကိုယ်၌ဖြစ်စေ ယင်းနှစ်မျိုးလုံး၌ဖြစ်စေ ကိုယ်ဟု အဖန်ဖန်ရှု၍ နေ၏။ ကိုယ်၌ဖြစ်ခြင်းသဘော၊ ပျက်ခြင်းသဘော၊ ဖြစ်ပျက်ခြင်းသဘောကို အဖန်ဖန်ရှု၍နေ၏။ အသိဉာဏ်ဖြစ်ရန် တဖန်သတိရရန်အတွက်သာလျှင် ကိုယ်သည်ရှိ၏ဟူ၍ သတိကိုထင်စွာထား၏။ ထိုရဟန်းသည် တဏှာဒိဋ္ဌိဟူသော အမှီအတွယ်မရှိမူ၍နေ၏။ လောက၌ တစ်စုံတစ်ကိုမျှလည်း စွဲလမ်းခြင်းမရှိချေ။ ဤသို့လျှင် ထိုရဟန်းသည် ကိုယ်၌ကိုယ်ဟု အဖန်ဖန်ရှု၍နေ၏။

 

၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်

ခံစားမှုဝေဒနာတို့၌ ရှုဆင်ခြင်ပုံကား –

ဤသာသနာ၌ ရဟန်းတစ်ပါးသည် ချမ်းသာမှုကို ခံစားလျှင် ချမ်းသာမှုခံစား၏ ဟုသိ၏။

ဆင်းရဲမှုကိုခံစားလျှင် ဆင်းရဲမှုကို ခံစား၏ဟုသိ၏။

ဆင်းရဲသည်လည်းမဟုတ်၊ ချမ်းသာသည်လည်းမဟုတ်သောဝေဒနာကို ခံစားလျှင်လည်း ဆင်းရဲသည်လည်းမဟုတ်၊ ချမ်းသာသည်လည်းမဟုတ်သောဝေဒနာကို ခံစား၏ဟုသိ၏။

တွယ်တာမှုနှင့်ယှဉ်သော ချမ်းသာမှုကို ခံစားလျှင် တွယ်တာမှုနှင့်ယှဉ်သော ချမ်းသာမှုကို ခံစားသည်ဟုသိ၏။

တွယ်တာမှုနှင့်ယှဉ်သော ဆင်းရဲမှုကို ခံစားလျှင် တွယ်တာမှုနှင့်ယှဉ်သော ဆင်းရဲမှုကို ခံစားသည်ဟုသိ၏။

တွယ်တာမှုနှင့်ယှဉ်သော ဆင်းရဲချမ်းသာမဟုတ်သည် ဝေဒနာကိုခံစားလျှင် တွယ်တာမှုနှင့်ယှဉ်သော ဆင်းရဲချမ်းသာမဟုတ်သည် ဝေဒနာကိုခံစား၏ ဟု သိ၏။

 

တွယ်တာမှုနှင့်မယှဉ်သော ချမ်းသာမှုကို ခံစားလျှင် တွယ်တာမှုနှင့်မယှဉ်သော ချမ်းသာမှုကို ခံစားသည်ဟုသိ၏။

တွယ်တာမှုနှင့်မယှဉ်သော ဆင်းရဲမှုကို ခံစားလျှင် တွယ်တာမှုနှင့်မယှဉ်သော ဆင်းရဲမှုကို ခံစားသည်ဟုသိ၏။

တွယ်တာမှုနှင့်မယှဉ်သော ဆင်းရဲချမ်းသာမဟုတ်သည် ဝေဒနာကိုခံစားလျှင် တွယ်တာမှုနှင့်မယှဉ်သော ဆင်းရဲချမ်းသာမဟုတ်သည် ဝေဒနာကိုခံစား၏ ဟု သိ၏။

 

ဤသို့အားဖြင့် ထိုရဟန်းသည် မိမိသန္တာန်၌ဖြစ်သော ခံစားမှုတို့၌ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ဖြစ်သော ခံစားမှုတို့၌ဖြစ်စေ ယင်းနှစ်မျိုးလုံး၌ဖြစ်စေ ခံစားမှုဟု အဖန်ဖန်ရှု၍နေ၏။

