မဂ်တားဖိုလ်တား အန္တရာယ်များ

၁) ကမ္မန္တရာယ် – ပဉ္စနန္တရိယကံ ငါးပါး (အမေကိုသတ်တဲ့ကံ၊ အဖေကိုသတ်တဲ့ကံ၊ ရဟန္တာကိုသတ်တဲ့ကံ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်တဲ့ကံ၊ သံဃာသင်းခွဲကံ။) ဒီအထဲက တစ်ခုခုကျူးလွန်မိခဲ့ရင်တော့ သေတဲ့အခါ အ၀ီစိငရဲကိုပဲ သွားရတာပါပဲ။

၂) အရိယူပ၀ါဒန္တရာယ် – အရိယာကို စွပ်စွဲကဲ့ရဲ့တဲ့အန္တရာယ်။ သူတော်ကောင်းကို စော်ကားမိတဲ့ အန္တရာယ်။

 

ဗုဒ္ဓက –

ပရ၀ဇ္ဖာနုပသိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော၊
အာသ၀ါတဿသဎုန္တိ၊ အာရာသောအာသ၀က္ခယာ။

သူတစ်ပါးအပြစ်ကိုရှာပြီး ကဲ့ရဲ့ရှုတ်ချအားထုတ်နေတဲ့သူဟာ အာသဝေါတရား (အပါယ်လားကြောင်း) တွေ တိုးပွားတယ်။ အာသဝေါတရားကုန်ရာ အရဟတ္တမဂ်မှ လွန်စွာဝေးတယ် ဟောတော်မူခဲ့ပါတယ်။

ဒီကံကို ကျူးလွန်မိတဲ့သူသည် ဘယ်လောက်ဝိပဿနာတရားကို အားထုတ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရတော့ပါဘူး။ အဲ့ဒီလူတွေက မကောင်းမြင်၊ သူတစ်ပါးအပြစ်ကို ဆီလိုအပေါက်ရှာတတ်သူ တွေမှာ ပိုများပါတယ်။

 

တချို့သောယောဂီများသည် မိမိတို့ရိပ်သာမှတပါး တခြားသောရိပ်သာဆရာတော်များနှင့် တရားများကို အမနာပအပြစ်တင်စကားများပြောမိတတ်ကြသည်။ သူတို့၏အပြုအမှုများက ငါစွဲအတ္တဒိဋ္ဌိ မပြုတ်သည့်အပြင် ရိပ်သာစွဲ၊ ဆရာစွဲ အတ္တဒိဋ္ဌိများပါ တိုးလာနေကြောင်း သက်သေခံလျက်ရှိသည်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးဆေးအတွက်လေးဆိုသော စကားပုံနှင့် တထပ်တည်းကနေပေသည်။

ကမ္မဋ္ဌာန်းဆရာအချို့ကလည်း ငါတို့နည်းနဲ့ပွားများမှသာ မဂ်ဖိုလ်ရမယ်။ တခြားနည်းများနဲ့ပွားများလို့ မဂ်ဖိုလ်မရနိုင်ဟု သဘောပါသည့်တရားမျိုးကို မကြာခဏဟောတတ်ကြသည်။

လိုဏ်ခေါင်းအတွင်းရှိ ဘုရားပေါ် မစင်စွန့်ချလေ့ရှိသောခိုကို ခဲဖြင့်ပစ်လိုက်ရာ ခိုမမှန်ဘဲ ဘုရားရုပ်ပွားတော်ကိုသာမှန်သော ဥပမာကဲ့သို့ မိမိတို့ဒနှင့်နည်းလမ်းမတူသော ကမ္မဋ္ဌာန်းဆရာနှင့်တရားကို ပုတ်ခတ်လိုက်ရာ ထိုဆရာနှင့်တရားကိုမထိဘဲ ဘုရားကိုသာပုတ်ခတ်မိပြီးသားဖြစ်နေတတ်ပါသည်။ ဘုရားဟောတရားချည်းဖြစ်နေသောကြောင့်ပါတည်း။

ပရိယတ္တိစာပေကို ပယ်လျှင်
လူအများအထူးသတိပြုသင့်သော အချက်မှာ ပရိယတ္တိနှင့်ကင်းသော ပဋိပတ္တိသည် တက်မ မရှိသော လှေသဘောင်္နှင့်တူသည်ဖြစ်၍ သောင်တိုက်လိုက်၊ ကမ်းတိုက်လိုက်၊ တောင်ရမ်း၊ မြောက်ရမ်းနှင့် လမ်းကြောင်းလွဲမှားကာ မြတ်စွာဘုရားကိုလည်း စွပ်စွဲရာကျရောက်တတ်ပေသည်။

