ဘ၀ကူးမှုနှင့် ပတ်သက်၍ သဿတဒိဋ္ဌိဖြစ်ပုံ၊ ဖြုတ်ပုံ

သဿတဒိဋ္ဌိ = ရုပ်တရား နာမ်တရား တစ်ပါးပါးကို မပျက်မစီး အမြဲတည်နေတယ်လို့ အယူမှားတာ။

သဿတဒိဋ္ဌိ သည် ဘ၀ကို တပ်မက်သော လောဘ တဏှာ နှင့် ယှဉ်သော်ကြောင့် စွန့်လွှတ်ရန် ခက်သည်။ ထို့ကြောင့် သဿတဒိဋ္ဌိသမားသည် မဂ်ဖိုလ်ကို အရနှေးသည်။

 

အကြောင်းချုပ်လို့ အကျိုးချူပ်တာပဲလို့ သိလိုက်ရင် ဘာဒိဋ္ဌိစင်သတုန်း။

သဿကဒိဋ္ဌိစင်ပါတယ်။ (မိုးကုတ်ဆရာတော် အမှတ်စဉ် ၄ ကျမ်းစာ ဒိဋ္ဌိမကွာရင် နိဗ္ဗာန် မဖြစ်တရားတော်မှ)

၂၀၀၀ပြည့်နှစ် မိုးတွင်းကာလတစ်ခုတွင် ရွှေပြည်သာမြို့နယ် မန္တလေးကျောင်းရှေ့ကုက္ကိုပင်အောက်တွင် အသက်အစိတ်သုံးဆယ်ဝန်းကျင်ရှိ မိန်းကလေးသုံးယောက် မယောင်မလည်ရပ်နေသည်ကို တွေ့ရ၏။ သူတို့အမူအရာမှာ တစုံတခုကို မဆုံးဖြတ်နိုင်ဟန်တွေ့ရသဖြင့် ကျောင်းသားတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်၏။

မိန်းကလေးသုံးယောက် မယောင်မလည်နှင့်လိုက်ပါလာကြ၏။ ရောက်လာသောနှစ်ယောက်က ကျွန်ုပ်ကို ဦးချသော်လည်း ကျန်တစ်ယောက်က ဦးမချနိုင်ဘဲ သူ့လက်ထဲတွင် ကိုင်ထားသောလက်ကိုင်ပ၀ါနှင့် စပယ်ပန်းတစ်ကုံးကိုသာ မျက်လုံးအ၀ိုင်းသားနှင့် စိုက်ကြည့်နေ၏။ ဘယ်လိုသဘောပါလိမ့်ဟု ကျွန်ုပ်ပင် တွေးမရအောင်ဖြစ်သွားသဖြင့် ထုတ်မေးလိုက်ရ၏။

“ဒါယိကာမလေး အဲဒီလက်ကိုင်ပုဝါနဲ့ ပန်းမှာ ဘာထူးခြားချက်ရှိနေလို့လဲ ပြောပါဦး။”

သူက ကျနှ်နှစ်ယောက်ကို မေးဆတ်ပြပြီး ပြောလိုက်ရမလားဟု ခွင့်ပြုချက်တောင်း၏။ ကျန်နှစ်ယောက်က ခေါင်းငြိမ့်ပြပြီးသဘောတူလိုက်၏။ ထိုအခါကျမှ သူမသည် လက်ကိုင်ပုဝါနှင့်စံပယ်ပန်းကုံးကို ဘေးသို့ချထားပြီးလျှင် ကျွန်ုပ်ကို ဦးချ၏။ ပြီးလျှင် လက်ကိုင်ပုဝါနှင့်စံပယ်ပန်းကုံးကို လက်ညှိုးထိုးပြပြီးပြော၏။