ခံစားမှုတို့၌ ဖြစ်ခြင်းသဘောကို  အဖန်ဖန်ရှု၍နေ၏။

ခံစားမှုတို့၌ ပျက်ခြင်းသဘောကို  အဖန်ဖန်ရှု၍နေ၏။

ခံစားမှုတို့၌ ဖြစ်ခြင်း ပျက်ခြင်းသဘောကို  အဖန်ဖန်ရှု၍နေ၏။

အသိဉာဏ်ဖြစ်ရန် တဖန်သတိရရန်အတွက်သာလျှင် ခံစားမှုသည်ရှိ၏ဟူ၍ သတိကိုထင်စွာထား၏။

ထိုရဟန်းသည် တဏှာဒိဋ္ဌိဟူသောအမှီအတွယ်မရှိမူ၍ နေ၏။ လောက၌ တစ်စုံတစ်ခုကို မျှလည်း စွဲလမ်းခြင်းမရှိချေ။ ဤသို့လျှင် ထိုရဟန်းသည် ခံစားမှုဝေဒနာတို့၌ ခံစားမှုဟု အဖန်ဖန်ရှု၍နေ၏။

 

၃) စိတ်၌ဆင်ခြင်ခြင်း – စိတ္တာနုပဿနာသတိပဋ္ဌာန်

စိတ်၌စိတ်ဟု ရှုဆင်ခြင်ပုံကား – သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးသည်

တပ်မက်မှုရှိသောစိတ်ကို တပ်မက်မှုရှိသောစိတ်ဟု သိ၏။

တပ်မက်မှုမရှိသောစိတ်ကို တပ်မက်မှုမရှိသောစိတ်ဟု သိ၏။

 

တွေဝေမှုရှိသောစိတ်ကို တွေဝေမှုရှိသောစိတ်ဟု သိ၏။

တွေဝေမှုကင်းသောစိတ်ကို တွေဝေမှုကင်းသောစိတ်ဟု သိ၏။

 

ကျဉ်းကျုပ်သောစိတ်ကို ကျဉ်းကျုပ်သောစိတ်ဟု သိ၏။

ပျံလွင့်သောစိတ်ကို ပျံလွင့်သောစိတ်ဟု သိ၏။

 

မြင့်မြတ်သောစိတ်ကို မြင့်မြတ်သောစိတ်ဟု သိ၏။

မမြင့်မြတ်သောစိတ်ကို မမြင့်မြတ်သောစိတ်ဟု သိ၏။

 

အလွန်ရှိသောစိတ်ကို အလွန်ရှိသောစိတ်ဟု သိ၏။

အလွန်မဲ့သောစိတ်ကို အလွန်မဲ့သောစိတ်ဟု သိ၏။

 

တည်တံ့ကြံ့ခိုင်မှုရှိသောစိတ်ကို တည်တံ့ကြံ့ခိုင်မှုရှိသောစိတ်ဟု သိ၏။

တည်တံ့ကြံ့ခိုင်မှုမရှိသောစိတ်ကို တည်တံ့ကြံ့ခိုင်မှုမရှိသောစိတ်ဟု သိ၏။

 

လွတ်မြောက်သောစိတ်ကို လွတ်မြောက်သောစိတ်ဟု သိ၏။

မလွတ်မြောက်သောစိတ်ကို မလွတ်မြောက်သောစိတ်ဟု သိ၏။

ဤသို့ဖြင့် ထိုရဟန်းသည် မိမိစိတ်၌ဖြစ်စေ၊ သူတစ်ပါးတို့၏ စိတ်၌ဖြစ်စေ၊ ယင်းနှစ်မျိုးလုံး၌ဖြစ်စေ စိတ်ကိုအဖန်ဖန်ရှု၍နေ၏။

စိတ်၌ ဖြစ်ခြင်းသဘောကို  အဖန်ဖန်ရှု၍နေ၏။

စိတ်၌ပျက်ခြင်းသဘောကို  အဖန်ဖန်ရှု၍နေ၏။

စိတ်၌ဖြစ်ခြင်း ပျက်ခြင်းသဘောကို  အဖန်ဖန်ရှု၍နေ၏။

အသိဉာဏ်ဖြစ်ရန် တဖန်သတိရရန်အတွက်သာလျှင် စိတ်သည်ရှိ၏ဟူ၍ သတိကိုထင်စွာထား၏။

ထိုရဟန်းသည် တဏှာဒိဋ္ဌိဟူသောအမှီအတွယ်မရှိမူ၍ နေ၏။ လောက၌ တစ်စုံတစ်ခုကို မျှလည်း စွဲလမ်းခြင်းမရှိချေ။ ဤသို့လျှင် ထိုရဟန်းသည် စိတ်၌စိတ်ဟု အဖန်ဖန်ရှု၍နေ၏။

