ပါရမီ လို မလို

“မဟာစည်ဆရာတော် ဘုရားကြီး၏ လကာင်္”

“လောကီမှုကို၊ အောင်စေလို၊ ကံကို မချရ

ကံကိုချလျှင်၊ မအောင်မြင်၊ ဉာဏ်ယှဉ်ကြိုးစားကြ

နိဗ္ဗာန် ရွှေပြည်၊ ရောက်ခဲသည်၊ ပါရမီမချရ

ပါရမီချလျှင်၊ ၀ဋ်ထဲတွင် ပူပင်ဆင်းရဲရတဲ့။ “

 

 

မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဆုံးမသြ၀ါဒ

ပါရမီသည် မဂ် ဖိုလ်ရဖို့အတွက် လိုအပ်သည်လော။

တို့သည်ကား ပါရမီ ရှိရဲ့လား။ လုပ်တော့လုပ်နေတာပဲ ဒီဘ၀မှာ စနေတာများ ဖြစ်လေရော့သလားဆိုပြီး ကိုယ့်သံသယ၊ ကိုယ့်ကုက္ကုစ္စ ကိုယ့်ကိုယ်တော့ဖြင့် မကန့်ကွက်ပစေနဲ့ဆိုတာ လေးလေးနက်နက်တားတယ်။

တို့ကလဲ သားနဲ့ သမီးနဲ့- ဆွေနဲ့- မျိုးနဲ့- အိမ်နဲ့- ရာနဲ့ ပျော်လိုက် ပါးလိုက်နေခဲ့ကြရတော့ တို့ကတော့ဖြင့် အခုဆရာဘုန်းကြီးပြောသလောက်တော့ မလွယ်ဘူးထင်တယ် လို့ဆိုရင် ကိုယ့်ကိုယ်ကို သံသယကုက္ကုစ္စ ဖြစ်တာ။ (ကိုယ့်သံသယကို ဖျောက်ဖို့ ကုက္ကုစ္စကို ဖျောက်ပြီး ကြိုးစားမြဲ ကြိုးစားလို့ရှိရင်ဖြင့် ရ ရမှာပဲ)

သားနဲ့ သမီးနဲ့- ဆွေနဲ့- မျိုးနဲ့-အရောင်းနဲ့ အ၀ယ်နဲ့- အခင်အမင်တွေကလဲ တန်းလန်း၊ မစွန့်နိုင်တာတွေကလဲ တပြုံကြီး၊ ဒီကြားထဲကနေပြီး သကာလ ဒီနှစ်ချက်နဲ့ညီအောင်လုပ်လို့ရှိရင်တော့ လုပ်တော့လုပ်ရမှာပဲ ဖြစ်ဖို့ရာ လွယ်မှလွယ်ပါ့မလား ဆိုတဲ့ ၀ိစိကိစ္ဆာမလာစေနဲ့။

တို့ကလဲ အကုသိုလ်တွေကလဲ များလိုက်တာ။ နောက်က နေခဲ့ထိုင်ခဲ့တာ မသိမှုတွေက အုပ်ချုပ်ပြီး မသိအလုပ်တွေပုံနေခဲ့တယ်ဆိုပြီး အဲ့ဒီကုက္ကစ္စလဲ မလာစေနဲ့။

ဆရာတော်ဘုရားကြီးက ဘာမှသံသယမရှိပါနဲ့တဲ့။ ဒကာ ဒကာမတို့ ဘယ်လောက်ပဲမူးလို့ ဘယ်လောက်ပဲ ရူးနေနေ ပဉ္စာနန္တရိယကံ မရှိ၊ နိယတမိစ္ဆာဒိဋ္ဌိ ဒကာဒကာမတွေ ရနိုင်တာပါပဲလို့ ဆိုခဲ့ပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း