“ဒီထဲမှာ တပည့်တော်တို့အဖွားရဲ့ဝိညာဉ်ကောင်လေးရှိတယ်ဘုရား”
“ဟေ” ကျွန်ုပ်ပါးစပ်မှ ထိုအာမေဋိတ်တစ်ခုသာ ထွက်နိုင်၏။
“အစအဆုံးရှင်းပြစမ်းပါဦး။ မင်းတို့အဖွားဝိညာဉ်က ဘယ်လိုလုပ်ပြီး ဒီလက်ကိုင်ပုဝါထဲရောက်နေတာလဲ။”
“ဒီလိုပါဘုရား လွန်ခဲတဲ့တစ်ပတ်က တပည့်တော်တို့အဖွားဆုံးပါတယ်။ ဒီလက်ကိုင်ပုဝါနဲ့ပန်းကုံးလေးက အဖွားသုံးခဲ့တာပါ။ သုဿာန်မှာ သဂြိုဟ်ပြီးတဲ့အခါ ရက်လည်ဆွမ်းကျွေးပြီးအဖွားကို အမျှပေးဦးမယ်။ အခုအိမ်ကိုလိုက်ခဲ့ပါလို့ပြောပြီး ၀ိညာဉ်ကိုခေါ်ခဲ့ကြပါတယ်။”

ကျွန်ုပ်မှာ သူတို့စကားကိုရယ်ချင်သော်လည်း သူတို့ကိုအားနာသဖြင့်မရယ်မိပါ။ အလိုက်တသင့်မေးရင်စိတ်ဝင်တစား နားထောင်နေရသည်။

“ဒါနဲ့ မင်းတို့အဖွားဝိညာဉ်က အခုရက်လည်ဆွမ်းကျွေးပြီး အမျှလည်းဝေပြီးလို့ အဖွားဝိညာဉ်လေးကို အရိပ်အာဝါသကောင်းတဲ့သစ်ပင်နားမှာသွားထားပေးပါလို့ မိဘများကခိုင်းလို့ တပည့်တော်တို့လာထားတာပါ။ အဲဒါဆရာတော်က ကျောင်းထဲကို ခေါ်လိုက်တော့ လက်ကိုင်ပုဝါကိုကြမ်းပြင်ပေါ်မှာ ချမိသွားပြီ။”
“အဲဒီတော့ ဘာဖြစ်လဲ။”
“အဖွားဝိညာဉ်လေး လက်ကိုင်ပုဝါချတဲ့နေရာမှာ နေမှာတဲ့ဘုရား။ အဲဒါဆိုရင် အဖွားဟာ ဆရာတော်ကျောင်းထဲမှာပဲ နေတော့မယ်ထင်တယ်။”
“သြော် လက်စသတ်တော့ မင်းတို့က သရဲလာအပ်တာကိုး။ ရပါတယ်။ ငါ့ကျောင်းက ကျောင်းသားကိုရင်တင် လက်ခံတာမဟုတ်ဘူး။ သရဲလဲလက်ခံတယ်။”

ကျွန်ုပ်၏စကားကြောင့် သူတို့သောကများတဒင်္ဂပျောက်သွားပြီး ရယ်မောကြသည်။ သူတို့နေထိုင်ရာရပ်ကွက်နှင့်လမ်းကို မေးမြန်းကြည့်သောအခါတွင်မှ ကျောင်းမှ ဦးပဉ္စင်းတစ်ပါး၏ဆွမ်းခံအိမ်ဖြစ်နေသည်ကို သိရ၏။ သူတို့သုံးယောက်တွင် နှစ်ယောက်ကဘွဲ့ရကျောင်းဆရာမများ ဖြစ်ကြ၏။ ထိုနှစ်ယောက်တွင် တစ်ယောက်က စိတ်ဝင်တစားမေးခွန်းတစ်ခုကို မေးလာ၏။
“ဆရာတော်. ၀ိညာဉ်ဆိုတာ ဒီလိုခေါ်လို့ရသလား”
အင်း လောကီရေးမှာသာ ဘွဲ့ရကြတာ။ ဘာသာရေးမှာတော့ မူလတန်းအဆင့်တောင်မရောက်သေးပါလား ဟု ယခုခေတ်လူငယ်များအတွက် အားမလိုအားမရဖြစ်မိ၏။