မှတ်ချက်။ ကိလေသာ ပယ်သတ်နှစ်မျိုးရှိရာ – ပထမတစ်မျိုးမှာ စိတ်သန္တာန်မှာ ကိလေသာမပေါ်အောင် နေနည်းနှင့် ဒုတိယနည်းမှာ ကိလေသာတွေပေါ်ရင် ပေါ်မှန်းသိပါ။ (စိတ္တာနုပဿနာရှုနည်းပင်ဖြစ်သည်။)

 

၎) ဓမ္မာနုပဿနာသတိပဋ္ဌာန်

မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ  ဓမ္မနုပဿနာသတိပဋ္ဌာန်

၁) နီဝရဏပဗ္ဗ  စေတသိက်တို့ကို ရှုရပုံ

၂) ခန္ဓာပဗ္ဗ  ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို ရှုရပုံ

၃) အာယတနပဗ္ဗ ရုပ် နာမ် ရှုရပုံ

၎) ဗောဇ္ဈင်္ဂပဗ္ဗ နာမ်ရှုရပုံ

၅) သစ္စပဗ္ဗ  ရုပ် နာမ်အားလုံး ရှုရပုံ

လို့ ငါးမျိုးတိတိဟောထားပါတယ်။ ဒီဒေသနာအရ ခန္ဓာငါးပါး ဘယ်ခန္ဓာရဲ့မမြဲမှုကို ရှုရှု သဏ္ဍန်စွဲပညတ်၊ ငါစွဲပညတ်တွေပျောက်သွားပြီး သဘောတရားထိ ဆိုက်သွားရင် ဓမ္မနုပဿနာသတိပဋ္ဌာန်လို့ မှတ်ရပါမယ်။

 

1) နီဝရဏငါးပါးကို ရှုပုံ

တရားသဘောတို့၌ တရားသဘောဟု ဆင်ခြင်ပုံကား ဤသာသနာ၌ ရဟန်းတစ်ပါးသည် စိတ်ကိုပိတ်ဆို့တားဆီးတတ်သော နီဝရဏတရားတို့၌ တရားသဘောဟု အဖန်ဖန်ရှု၍နေ၏။

မိမိသန္တာန်၌ ကာမဆန္ဒ ရှိလျှင် ငါ၏အတွင်းသန္တာန်၌ ကာမဆန္ဒ ရှိ၏ ဟု သိ၏။

မိမိသန္တာန်၌ ကာမဆန္ဒ မရှိလျှင် ငါ၏အတွင်းသန္တာန်၌ ကာမဆန္ဒ မရှိ၏ ဟု ထင်ရှားသိ၏။ 

 

မဖြစ်သေးသော ကာမဆန္ဒဖြစ်ပေါ်ခြင်း၊

ဖြစ်ပေါ်လာသော ကာမဆန္ဒကို ပယ်ခြင်း၊

ပယ်ပြီးသော ကာမဆန္ဒ နောက်ထပ်ဖြစ်ပေါ်မလာခြင်းတို့ကိုလည်း ထင်ရှားစွာ သိမြင်၏။

 

မိမိသန္တာန်၌ စိတ်ဆိုးခြင်း ရှိလျှင် ငါ၏အတွင်းသန္တာန်၌ စိတ်ဆိုးခြင်း ရှိ၏ ဟု သိ၏။

မိမိသန္တာန်၌ စိတ်ဆိုးခြင်း မရှိလျှင် ငါ၏အတွင်းသန္တာန်၌ စိတ်ဆိုးခြင်း မရှိ၏ ဟု သိ၏။

 

မိမိသန္တာန်၌ ထိုင်းမှိုင်းတွေဝေခြင်း ရှိလျှင် ငါ၏အတွင်းသန္တာန်၌ ထိုင်းမှိုင်းတွေဝေခြင်း ရှိ၏ ဟု သိ၏။

