သံဝေဂဉာဏ် သုံးမျိုး

ပထမသံဝေဂဉာဏ် – မျက်ရည်ကျခြင်းနှစ်မျိုး

ပထမမျက်ရည် – သေရမယ့်ဝေဒနာကို မခံစားနိုင်လွန်းလို့ အော်ဟစ်ငြီးငြူမယ့်အစား အသံနဲ့မအော်နိုင်လို့ ကျလာတဲ့မျက်ရည်ပါ။ ရုပ်ဖောက်ပြန်မှုကြောင့် ခံစားရတဲ့ဝေဒနာကြောင့်ကျတဲ့မျက်ရည်ပါ။
 
ဒုတိယမျက်ရည် – အတ္တ သမံ ပေမံ နိတ္ထိ- မိမိကိုယ်နှင့်တူသော ချစ်ခြင်း မည်သည်မရှိဆိုတဲ့ ဒေသနာတိုင်း ဘယ်သူ့ကိုဘယ်လောက်ချစ်တယ်ပြောပြော မိမိကိုယ်လောက်တော့ ဘယ်သူမှမချစ်ကြပါဘူး။ မိမိအစွဲလန်း အချစ်ခင်ဆုံးခန္ဓာကြီးကို ထားခဲ့ရတော့မယ်လို့ သေချာသိလိုက်တာနဲ့ ပူလောင်ပြင်းပြတဲ့ ဒေါမနဿဝေဒနာကို မချိမဆန့်ခံစားရပြန်တယ်။ ဒီဒေါမနဿဝေဒနကြောင့် မျက်ရည်ကျရတယ်။

 

ဒုတိယသံဝေဂဉာဏ် – ကျားနဲ့မိချောင်းအလယ်က လူ့ဘဝ

လူတစ်ယောက်ဟာ တောထဲမှာ မျက်စိလည် လမ်းမှားနေတုန်း ကျားကြီးတစ်ကောင်ကလိုက်ကိုက်တဲ့အတွက် အသက်စွန့်ပြီးထွက်ပြေးတယ်။ ချောက်ကမ်းပါးတစ်ခုရောက်တဲ့အခါမှာတော့ ဆက်ပြေးစရာ မြေမရှိတော့ဘူး။ ချောက်ကမ်းပါးအောက်မှာတော့ ချောင်းရေတွေရှိတယ်။ ဒီအချိန်မှာကျားကြီး အနားရောက်လာတော့ ချောင်းထဲမှာ အန္တရာယ်ရှိ/ မရှိဆိုတာတောင် သေချာမကြည့်နိုင်တော့ဘဲ ကြောက်လန့်တကြား ချောက်ထဲကို ဖင်ထိုင်ရက်လျှောချလိုက်တယ်။ လျှောချရင်းက ချောက်ကမ်းပါးတစ်ဝက်လောက်ရောက်မှ ချောင်းထဲမှာ မိချောင်းကြီးတစ်ကောင်ပါးစပ်ကြီးဖြဲပြီး သူ့ကိုမျိုချဖို့ အသင့်စောင့်နေတာကို တွေ့လိုက်ရတယ်။

ဒီတော့မှ လူသားဟာ ကြောက်လန့်တကြား ချောက်ကမ်းပါးနံရံက ခြုံပုတ်တစ်ခုကို လှမ်းဆွဲလိုက်တယ်။ ဒီတော့ ခြုံပုတ်ကိုဆွဲရင်း ချောက်ကမ်းပါးအလယ်ခေါင်မှာ တန်းလန်းကြီးဖြစ်နေတာပေါ့။ အထက်ကို မရမက ပြန်တက်ရင်လည်း ချောက်ကမ်းပါးထိပ်က ထိုင်စောင့်နေတဲ့ ကျားကြီးက ကိုက်သတ်စားမယ်။ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ချောက်ထဲလျှောဆင်းလိုက်ရင်လဲ မိချောင်းကြီးပါးစပ်ထဲ တစ်ခါတည်း ရောက်သွားမယ်။

ဒီတော့ လူသားဟာ ဆွဲမိထားတဲ့ ခြုံပတ်လေးကို မလွှတ်ရဲပဲ အားကိုးတကြီး ပိုမြဲအောင် ဆုပ်ကိုင်ထားတယ်။ လူသားရဲ့အလေးချိန်ကများတော့ ခြုံပုတ်ရဲ့အမြစ်ဟာ ဒဏ်မခံနိုင်ဘဲ တဖြည်းဖြည်းချင်း မြေကြီးထဲကနေ ပြုတ်ထွက်နေတယ်။ အမြစ်သေး အမြစ်မွှာလေးတွေဟာ တဖြည်းဖြည်းချင်းနဲ့အကုန်ပြုတ်ထွက်သွားပြီး ရေသောက်မြစ်ကြီးတစ်ခုပဲ ကျန်တော့တယ်။ ခြုံပတ်ဘေးနားကပ်လျက်မှာ ကြွက်တွင်းနှစ်တွင်းရှိတယ်။ တစ်တွင်းမှာ ကြွက်နက်တစ်ကောင်ရှိပြီး နောက်တစ်တွင်းမှာ ကြွက်ဖြူတစ်ကောင်ရှိတယ်။