“၀ိညာဉ်ဆိုတာကိုက မရှိဘူး။ လူတစ်ယောက်မှာ အာရုံကိုမသိသော ရုပ်နဲ့ အာရုံကိုသိတတ်တဲ့ နာမ် ဒီနှစ်မျိုးပဲ ရှိပါတယ်။

မြင်တာက ရုပ်၊ သိတာက နာမ်

ကြားတာက ရုပ်၊ သိတာက နာမ်

နံတာက ရုပ်၊ သိတာက နာမ်

စားတာက ရုပ်၊ သိတာက နာမ်

ထိတာက ရုပ်၊ သိတာက နာမ်

တွေးတာက ရုပ်၊ သိတာက နာမ် လို့ မှတ်ထားပေါ့။

ဒီထဲက အာရုံကိုသိစိတ် နာမ်တရားကိုပဲ ၀ိညာဉ်ကောင်လို့ထင်ပြီး မှန်းဆပြောနေကြတာပါ။ ခုလိုကိုင်ပြုကြည့်လို့ရတာက ပညတ်ရုပ်၊ ဥတုဇရုပ်ပေါ့။

ရုပ်အနိစ္စ အမြဲမရှိလို့ ၀ိပဿနာရှုရတဲ့ ပရမတ်ရုပ်ကတော့ အကောင်အထည် အလုံးအခဲ အရည်အဖတ် အမှုန်အမွှားရယ်လို့ မရှိဘူး။ သဘောတရားမျှပဲရှိတယ်။ ရုပ်ရဲ့အဓိပ္ပါယ်ကတော့ ဖောက်ပြန်တတ်တဲ့သဘောတရားလို့ ဖြစ်တယ်။ ဒီပရမတ်ရုပ်တရားတွေဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းကုဋေ (၅၈၈၀) ကျော် ဖြစ်ပျက်နေကြတယ်။

သိတတ်တဲ့ နာမ်တရားကတော့ တစ်စက္ကန့်မှာ အကြိမ်ပေါင်းကုဋေတစ်သိန်းကျောင် ဖြစ်ပျက်နေကြတယ်။ တစ်ပျက်ထဲပျက်နေတာပဲ ရပ်နားကြတယ်လို့ မရှိပါဘူး။”

“ဥပမာ- သံဃာ ဆိုတဲ့စကားနှစ်လုံးကို ပြောလိုက်တဲ့အခါ သံ ကို ပြောသခိုက်မှာဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေဟာ ဃာ ဆိုတဲ့ဒုတိယမြောက်စကားလုံးရောက်ချိန်ထိ မခံကြတော့ဘူး။ သံ ဆိုတဲ့စကားလုံးပြောပြီးချိန်မှာပဲ ချုပ်ပျောက်ပျက်စီးသွားကြပြီ။ ဃာ ဆိုတဲံ နောက်စကားလုံးကို နောက်ထပ်ရုပ်သစ် နာမ်သစ်နဲ့ပြောနေရတာပေါ့။

ဒါ့ကြောင့် အမြဲတမ်း မရပ်မနားဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေဟာ မပျက်မစီး အမြဲတည်နေတဲ့ ၀ိညာဉ်ကောင်အဖြစ် ဘယ်မှာရှိနိုင်ပါ့မလဲ။”

“ဒါဆိုရင် သေသွားတဲ့သူဟာ (၇)ရက်အတွင်း ဘယ်မှမသွားဘဲ အိမ်ဝိုင်းထဲမှာပဲနေတယ်ဆိုတာ မဟုတ်ဘူးပေါ့ဘုရား။”
“ဘယ်ဟုတ်တော့မှာလဲ။ အရင်းလဲ အဖျားထင်းဖြစ်ပေါ့။ ၀ိညာဉ်ကောင်လို့မှ မရှိပါဘူးဆိုနေ ဘယ်သူက အိမ်ဝိုင်းထဲမှာ (၇)ရက် လာနေလို့ ရပါ့မလဲ။”