မိမိသန္တာန်၌ ထိုင်းမှိုင်းတွေဝေခြင်း မရှိလျှင် ငါ၏အတွင်းသန္တာန်၌ ထိုင်းမှိုင်းတွေဝေခြင်း မရှိ၏ ဟု သိ၏။

 

မိမိသန္တာန်၌ ပျံ့လွင့်ပူပန်ခြင်း ရှိလျှင် ငါ၏အတွင်းသန္တာန်၌ ထိုင်းမှိုင်းတွေဝေခြင်း ရှိ၏ ဟု သိ၏။

မိမိသန္တာန်၌ ပျံ့လွင့်ပူပန်ခြင်း မရှိလျှင် ငါ၏အတွင်းသန္တာန်၌ ထိုင်းမှိုင်းတွေဝေခြင်း မရှိ၏ ဟု သိ၏။

 

မိမိသန္တာန်၌ တွေးတောယုံမှားခြင်း ရှိလျှင် ငါ၏အတွင်းသန္တာန်၌ တွေးတောယုံမှားခြင်း ရှိ၏ ဟု သိ၏။

မိမိသန္တာန်၌ တွေးတောယုံမှားခြင်း မရှိလျှင် ငါ၏အတွင်းသန္တာန်၌ တွေးတောယုံမှားခြင်း မရှိ၏ ဟု သိ၏။


 

2) ခန္ဓာငါးပါးကို ရှုပုံ

တဖန် ထိုရဟန်းသည် စွဲလမ်းအပ်သော ခန္ဓာငါးပါးတို၌ တရားသဘောဟု အဖန်ဖန်ရှု၍နေ၏။

ဤကား ရုပ်တည်း။

ဤကား ရုပ်၏ ဖြစ်ပေါ်ခြင်းတည်း။

ဤကား ရုပ်၏ ချုပ်ပျောက်ခြင်းတည်း ဟု အဖန်ဖန်ရှု၍ နေ၏။

 

ဤကား ခံစားမှု ဝေဒနာ တည်း။

ဤကား ခံစားမှု ဝေဒနာ ၏ ဖြစ်ပေါ်ခြင်းတည်း။

ဤကား ခံစားမှု ဝေဒနာ ၏ ချုပ်ပျောက်ခြင်းတည်း ဟု အဖန်ဖန်ရှု၍ နေ၏။

 

ဤကား မှတ်သားမှု သညာ တည်း။

ဤကား မှတ်သားမှု သညာ ၏ ဖြစ်ပေါ်ခြင်းတည်း။

ဤကား မှတ်သားမှု သညာ ၏ ချုပ်ပျောက်ခြင်းတည်း ဟု အဖန်ဖန်ရှု၍ နေ၏။

 

ဤကား စေ့ဆော်အားထုတ်မှု သင်္ခါရ တည်း။

ဤကား စေ့ဆော်အားထုတ်မှု သင်္ခါရ ၏ ဖြစ်ပေါ်ခြင်းတည်း။

ဤကား စေ့ဆော်အားထုတ်မှု သင်္ခါရ ၏ ချုပ်ပျောက်ခြင်းတည်း ဟု အဖန်ဖန်ရှု၍ နေ၏။

 

ဤကား သိမှု ၀ိညာဉ် တည်း။

ဤကား သိမှု ၀ိညာဉ် ၏ ဖြစ်ပေါ်ခြင်းတည်း။

ဤကား သိမှု ၀ိညာဉ် ၏ ချုပ်ပျောက်ခြင်းတည်း ဟု အဖန်ဖန်ရှု၍ နေ၏။

 

ထိုရဟန်းသည် –

မျက်စိကိုလည်း သိ၏။

အဆင်းရူပါရုံကိုလည်း သိ၏။

ယင်းနှစ်ပါးကို အစွဲပြု၍ တပ်မက်ခြင်း၊ စိတ်ဆိုးခြင်းစသော သံယောဇဉ်နှောင်ကြိုးများ ဖြစ်ပေါ်လာပုံကိုလည်း သိ၏။