တိဟိတ်လား ဒွိဟိတ်လား ဟု မတွေးကြနဲ့။ ဘုရားရှင်ကသာ သိသည်။ အလုပ်လ်ုဖို့သာ ကိုယ့်တာဝန်၊ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲဆိုတာ သံသယမရှိကြနဲ့။ ပါရမီစကားလည်း မပြောကြနဲ့။ သာဝကဉာဏ်မှာ ပါရမီ မလိုဘူးလို့ တစ်ထစ်ချမှတ်လိုက်ကြ။

 

ပေဋကောပဒေသ ပါဠိတော်မှာ အတိအလင်းဟောထားတာ ရှိတယ်။

‘ဒုသေဟေတူဒုဝေပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ၊ ‘

‘သာဝကဉာဏ်အရာမှာ အထေက်အပံ့နှစ်ချက်ပဲ လိုတယ်။’

 

ပရတောစ ဃေယသော သစ္စာနုသန္ဓိ အဇ္ဈတ္တဉ္စ ယောနိသော မနသိကရောတော

သစ္စာတရား နာကြားမှုနဲ့ နှလုံးသွင်းမှန်ကန်မှု ဒီနှစ်ခုပဲ လိုတယ်။

 

ပကတိသာဝကသည် ဘုရားရှင်တို့လို လေးသင်္ချ ကမ္ဘာတစ်သိန်း၊ ပစ္စကဗုဒ္ဓါ လို နှစ်သင်္ချေ ကမ္ဘာတစ်သိန်း၊ အဂ္ဂသာဝကလို တစ်သင်္ချေ ကမ္ဘာတစ်သိန်း၊ စသဖြင့် ပါရမီဖြည့်စရာမလို။

ယနေ့ဝိပဿနာတရားကို နာကြားအားထုတ်ရခြင်းသည် နက်ဖြန်မဂ်ဖိုလ်ရဖို့အတွက် ပါရမီဖြစ်သွားလေပြီ။

ပါရမီသည် မိုးကျရွှေကိုယ်မဟုတ်။ လုပ်ယူမှရသောအရာဖြစ်သည်။

 

ထို့ကြောင့် ပါရမီမရှိသေးသူသည် အားထုတ်လျှင် ပါရမီဖြစ်၏။ အားမထုတ်လျှင် ပါရမီဖြစ်ခွင့်မရပြီ။

ပါရမီမရင့် သေးသူ  အားထုတ်လျှင် ပါရမီရင့်ရာ နောင်ဘ၀၌ ဤသာသနာ၌ပ်င မဂ်ဖိုလ်ကိုရနိုင်၏။ အားမထုတ်လျှင် ပါရမီရင့်ခွင့်မရပြီ။

ပါရမီရင့်ပြီးဖြစ်လျှင် ယခုဘ၀၌ပင် မဂ်ဖိုလ်ရနိုင်၏။ ဒွိဟိတ်ဖြင်လျှင် နောင်ဘ၀၌ တိဟိတ်ဖြစ်နိုင်၏။ အားမထုတ်လျှင် ဒွိဟိတ်ကနေ အဟိတ်သို့ လျှောဖို့သာရှိ၏။

 

ပါရမီအကြောင်းမေးထားသော မေးခွန်းကို အရှင်ဆန္ဒာဓိက ဖြေရှင်းချက်ကို ‘အနှိုင်းမဲ့လာဘ်’ စာအုပ်၌ ဖော်ပြထားသည်ကို ပြန်လည်ကောက်နှုတ်တင်ပြပေးလိုက်ပါသည်။

မေး – အရှင်ဘုရား … ပြုခဲ့ပြီး၊ ပြုလတ္တံ့ပါရမီမရှိဘဲ လက်ရှိဘ၀တစ်ခုတည်းမှာပဲ ဘုရားဟောအတိုင်း အတိအကျကျင့်ရင် ဒီဘ၀မှာပဲ ဘ၀ခန္ဓာချုပ်ငြိမ်းနိုင်ပါသလား။ သို့မဟုတ် တချို့သာ ချုပ်ငြိမ်းနိုင်ပါသလား သိုမဟုတ် အားလုံး မချုပ်ငြိမ်းနိုင်ဘူးလားဖြေကြားပေးတော်မူပါဘုရား။ တချို့သောများက “ဒီဘ၀မှာ တရားထူးရဖို့ ပါရမီမလိုပါ” လို့ ပြောကြလို့ပါဘုရား။