ဒီခြုံပုတ်ရဲ့အမြစ်ဟာ ကြွက်တွေကြိုက်တဲ့ရသဓါတ်တစ်ခုရှိနေတော့ ကြွက်နှစ်ကောင်ဟာ အမြစ်ကို တစ်ဖက်တစ်ချက်စီကိုက်စားနေကြတယ်။ ကြာရင် အမြစ်ရဲ့အသားတွေဟာ ကုန်ပြီးပြတ်ကျမှာ သေချာနေပါတယ်။ ဒီအချိန်မှာ ခြုံပုတ်မှာစွဲထားတဲ့ပျားအုံက ပျားရည်စက်အချို့ဟာ ခြုံပုတ်မှာပါတဲ့သစ်ရွက်တွေကတစ်ဆင့် အောက်ကို တစ်စက်ခြင်း စီးကျနေပါတယ်။ ဒီအချိန်မှာ လူသားရဲ့ကိုယ်ဆင်းရဲခြင်းဒုက္ခ၊ စိတ်ဆင်းရဲခြင်းဒုက္ခကို ကြည့်လိုက်စမ်းပါ။

အပေါ်တက်ရင် ကျားစားခံရမယ့်ဒုက္ခ၊ အောက်ဆင်းရင် မိချောင်းစားခံရမယ့်ဒုက္ခ၊ အောက်ကျမသွားဖို့ လက်အံသေအောင် မ,လွှတ်တမ်းဆွဲထားရတဲ့ဒုက္ခ၊ အမြစ်ကို ကြွက်နှစ်ကောင်က ကိုက်စားနေတဲ့အတွက် တခဏအတွင်း အမြစ်ကျပြီး ဧကန်မုချသေရမယ့်ဒုက္ခ၊ သေချာတွေးကြည့်ရင် ဒုက္ခတွေချည်းပါပဲ။ ဒီလောက်ဒုက္ခတွေကြားထဲက လူသားဟာ ဒုက္ခလွတ်မြောက်ဖို့ကျတော့ မကြိုးစားဘဲ ဘာလုပ်နေသလဲဆိုတော့ သစ်ရွက်ပေါ်မှာ စီးကျနေတဲ့ပျားရည်ကို အငမ်းမရလျက်နေလေရဲ့။

 

*** ယခုရထားတဲ့ဘ၀ဟာ ချောက်ကမ်းပါးက ခြုံပုတ်ကိုမလွတ်တမ်းဆွဲထားတဲ့ လူသားနဲ့တူတယ်။

ချောက်ကမ်းပေါ်က ကျားကတော့ – စားရေး၊ ၀တ်ရေး၊ နေရေး၊ သားရေး သမီးရေး၊ ဆွေရေးမျိုးရေး၊ မီးရေးထင်းရေးကစပြီး ရန်သူမျိုးငါးပါး။

ချောင်းထဲက မိချောင်းကြီးကတော့ – မချိမဆန့် ဝေဒနာခံစားပြီး သေရမယ့်ဒုက္ခ။

တစ်ချောင်းတည်းကျန်တဲ့ရေသောက်မြစ်က – လူ့ဘ၀တစ်ခဏတာအချိန်။

ကြွက်ဖြူ၊ ကြွက်မည်းကတော့ – နေ့ နဲ့ ည။

သစ်ရွက်ပေါ်က ပျားရည်စက်ကတော့ – အာရုံ ၆ ပါး။

လူသားတွေဟာ ဒီလောက်များတဲ့ဒုက္ခတွေကို မကြည့်နိုင်ဘဲ တစ်ခဏတာခံစားရတဲ့ အာရုံခြောက်ပါးရဲ့အရသာလေးကို ခံစားပြီးတရားရှာဖို့ မေ့လျော့နေကြတာဟာ ချောက်ကမ်းပါးအလယ်က ခြုံပုတ်ကို ဆွဲထားတဲ့လူသားနဲ့ တူတယ်လို့ ပြောတာပါပဲ။

 