မဖြစ်သေးသော သံယောဇဉ်များ ဖြစ်ပေါ်လာခြင်း၊

ဖြစ်ပေါ်လာသော သံယောဇဉ်များကို ပယ်ခြင်း၊

ပယ်ပြီးသော သံယောဇဉ်များ၏ နောက်ထပ်ဖြစ်ပေါ်မလာခြင်း တို့ကိုလည်း သိ၏။

ထိုရဟန်းသည် –

နား ကိုလည်း သိ၏။

အသံ သဒ္ဒါရုံ ကိုလည်း သိ၏။

ယင်းနှစ်ပါးကို အစွဲပြု၍ တပ်မက်ခြင်း၊ စိတ်ဆိုးခြင်းစသော သံယောဇဉ်နှောင်ကြိုးများ ဖြစ်ပေါ်လာပုံကိုလည်း သိ၏။

ထိုရဟန်းသည် –

နှာခေါင်း ကိုလည်း သိ၏။

အနံ့ ဂန္ဓာရုံ ကိုလည်း သိ၏။

ယင်းနှစ်ပါးကို အစွဲပြု၍ တပ်မက်ခြင်း၊ စိတ်ဆိုးခြင်းစသော သံယောဇဉ်နှောင်ကြိုးများ ဖြစ်ပေါ်လာပုံကိုလည်း သိ၏။

ထိုရဟန်းသည် –

လျှာ ကိုလည်း သိ၏။

အရသာ ရသာရုံ ကိုလည်း သိ၏။

ယင်းနှစ်ပါးကို အစွဲပြု၍ တပ်မက်ခြင်း၊ စိတ်ဆိုးခြင်းစသော သံယောဇဉ်နှောင်ကြိုးများ ဖြစ်ပေါ်လာပုံကိုလည်း သိ၏။

ထိုရဟန်းသည် –

ကိုယ် ကိုလည်း သိ၏။

အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံ ကိုလည်း သိ၏။

ယင်းနှစ်ပါးကို အစွဲပြု၍ တပ်မက်ခြင်း၊ စိတ်ဆိုးခြင်းစသော သံယောဇဉ်နှောင်ကြိုးများ ဖြစ်ပေါ်လာပုံကိုလည်း သိ၏။

ထိုရဟန်းသည် –

မနောဝိညာဉ် ကိုလည်း သိ၏။

အတွေးအာရုံခေါ် ဓမ္မာရုံ ကိုလည်း သိ၏။

ယင်းနှစ်ပါးကို အစွဲပြု၍ တပ်မက်ခြင်း၊ စိတ်ဆိုးခြင်းစသော သံယောဇဉ်နှောင်ကြိုးများ ဖြစ်ပေါ်လာပုံကိုလည်း သိ၏။


 

3) ဗောဇ္ဈင်ခုနစ်ပါးကို ရှုပုံ

တဖန် ထိုရဟန်းသည် ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော တရားခုနစ်ပါးတို့၌ တရားသဘော ဟု အဖန်ဖန်ရှု၏။

မိမိသန္တာန်၌ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော သတိရှိလျှင် ရှိ၏ ဟု သိ၏။

မရှိလျှင် မရှိဟု သိ၏။

မဖြစ်သေးသော သတိဖြစ်ပေါ်လာပုံ၊

ဖြစ်ပေါ်လာသော သတိ၏ တိုးပွားပြည့်စုံလာပုံတို့ကိုလည်း မြင်၏။

မိမိသန္တာန်၌ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော တရားသဘောကို စိစစ်မှုဉာဏ် ရှိလျှင် ရှိ၏ ဟု သိ၏။

မရှိလျှင် မရှိဟု သိ၏။

မဖြစ်သေးသော စိစစ်မှုဉာဏ် ဖြစ်ပေါ်လာပုံ၊

ဖြစ်ပေါ်လာသော စိစစ်မှုဉာဏ် ၏ တိုးပွားပြည့်စုံလာပုံတို့ကိုလည်း မြင်၏။

မိမိသန္တာန်၌ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော အားထုတ်မှု ၀ီရိယ ရှိလျှင် ရှိ၏ ဟု သိ၏။

မရှိလျှင် မရှိဟု သိ၏။

မဖြစ်သေးသော အားထုတ်မှု ၀ီရိယ ဖြစ်ပေါ်လာပုံ၊

ဖြစ်ပေါ်လာသော အားထုတ်မှု ၀ီရိယ ၏ တိုးပွားပြည့်စုံလာပုံတို့ကိုလည်း မြင်၏။

မိမိသန္တာန်၌ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော နှစ်သက်မှု ပီတိ ရှိလျှင် ရှိ၏ ဟု သိ၏။