ဖြေ။
‘ပါရမီ= မြင့်မြတ်သူတို့၏ အလုပ်။’

ပါရမီ မလိုပါဘူးလို့ ပြောလိုက်တာဟာ မြင့်မြတ်တဲ့အလုပ်ကို လုပ်စရာမလိုဘူး လို့ ပြောလိုက်တာပါပဲ။ မြင့်မြတ်တဲ့အလုပ်မလုပ်ချင်ဘူးဆိုမှတော့ နိမ့်ယုတ်တဲ့အလုပ်တွေကိုပဲ လုပ်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။

ပါရ = သံသရာတစ်ဖက်ကမ်း နိဗ္ဗာန်

မီ = ရောက်စေနိုင်တဲ့တရား

ဒါ့ကြောင့် “နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့တရား” ကို ပါရမီလို့ခေါ်ပါတယ်။

 

ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ရောက်သွားတဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။

ကုသိုလ်ကောင်းမှုတွေကို ပါရမီလို့ ပြောနေကြပေမယ့် ကုသိုလ်ကောင်းမှုတိုင်း ပါရမီ မဖြစ်ပါဘူး။ နိဗ္ဗာန်ကို ဦးတည်ရည်မှန်းပြီး ပြုတဲ့ကုသိုလ်ကောင်းမှုတွေသာ ပါရမီဖြစ်ပါတယ်။

ဂုဏ်လိုချင်လို့၊ ထင်ပေါ်ကျော်ကြားချင်လို့ ပြုတဲ့ကုသိုလ်ကောင်းမှုတွေ၊ အခွင့်အရေးတစ်ခုခု၊ လုပ်ပိုင်ခွင့်တစ်ခုခုရချင်လို့ အပေးအယူသဘောမျိုး၊ လာဘ်ထိုးတဲ့သဘောမျိုးပြုတဲ့ကုသိုလ်ကောင်းမှုတွေဟာ ပါရမီကုသိုလ် မဟုတ်ပါဘူး။ ရိုးရိုးကုသိုလ်၊ သာမန်ကုသိုလ်တွေပါ။

ဉာဏ်မမီလို့ နိဗ္ဗာန်ကို ဦးမတည်တတ်ဘူးဆိုရင်လည်း ကောင်းမြတ်တဲ့ဘာအလုပ်ပဲ လုပ်လုပ်၊ အများချမ်းသာကြပါစေ ဆိုတဲ့ မေတ္တာစိတ်နဲ့ပဲ လုပ်ရပါမယ်။ ကိုယ်ကျိုးမပါဘဲ သူတစ်ပါးအကျိုးရဖို့ ပရဟိတစိတ်နဲ့လုပ်တဲ့ အလုပ်ကောင်း အလုပ်မြတ်မှန်သမျှဟာလည်း ပါရမီပါပဲ။

ဒီဘ၀မှာ တရားထူးရဖို့ ပါရမီမလိုဘူး။ အားထုတ်ဖို့လဲ လိုတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ သတိပဋ္ဌာန်ဝိပဿနာအလုပ်ကို အပတ်တကုတ်ကြိုးပမ်းအားထုတ်နေခြင်းပင်လျှင် ပါရမီဖြည့်နေခြင်းပဲ လို့နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ 

အားထုတ်တဲ့နေရာမှာလည်း ဘုရားအဆုံးအမအတိုင်းနည်းမှန်လမ်းမှန်ဖြစ်ဖို့တော့ အထူးအရေးကြီးပါတယ်။ နည်းလမ်းမမှန်ရင် အားထုတ်ချင်သလောက်အားထုတ် တရားထူးမရနိုင်ပါဘူး။ အချိန်ကုန်ရုံ လူပင်ပန်းဆင်းရဲရုံပဲ အဖတ်တင်ပါလိမ့်မယ်။