ငါဘုရား ပရိနိဗ္ဗာန်စံလျှင် သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ဟူသော ပရိယတ္တိသည် ငါဘုရား၏ကိုယ်စားတည်ရစ်ပေလိမ့်မည်ဟု ဗျာဒိတ်တော်ထားခဲ့သည် ဖြစ်သောကြောင့် ပရိယတ္တိသည် မြတ်စွာဘုရား၏ကိုယ်စားတော် ဖြစ်သော ဓမ္မစေတီတော်မြတ်ကြီး ဖြစ်ပေသည်။ ထို့ကြောင့် ပရိယတ္တိကု ပယ်လျှင် မြတ်စွာဘုရားကို ပယ်သည်မည်တော့သည်ကို သတိပြုတာ ဆင်ခြင်သင့်လှပေသည်။ (အဘိဓဇမဟာရဋ္ဌဂုရု စစ်ကိုင်း၊ ရွှေဟင်္သာတောရ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတသိရီ)

 

ကဲ့ရဲ့ချီးမွမ်းမှာက အရိယူပ၀ါဒ

လောကုတ္တရာစာပေအခံမရှိသော လူပုဂ္ဂိုလ်စာရေးဆရာအချို့နှင့် ယောဂီအချို့သည် သဒ္ဓါကလွန်နေပြီး ပညာက မထိန်းနိုင်တော့သဖြင့် မိမိကိုးကွယ်ရာဆရာတော်များကို ရဟန္တာအဖြစ်ပြောဆိုချီးမွမ်းပြီး ဂုဏ်တင်တတ်ကြသည်။ ပုထုဇဉ်ကို ရဟန္တာအဖြစ် ချီးမွမ်းဂုဏ်တင်ကြော်ငြာမိလျှင် အပြစ်ကြီးပေသည်။

 

မန်လန်ဆရာတော်၏ ၀ီမံသကထာကျမ်းတွင် –

မေး – နှစ်ဦးသားဗာလတို့
မိုက်ကြသည့်အနေ
တစ်ဦးသားဗာလက
ရဟန္တာ ဧကန္တကို
ဤသူလျှင် ဒုဿီလဟု
မြွက်ဟတုံပေ
တစ်ဦးမှာ ဒုဿီလကို
ရဟန္တာဧကန္တဟု
စွန်းနှုတ်ကဖွင့်ချေသည်
ဆိုပုံလေလွန်ရိုင်း
နှစ်ပါးစုံထိုကံညစ်ဝယ်
အပြစ်ကယ်ဘယ်ကလေးတယ်
မေး၍ချင့်နှိုင်း။

ရဟန္တာကို သီလပျက်နေသောသူဟု ကဲ့ရဲ့သူ၊ သီလပျက်နေသောသူကို ရဟန္တာဟုချီးမွမ်းသူ ထိုနှစ်ဦးတွင် မည်သူက အပြစ်ပိုလေးသနည်းဟု မေးထားခြင်းဖြစ်သည်။

ဖြေ – နှစ်ဦးသားဗာလတို့
မိုက်ကြသည့်အနေ
တစ်ဦးသားဗာလက
ရဟန္တာ ဧကန္တကို
ဤသူလျှင် ဒုဿီလဟု
မြွက်ဟတုံပေ
တစ်ဦးမှာ ဒုဿီလကို
ရဟန္တာဧကန္တဟု
စွန်းနှုတ်ကဖွင့်ချေသည်
ဆိုပုံလေလွန်ရိုင်း
နှစ်ပါးစုံထိုကံညစ်ဝယ်
အပြစ်ကယ် အတူရှိတယ်။

နှစ်ဦးစလုံး အရိယူပ၀ါဒကံထိုက်တာချင်းတူနေသည်။

 

ထို့ကြောင့် သဒ္ဓါနဲ့ ပညာကို ထိန်းနိုင်ဖို့က အရေးကြီးလှပါသည်။ မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီးက –

သဒ္ဓါလွန်ကဲ၊ ပညာနည်း၊ တလွဲယုံတတ်သည်

ပညာလွန်ကဲ၊ သဒ္ဓါနည်း၊ စဉ်းလဲကောက်ကျစ်သည်

သတိတရား၊ ထိုနှစ်ပါး၊ စွမ်းအားညှိပေးသည်

လုံ့လလွန်ကဲ၊ အငြိမ်နည်း၊ မစွဲပျံ့လွင့်သည်

အငြိမ်လွန်ကဲ၊ လုံ့လနည်း၊ ဖင့်နွှဲနှေးကွေးသည်

သတိတရား၊ ထိုနှစ်ပါး၊ စွမ်းအားညှိပေးသည်

စွမ်းအားညီမှ၊ ကောင်းကျိုးရ၊ မုချချမ်းသာမည် ဟု ဆုံးမတော်မူခဲ့ပါသည်။


 