မရှိလျှင် မရှိဟု သိ၏။

မဖြစ်သေးသော နှစ်သက်မှု ပီတိ ဖြစ်ပေါ်လာပုံ၊

ဖြစ်ပေါ်လာသော နှစ်သက်မှု ပီတိ ၏ တိုးပွားပြည့်စုံလာပုံတို့ကိုလည်း မြင်၏။

မိမိသန္တာန်၌ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော ငြိမ်းအေးမှု ပဿဒ္ဓိ ရှိလျှင် ရှိ၏ ဟု သိ၏။

မရှိလျှင် မရှိဟု သိ၏။

မဖြစ်သေးသော ငြိမ်းအေးမှု ပဿဒ္ဓိ ဖြစ်ပေါ်လာပုံ၊

ဖြစ်ပေါ်လာသော ငြိမ်းအေးမှု ပဿဒ္ဓိ ၏ တိုးပွားပြည့်စုံလာပုံတို့ကိုလည်း မြင်၏။

မိမိသန္တာန်၌ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော တည်ငြိမ်မှု သမာဓိ ရှိလျှင် ရှိ၏ ဟု သိ၏။

မရှိလျှင် မရှိဟု သိ၏။

မဖြစ်သေးသော တည်ငြိမ်မှု သမာဓိ ဖြစ်ပေါ်လာပုံ၊

ဖြစ်ပေါ်လာသော တည်ငြိမ်မှု သမာဓိ ၏ တိုးပွားပြည့်စုံလာပုံတို့ကိုလည်း မြင်၏။

မိမိသန္တာန်၌ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်သော လျစ်လျူရှုမှု ဥပေက္ခာ ရှိလျှင် ရှိ၏ ဟု သိ၏။

မရှိလျှင် မရှိဟု သိ၏။

မဖြစ်သေးသော လျစ်လျူရှုမှု ဥပေက္ခာ ဖြစ်ပေါ်လာပုံ၊

ဖြစ်ပေါ်လာသော လျစ်လျူရှုမှု ဥပေက္ခာ ၏ တိုးပွားပြည့်စုံလာပုံတို့ကိုလည်း မြင်၏။

 

4) သစ္စာလေးပါကို ရှုပုံ

တဖန် ထိုရဟန်းသည် သစ္စာလေးပါးတို့၌ တရားသဘောဟု အဖန်ဖန်ရှု၍နေ၏။

ဤကား ဆင်းရဲတည်း။

ဤကား ဆင်းရဲဖြစ်ကြောင်းတည်း၊

ဤကား ဆင်းရဲငြိမ်းရာတည်း။

ဤကား ဆင်းရဲငြိမ်းရာသို့ ရောက်စေတတ်သောအကျင့်တည်းဟူ၍ ဟုတ်တိုင်းမှန်စွာ သိမြင်၏။

 

ဆင်းရဲခြင်း အမှန်တရားဟူသည်-

ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊

နေ့စဉ်အိုရခြင်း ဆင်းရဲ၊

သေရခြင်း ဆင်းရဲ၊

စိုးရိမ်ပူဆွေးငိုကြွေးရခြင်း ဆင်းရဲ၊

ကိုယ်စိတ်ဆင်းရဲခြင်း ဆင်းရဲ၊

ပြင်းစွာပူပန်ရခြင်း ဆင်းရဲ၊

မချစ်မနှစ်သက်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းဆုံရခြင်း ဆင်းရဲ၊

ချစ်ခင်နှစ်သက်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲ၊

အချုပ်အားဖြင့် စွဲလမ်းအပ်သော ခန္ဓာငါးပါးသည် ဆင်းရဲခြင်းတို့ ဖြစ်ပေသည်။

ဆင်းရဲခြင်းဖြစ်ကြောင်း အမှန်တရားဟူသည် နောက်ထပ်ဘ၀သစ်ကို ဖြစ်ပေါ်စေတတ်သော နှစ်သက်စွဲငြိခြင်းနှင့်တကွဖြစ်သော ထိုထိုဘ၀အာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တပ်မက်မှုပင်ဖြစ်၏။ ယင်းတပ်မက်မှုသည် –