ဘုရားအဆုံးအမအတိုင်း နည်းလမ်းမှန်အားထုတ်တယ်ပဲ ထားဦး။ အတိတ်ဘ၀များစွာက ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ်တွေ၊ ဒီဘ၀မှာ ၀ိပဿနာအလုပ်တွေနဲ့တွဲပြီး ဖြည့်ကျင့်ဆည်းပူးနေတဲ့ တခြားပါရမီကုသိုလ်တွေ လုံးဝမပါဘဲနဲ့တော့ ဒီဘ၀မှာ တရားထူးမရနိုင်ပါဘူး။

ဘယ်လောက် အရည်အသွေးကောင်းတဲ့ မျိုးစေ့ပဲဖြစ်ဖြစ်၊ အခုချက်ချင်းစိုက် ခုချက်ချင်း အပင်ပေါက်၊ အခုချက်ချင်း အပွင့်ပွင့် ခုချက်ချင်းအသီးသီးတယ်ဆိုတာ မရှိပါဘူး။ အချိန်ကာလအတိုင်းအတာတစ်ခုလည်း စောင့်ဆိုင်းရအုန်းမယ်။ ပြီးတော့ မြေ၊ ရေ၊ လေ၊ မိုး ပြုပြင်မှုစတဲ့ အကြောင်းတရားတွေလည်း ညီညွတ်မျှတဖို့ လိုအပ်ပါသေးတယ်။
အတိတ်ကပါရမီတွေကိုတော့ ကိုယ်မမြင်ရလို့ ထားပါတော့။ ဒီဘ၀မှာ ဒါန သီလ စတဲ့ ပါရမီတွေကို တစ်ဖက်ကဖြည့်ကျင့်ရင်း တစ်ဖက်ကလည်း သတိပဋ္ဌာန်ဝိပဿနာအလုပ်ကို ကြိုးကြိုးစားစားအားထုတ်မယ်ဆိုရင် ပါရမီကုသိုလ်တွေရဲ့အထောက်အပံ့ကိုရတဲ့ ကိုယ့်ရဲ့ဝိပဿနာဉာဏ်ဟာ မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိရင့်ကျက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ အောက်ထစ်ဆုံးတော့ သောတာပန်အရိယာအဖြစ်နဲ့ပေါ့။

“တို့က ပါရမီမရှိဘူး။ တို့က ပါရမီ နည်းတယ်” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ၀ိပဿနာအလုပ်ကို လုံးဝအားမထုတ်တဲ့သူတွေ၊ အားထုတ်ပေမယ့် ပျင်းရိပေါ့လျော့နေသူတွေကို ပါရမီလွှဲချပြီး ရေသာခိုနေတာမျိုး မဖြစ်စေချင်လို့ တချို့ဆရာတော်ကြီးများက ဒီဘ၀မှာတင် တရားထူးရဖို့က ပါရမီ မလိုပါဘူးဗျာ၊ တကယ်အားထုတ်ဖို့ပဲ လိုပါတယ် လို့ အားပေးစကား မိန့်ကြားတော်မူကြပါတယ်။

ဆရာတော်ကြီးတွေရဲ့ဆိုလိုရင်း အာဘော်ကို သဘောမပေါက်ဘဲ ပါရမီ မလိုဘူး လို့ တရားသေ ဓားထစ်စွဲမှတ်လိုက်ရင်တော့ သာသနာတွင်း ပါရမီကုသိုလ်တွေ အကြီးအကျယ်ဆုံးရှူံးပြီး သာသနာတွေနဲ့ တွေ့ရကျိုးနပ်သင့်သလောက် မနပ်နိုင်တော့ပါဘူး။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s