ယခုလို ရှင်းပြတော့လည်း သူတို့ထိုက်သင့်သလောက် သဘောပေါက်သွားဟန်တူသည်။ စိတ်ဝင်တစားရှိလာကြသည်။ တစ်ယောက်က တွေးတွေးခေါ်ခေါ်ဖြင့် မေးခွန်းတစ်ခုမေးလာ၏။
“ဒီလိုအမြဲတမ်းဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေဟာ နောက်ဘ၀ကို ဘယ်လိုကူးသွားသလဲ ဘုရား။ ဒီမှာ ၀ိညာဉ်ကောင်မရှိဘူးဆိုရင် ယခုဘ၀ပြုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေနဲ့ ကောင်းကျိုးဆိုးကျိုးကို ဘယ်သူတွေက ခံစားသလဲဘုရား။”

ပုထုဇဉ်သေရင် ရောက်နိုင်တဲ့ဘုံငါးမျိုးရှိတယ်။
လူဘုံ ရောက်နိုင်တယ်။
နတ်ဘုံ ရောက်နိုင်တယ်။
ငရဲဘုံ ရောက်နိုင်တယ်။
ပြိတ္တာဘုံ ရောက်နိုင်တယ်။
တိရစ္ဆာန်ဘုံ ရောက်နိုင်တယ်။”

“အသူရကာယ်နဲ့ ဗြဟ္မာဘုံကို မရောက်နိုင်ဘူးလား ဘုရား”
“ရောက်နိုင်ပါတယ်။ ဗြဟ္မာဘုံကို နတ်ဘုံထဲမှာ ပေါင်းထည့်ထားတယ်။ အသူရကာယ်ဘုံကို ပြိတ္တာထဲမှာ ပေါင်းထည့်ထားတယ်။ ပါဠိလို ဒေ၀သဒ္ဒါဟာ ဗြဟ္မာကိုလည်း ဟောနိုင်တယ်။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားပဲ။ ဒါ့ကြောင့် ပြိတ္တာထဲမှာ ထည့်ထားတာ။”

“ဟိုဘက်ဘုံအသစ်မှာ သွားဖြစ်တဲ့အခါ ဒီဘက်ဘ၀က ရုပ်တရား နာမ်တရားတွေ တစ်ခုမှ ပါမသွားကြဘူး။ ဒါ့ပေမယ့် ဒီဘ၀က နာမ်နဲ့ကင်းတော့မဖြစ်ကြဘူး။ အသစ်ထပ်ဖြစ်ကြရတာ။ ဒိဘက်ဘ၀ နေ့ခင်း ၁၂ နာရိကသေမယ်ဆိုရင် ဟိုဘက်လူ့ဘ၀အသစ်မှာ (၁၂)နာရီ တိတိမှာ သွားဖြစ်တယ်။ ရုပ်သစ် နာမ်သစ် ဖြစ်တာကိုပြောတာနော်။ ဒီဘက်ဘ၀က ၀ိညာဉ်ကောင်လေးက ဟိုဘက်ဘ၀မိခင်ဝမ်းထဲဝင်သွားတာလို့ ထင်မနေနဲ့။ ”
“သေသွားတဲ့အဖွားက လူဖြစ်သွားမယ်ဆိုရင် တပည့်တော်တို့ဝေတဲံအမျှကို သာဓုမခေါ်နိုင်တော့ဘူးပေါ့ဘုရား။”

“ဟုတ်တယ် မခေါ်နိုင်တော့ဘူး။ ဒါ့ပေမယ့် ဒီကုသိုလ်တွေဟာ အလကားဖြစ်မသွာပါဘူး။ ဒီကုသိုလ်ရဲ့ကောင်းကျိုးကို ပြုတဲ့သူခံစားရမယ်။ ဘ၀အဆက်ဆက်တော်စပ်ခဲ့ဘူးတဲ့ မကျွတ်မလွတ်သေးတဲံဆွေမျိုးဟောင်းတွေ အများကြီးရှိတယ်။ သူတို့တတွေလဲ သာဓုခေါ်နိုင်တယ်။ ဒါမှမဟုတ်ဆွေမျိုးမတော်တဲ့ တခြားမကျွတ်မလွတ်တဲ့ သူတွေလည်း သာဓုခေါ်နိုင်ပါတယ်။ ဒါ့ကြောင့် သေသူကိုရည်မှန်းပြီး လှူတဲ့အလှူကိုတော့ ဧကန်မုခုပြုလုပ်သင့်ပါတယ်။