ကာမဂုဏ်၌ တပ်မက်မှု၊

ဘ၀၌ တပ်မက်မှု၊

ဘ၀ပြတ်စဲခြင်း၌ တပ်မက်မှု ဟူ၍ သုံးမျိုးရှိ၏။

ဆင်းရဲငြိမ်းရာ အမှန်တရားဟူသည် –

မှန်သော အမြင်

မှန်သော အကြံ

မှန်သော စကား

မှန်သော အလုပ်

မှန်သော အသက်မွေးခြင်း၊

မှန်သော အားထုတ်ခြင်း၊

မှန်သော အမှတ်ရခြင်း၊

မှန်သော တည်ကြည်ခြင်း ဟူသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသည့် ဤအရိယာမဂ်လမ်းစဉ်ပင် ဖြစ်၏။

ဤသို့အားဖြင့် ထိုရဟန်းသည် မိမိသန္တာန်၌လည်းကောင်း၊

သူတစ်ပါးသန္တာန်၌ လည်းကောင်း၊

မိမိ သူတစ်ပါးတို့၏ သန္တာန်၌လည်းကောင်း၊ တည်ရှိသော တရားသဘောတို့၌ တရားသဘောဟု အဖန်ဖန်ရှု၍နေ၏။

ထိုတရားသဘောတို့၌ ဖြစ်ခြင်းသဘော၊ ပျက်ခြင်းသဘော၊ ဖြစ်ခြင်း ပျက်ခြင်း သဘောတို့ကို အဖန်ဖန်ရှု၍ နေ၏။

အသိဉာဏ်ဖြစ်ရန်၊ တဖန် သတိရရန်အတွက်သာလျှင် တရားသဘောများရှိ၏ ဟူ၍ သတိကိုထင်စွာထား၏။

 

ထိုရဟန်းသည် တဏှာဒိဋ္ဌိဟူသော အမှီအတွယ်မရှိမူ၍ နေ၏။

လောက၌ တစ်စုံတစ်ခုကိုမျှလည်း စွဲလမ်းခြင်း မပြုချေ။

ဤသို့လျှင် တရားသဘောတို့၌ တရားသဘောဟု အဖန်ဖန်ရှု၍ နေ၏။


 

သတိပဋ္ဌာန်ပွားများခြင်း၏ အကျိုး

ရဟန်းတို့ အကြင်တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ဤသတိပဋ္ဌာန်လေးပါးကို ငါဘုရားဟောကြားသည့်နည်းအတိုင်း ခုနစ်နှစ်ပတ်လုံးပွားများငြားအံ့။ ထိုပုဂ္ဂိုလ်သည် ယခုမျက်မျောက်ဘ၀၌ပင် အရဟတ္တဖိုလ်ကိုဖြစ်စေ၊ စွဲလမ်းမှုကြွင်းကျန်သေးလျှင် အနာဂါမိဖိုလ်ကို ဖြစ်စေ မုချရမည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ ခုနစ်နှစ်ကို ထားဘိဦး။ အကြင်တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ဤသတိပဋ္ဌာန်လေးပါးကို ငါဘုရားဟောကြားသည့်အတိုင်း ခုနစ်ရက်မျှ ပွားများအံ့။ ထိုပုဂ္ဂိုလ်သည် ယခုမျက်မျောက်ဘ၀၌ပင် အရဟတ္တဖိုလ်ကိုဖြစ်စေ၊ စွဲလမ်းမှုကြွင်းကျန်နေလျှင် အနာဂါမိမဂ်ကိုဖြစ်စေ မုချရမည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ – သတ္တ၀ါတို့၏ စိတ်စင်ကြယ်ရန်၊ စိုးရိမ်ပူဆွေ ငိုကြွေးခြင်းများကိုလွတ်မြောက်ရန်၊ ကိုယ်စိတ်ဆင်းရဲမှုများ ချုပ်ငြိမ်းရန်၊ နည်းမှန်လမ်းမှန်သို့ ဆိုက်ရောက်ရန်၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ မျက်မျောက်ပြုရန်အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းကာ ဤသတိပဋ္ဌာန်လေးပါးတို့ပင် ဖြစ်သတည်း။

 

 

 

 အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာအတွဲ ၅+၆ စာအုပ်။

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

One Response to မဟာသတိပဋ္ဌာန် ၄ ပါးနှင့် အကျိုး

  1. အောင်ကိုကို says:

    သာဓုခေါ်ပါတယ် သာဓု သာဓု သာဓု

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s