တတိယသံဝေဂဉာဏ် –

ကျင်လည်ခဲ့ရတဲ့ဘ၀တွေဟာ မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ ဗုဒ္ဓက – သတ္တ၀ါတစ်ယောက်ဟာ ဘယ်ဘ၀ကစခဲ့တယ်ဆိုတာကို မသိနိုင်လောက်အောင် ဘ၀တွေက များပြားလွန်းလှတယ်လို့ အနမတဂ္ဂသဒ္ဒါနဲ့ ဟောခဲ့ပါတယ်။

များပြားလွန်းလှတဲ့ဘ၀ပေါင်းများစွာမှာ ကောင်းတဲ့ဘ၀လည်းရခဲ့သလို မကောင်းတဲ့ဘ၀တွေကိုလည်း ကျင်လည်ခဲ့ရတာပါပဲ။

ဘယ်ဘ၀က ပိုများလဲလို့ မေးရင် မကောင်းတဲ့ဘ၀ လို့ဖြေရပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားနာကြားဖို့၊ မဂ်ဖိုလ်ရကြောင်းအားထုတ်ဖို့ကို စိတ်ကမပါသလို အကြိမ်ကြိမ်အခါခါ နှစ်ပေါင်းနဲ့လေ့လာသင်ယူနာကြားမှ ၀ိပဿနာတရားကို ရှုပွားနိုင်တယ်။ မကောင်းမှုအကုသိုလ်တွေကိုတော့ နားလည်တတ်ကျွမ်းသင်စရာမလိုပါဘူး။ အလိုလိုတတ်ကျွမ်းသွားတာပါပဲ။

ထို့ကြောင့် –

ရန်သူဝိုင်းထား ထိုယောကျာ်းကား

ပြေးသွားဖို့ရာ လမ်းပေါက်သာလျက်

ပြေးမထွက် လမ်းတွက်မဟုတ်ချေ။

ယောကျာ်းတစ်ယောက်ဟာ အိမ်တစ်အိမ်အတွင်းမှာ သူ့ကိုသတ်ဖြတ်မယ့်ရန်သူဝိုင်းခြင်းကို ခံထားရတယ်။ သို့ပေမယ့် ရန်သူတွေမသိအောင် ဖောက်ထားတဲ့လမ်းကြောင်းတစ်ကြောင်းရှိသောငြားလည်း ထိုယောက်ျားထွက်မပြေးဘဲ ရန်သူရဲ့သတ်ခြင်းကိုခံရမယ်ဆိုရင် ထိုလမ်းရဲ့အပြစ်မဟုတ်ပါဘူး။ ထွက်မပြေးခဲ့တဲ့ယောကျာ်းရဲ့အပြစ်ပါ။

 

ဟစ်အော်ငိုငြီး၊ ရောဂါသည်းလျက်၊

လူလည်းဗျာဓိ၊ နာမချိသော်

တတ်သိမြင်မျှော်၊ သမားတော်၌

ဆေးကျော်ရှိလျက်၊ မစားခက်၊

ဆေးအတွက် မဟုတ်ပေ။

လူနာတစ်ယောက်ဟာ ရောဂါသည်းလို့အော်ဟစ်ငိုကြွေးနေတယ်။ သူ့နားမှာလည်း တစ်ခါသောက်ရုံနဲ့ရောဂါပျောက်မယ့်ဆေးရှိပါလျှက် ထိုဆေးကိုမသုံးစွဲဘဲ ငိုငြီးနေမယ်ဆိုရင် ဆေးရဲ့အပြစ်မဟုတ်ပါ။ မစားသူရဲ့အပြစ်ပါ။


 

မစင်လူးလျှင် အေးကြည်လင်သည့်

ရေစင်ရှိလျှက်

မဆေးခက် ကန်တွက်မဟုတ်ပေ။

မစင်အညစ်အကြေးတွေ ခြေထောက်မှာလူးသွားတဲ့သူဟာ အသေင့်ဆေးကြောစရာ ရေကန်ကြီးရှိပါလျှက် မဆေးကြောခဲ့လျှင် ရေကန်ရဲ့အပြစ်မဟုတ်ပါ။ ကိလေသာအညစ်အကြေးတွေဆေးကြောဖို့ မဂ်ရေစင်ရှိပါလျှက် မဆေးကြောဘူးဆိုရင် မဂ်ရေစင်ရဲ့အပြစ်မဟုတ်ပါဘူး။ မဆေးကြောသူရဲ့အပြစ်ပါ။

 

အညွန်း – အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော မဂ်ဖိုလ်ရမည့် သမာဓိအဆင့်ဆင့် စာအုပ်။

 

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s