သေပြီးနတ်ပြည်ရောက်ရင်လဲ ချက်ခြင်းပဲ စုတိနဲ့ ပဋိသန္ဓေဟာ တစ်ဆက်တည်းနေတာပေါ့။ စုတိဆိုတာ သေတဲ့စိတ်၊ ပဋိသန္ဓေဆိုတာ နောက်ဘ၀မှာအသစ်ဖြစ်တဲံစိတ်။ သူတို့နှစ်ခုကြားထဲမှာ ဘာမှမရှိဘူး။ ချက်ခြင်းပဲ။ ကျန်တဲ့ ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့မှာ ဖြစ်မယ်ဆိုရင်လည်း အကြားမရှိဘဲ ချက်ခြင်းသွားဖြစ်တာပဲ။ အိမ်နားမှာ (၇)ရက်နေလို့ ရနိုင်တာဆိုလို့ ပြိတ္တာဘုံတစ်မျိုးပဲရှိတယ်။ ဒီပြိတ္တာဘုံဘ၀ရောက်ခဲ့လျှင် ကျွတ်လွတ်ကျပါစေဆိုတဲ့ စေတနာနဲ့ဆွမ်းသွတ်တဲ့ကုသိုလ်ကို ပြုကြတာဖြစ်တယ်။”

“ဒီဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်းခံစားရတယ်ဆိုတာကို ဆက်ရှင်းပါဦး ဘုရား။”
“ကုသိုလ်ကံ အကုသိုလ်ကံတွေပြုတဲ့အခါ ဇောစေတနာတွေဖြစ်တယ်။ ဒီဇောစေတနာတွေက နာမ်တရားဖြစ်လို့ ပျက်သွားတာမှန်ပေမယ့် နောက်ဘ၀မှာ ကောင်းကျိုးဆိုးကျိုးဖြစ်စေမယ့် အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ ဒီစေတနာလို့ခေါ်တဲ့ ကံနဲ့ ခန္ဓာဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအသစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး ဘ၀အသစ်ဖြစ်အောင် ဖန်တီးလိုက်ကြတာပဲ။”

ဋီကာကျော်ကျမ်းမှာ ဘ၀သစ်ဖြစ်ပုံကို ဥပမာသုံးမျိုးပေးထားတယ်။
မီးတိုင်
တံဆိပ်တုံး
ပဲ့တင်သံ

မီးတိုင် ဥပမာ
ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင်ထွန်းချင်တဲ့အခါ ပထမအတိုင်ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့မီးဟာ ပထမအတိုင်က ကူးလာတဲ့မီးတွေလား။ ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့မီးတွေလားဆိုတာပဲ။

တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေဟာ ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မိးနဲ့ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင် မီးမတောက်နိုင်ပါဘူး။

ထို့အတူ ကျောင်းဒကာ အနာထပိဏ်ဘ၀က ရုပ်နာမ်တရားတွေဟာ နတ်ပြည်ကို တစ်ခုမှကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ကင်းပြီးတော့လည်း နတ်ပြည့်မှာ နတ်သားလာမဖြစ်လာပါဘူး။ အကြောင်းအကျိုးဆက်သွယ်မှုလောက်ပဲရှိတယ်လို့ ယူရမှာပေါ့။

  

တံဆိပ်တုံး ဥပမာ

တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကို ကြည့်လိုက်ပါ။ သင်္ကန်းသားပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေးပြီး သင်္ကန်ခေါက်ပေါ်ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ် ထင်သွားတာပါပဲ။ ဒီလိုထင်တဲ့နေရာမှာ သင်္ကန်းမှာထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ်မဟုတ်ပါဘူး။ ဒါပေမယ့် သံပြားက