ဒီအပြစ်တွေကို ၀န်ချတောင်းပန်မှသာလျင် လွတ်ပါတယ်။

– ထိုပုဂ္ဂိုလ် သက်ရှိထင်ရှားရှိနေလျှင် ထိုသူရှေ့၌ ၀န်ချတောင်းပန်ရမည်။

– ထိုသူသေသွားခဲ့သည်ရှိသော် ထိုသူ၏မြေပုံ၌ သွားရောက်ဝန်ချတောင်းပန်ရမည်။

– ထိုတည်းမဟုတ် ဘယ်နေရာတွင်ရှိသည်ကို မသိသော် ဆရာတော်တစ်ပါးပါးရှေ့မှောက်၌

        ”အရှင်ဘုရား. တပည့်တော်သည် ဘ၀အဆက်ဆက်မှစ၍ ယခုဘ၀တိုင်အောင်
         မပြစ်များထိုက်သော အရိယာ အစရှိသော ပုဂ္ဂိုလ်တို့အား ပြစ်မှားမိသည်ရှိသော်
         ထိုအပြစ်တို့မှ ပြေပျောက်စေရန် အရှင်ဘုရားရှေ့မှောက်၌ တောင်းပန်ကန်တော့ပါတယ်ဘုရား”
         ဟုဆိုပြီး ဦးသုံးကြိမ်ချလိုက်ရင် ကျေပါတယ်။

 

၃) အာဏာဝီတိက္ကမ္မန္တရာယ်(ပညတ္တိဝီတိက္ကမ္မန္တရာယ်) – ဗုဒ္ဓပညတ်ထားတဲ့သိက္ခာပုဒ် (၂၂၇) သွယ်မှ တစ်ခုခုကို ဖောက်ဖျက်ထားပြီး အဲ့ဒီအာပတ်ကို မကုစားပဲ တရားအားထုတ်မယ်ဆိုရင် ဘယ်တော့မှ တရားမရပါဘူး။
ကမ္မန္တရာယ်၊ အရိယူပ၀ါဒန္တရာယ်၊ အာဏာဝီတိက္ကမ္မန္တရာယ် က မိမိကြောင့် ဖြစ်တာပါ။

၎) ကိလေသန္တရာယ်- ကိလေသာ ၁၀ပါးထဲက ဒိဋ္ဌိကိလေသာကပဲ မဂ်ဖိုလ်မရအောင်တားပါတယ်။ ဒိဋ္ဌိကတော့ နူးညံ့သိမ်မွေ့တဲ့ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ တို့ပါပဲ။ ဒီဒိဋ္ဌိတွေကို အသိနဲ့ပယ်ပြီး အားထုတ်တဲ့ ၀ိပဿနာကမှ အားရှိတဲ့ ဗလ၀၀ိပဿနာဖြစ်တယ်။ ဒိဋ္ဌိကို အသိနဲ့မပယ်ရသေးသရွေ့ အားနည်းတဲံ ဒုဗ္ဗလ၀ိပဿနာပဲ ဖြစ်နေပါတယ်။

၅) ၀ိပါကအန္တရာယ်- မိခင်ဝမ်းမှာ ပဋိသန္ဓေတည်စဉ်ကတည်းက ဉာဏ်ပညာပါမလာသူ၊ အလောဘ အဒေါသ နှစ်ခုပဲပါတဲ့ ဒွိဟိတ်ပုဂ္ဂိုလ်။

 

ကိလေသန္တရာယ် နဲ့ ၀ိပါကအန္တရာယ် က မွေးကတည်းက အလိုလိုပါလာတာပါ။

ကမ္မန္တရာယ် နဲ့ ၀ိပါကအန္တရာယ် တွေက ကုစားလို့ မရပါဘူး။

ကိလေသန္တရာယ်၊ အရိယူပ၀ါဒန္တရာယ်၊ အာဧာဝီတိက္ကမ္မန္တရာယ် တွေကတော့ ကုစားလို့ရပါတယ်။

 

လယ်တီဆရာတော်ဘုရားကြီးကလည်း ဗောဓိပက္ခိဒီပနီ၌ –

မိမိကြောင့်ဖြစ်သော ဓမ္မန္တရာယ် (မိစ္ဆာဓမ္မ) ဆိုသည်ကား

၁) သံသရာဘေးကို ကောင်းစွာမမြင်နိုင်ခြင်း။

၂) မဂ်ဖိုလ်ရသင့်သော ခေတ်ကာလမဟုတ်ဟု ထင်မှတ်ခြင်း၊

၃) ပါရမီအရင့်ကို စောင့်စားခြင်း

၎) ယခုကာလရှိကြသူတို့ကို ဒွိဟိတ်ပုဂ္ဂိုလ်ဟု ထင်မှတ်ခြင်း၊

၅) အဓိပတိဖြစ်သော ရှေးရှေးဆရာကြီးတို့ပင် မဖြစ်နိုင်ကြကုန်ပြီး ဟု ဆန္ဒဥဿဟကို စွန့်လွှတ်ခြင်း။

 

အညွှန်း- အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော မဂ်တား ဖိုလ်တား အန္တရာယ်များစာအုပ်၊ လူငယ်များအတွက်  ဂမ္ဘီရ၀ိပဿနာအတွဲ ၃ နှင့် ၄ စာအုပ်၊

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s