ဂဠုန်ရုပ်နဲ့ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။

ထို့အတူ နတ်ပြည်က နတ်သားဘ၀ဟာ လူ့ပြည်က ကျောင်းဒကာအနာထပိဏ် မဟုတ်ပါဘူး။ ရုပ်သစ်နာမ်သစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့်လူ့ပြည်က အနာထပိဏ်နဲ့ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။

 

ပဲ့တင်သံ ဥပမာ

ပဲတင်သံဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ ဟေးကနဲတစ်ချက်အော်လိုက်ရင် ပထမအသံက လိုဏ်ဂူနံရံကိုရိုက်ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ တတိယပဲ့တင်သံများ ပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်တဲ့အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် ပထမအော်သံနဲ့လည်း ကင်းပြီးမဖြစ်နိုင်ပါဘူး။

အကြောင်းအကျိုးဆက်စပ်မှုကတော့ ရှိနေပါတယ်။

ထို့အတူနတ်သားဘ၀ဟာ အသစ်ထပ်ဖြစ်တဲံ ရုပ်နာမ်ပေါ့။ လူ့ဘ၀က အနာထပိဏ်ရဲ့ရုပ်နမ်နဲ့လည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။

ဒီလောက်ဆိုရင် ၀ိညာဉ်ကောင်ပါမသွားဘဲ ဘ၀သစ်ဖြစ်ပုံကို မင်းတို့နားလည်လောက်ပြီထင်တယ်။

“မှန်ပါ နားလည်ပါပြီဘုရား။”

“တကယ်နားလည်သွားတယ်ဆိုရင်တော့ သိပ်ဝမ်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်နာမ်တစ်ပါးပါးကို မပျက်မစီးအမြဲတည်တယ်လို့ အယူမှားတဲ့သဿတဒိဋ္ဌိခံနေရင် ၀ိပဿနာအားထုတ်တောင် တရားမရဘူး ဖြစ်တတ်တယ်။ အခုလိုရှင်းရှင်းလင်းလင်းနားလည်သွားတယ်ဆိုရင် မဂ်လမ်းဖိုလ်လမ်းပွင်းသွားတာပေါ့။”

“တပည့်တော်တို့ သဿတဒိဋ္ဌိလွတ်ပါပြီဘုရား။”
“သာဓု သာဓု သာဓု။”

 

အညွန်း- အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၃+၄ စာအုပ်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

2 Responses to ဘ၀ကူးမှုနှင့် ပတ်သက်၍ သဿတဒိဋ္ဌိဖြစ်ပုံ၊ ဖြုတ်ပုံ

  1. Htet says:

    hi sis, this post is very good. Actually, all the posts in this blog enlighten us. Really appreciate this blog and thanks a lot to you and your effort! Keep going!😀

    • mettayate says:

      ညီမရေ… ခုလို အကြံပေးတာတွေ ရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမလည်း ခုလို ဆရာတော်ရှင်းပြသလိုမျိုး သဿတဒိဋ္ဌိ စင်ရင် မဂ်ဖိုလ်ရဖို့ လမ်းကြောင်းပွင့်သွားတာပေါ့။

      ဟုတ်ကဲ့. ကျမ အချိန်ရရင် ရသလို နောက်ထပ်ပို့စ်တွေ တင်သွားပေးပါမယ်။ ညီမအနေနဲ့လည်း အချိန်ရှိမယ်ဆိုရင် အရှင်ဇ၀န ရွှေပြည်သာ (မေတ္တာရှင်) ရေးသားသည့် လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲစာအုပ်တွေကို ဒေါင်းလုတ်လုပ်ပြီး ဖတ်ရှုနိုင်ပါတယ် လို့ အကြံပေးတိုက်တွန်းပါတယ်။ အဲဒီမှာတော့ ပိုပြီးပြည့်ပြည့်စုံစုံရှိတာပေါ့။

      ညီမ .. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ.

      မေတ္တာရိပ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s