အနိုင်းမဲ့လာဘ်

“အာရောဂျမရမာ လာဘာ = ကျန်းမာခြင်းလာဘ်သည် အနှိုင်းမဲ့လာဘ်” ဖြစ်တယ်လို့ ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါတယ်။

လာဘ် = ရရှိခြင်း။

လူတိုင်းဟာ ရရှိခြင်း ကို နှစ်သက်ကြပါတယ်။ 

လောကမှာ ရှိရှိသမျှ လာဘ်အားလုံးထဲမှာ ကျန်းမာခြင်းလာဘ်ဟာ အနှိုင်းမဲ့လာဘ် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာခြင်းလာဘ်ထက် ပိုပြီးရယူချင်စရာကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားလာဘ် မရှိတော့လို့ပါပဲ။ ကျန်းမာခြင်းလာဘ်နဲ့ လဲလှယ်ထိုက်တဲ့ တခြားလာဘ် လောကမှာ မရှိတော့တဲ့အတွက် ကျန်းမာခြင်းလာဘ်ဟာ အနှိုင်းမဲ့လာဘ် ဖြစ်ပါတယ်။

 

ကျန်းမာခြင်း ဆိုတဲ့ လာဘ်ကို မရရှိထားတဲ့ လူတစ်ယောက်ဟာ တခြားလာဘ်အရာအားလုံးကို မရတာနဲ့ အတူတူပါပဲ။

ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရ ရ

မိတ်ဆွေကောင်းတွေ ချစ်သူခင်သူတွေ ဘယ်လောက်ရ ရ

ကာမဂုဏ်အာရုံတွေ ဘယ်လောက် နှစ်သက် နှစ်သက်၊

မကျန်းမာတာနဲ့ ဒီဟာတွေကို ခံစား သုံးခွင့်ကို မရတော့ပါဘူး။ ရထားတဲ့ပစ္စည်းဥစ္စာဟာ မရတာနဲ့ ဘာမှမထူးတော့ပါဘူး။ သုံးစွဲခွင့်၊ ခံစားခွင့်ရှိမှ ရတယ်လို့ ခေါ်နိုင်ပါတယ်။

 

ကျန်းမာရေးနဲ့ မပြည့်စုံရင် လောကရေးရာမှာ ကြီးပွားတိုးတက်အောင် မစွမ်းဆောင်နိုင်တော့သလို ဓမ္မရေးရာမှာလည်း ကြီးကျယ်မြင့်မြတ်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ မကျန်းမာတဲ့အချိန်မှာတောင် သီလကို လုံအောင်စောင့်ထိန်းဖို့ သိပ်ခက်ပါတယ်။

 

သမာဓိ၊ ပညာပြည့်စုံရေး တရားထူးတရားမြတ် ရရှိရေးမှာလည်း ကျန်းမာခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားရှင်က “တရားအားထုတ်သူမှာ ပဓာနိယင်္ဂတရားငါးပါးနဲ့ပြည့်စုံသူဟာ တရားထူး တရားမြတ်ကို အလျင်အမြန်ရလိမ့်မယ်လို့ မိန့်တော်မူခဲ့တာပါ။ “

ပဓါနိယင်္ဂတရားငါးပါး –

    ၁) ဘုရား၌ယုံကြည်သောသဒ္ဓါရှိခြင်း၊ 

    ၂) ကျန်းမာခြင်း၊ 

    ၃) မစဉ်းလဲ မလှည့်ဖြား မိမိအဖြစ်မှန်ကို တင်ပြတတ်ခြင်း 

    ၄) အားထုတ်မှုရှိခြင်း၊ 

    ၅) ပညာရှိခြင်းတို့ ဖြစ်၏။

ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ အထူးပြောစရာ မလိုပါဘူး။ ကြီးကြီးကျယ်ကျယ် အနာရောဂါ မပြောနဲ့အုန်း။ နှာစေး၊ ချောင်းဆိုး နေမကောင်းတောင်မှ စိတ်မချမ်းမသာဖြစ်ရ၊ စိတ်ဆင်းရဲရတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ရ စိတ်ဆင်းရဲရတယ်။

 

ကိုယ်နဲ့ ပတ်သက်တဲ့ ရောဂါဖြစ်ခြင်း အကြောင်း ၈မျိုး

၁) ၀ါတသမုဋ္ဌာန  = လေဓါတ်ပျက်ညခင်းကြောင့် ရောဂါဖြစ်ခြင်း

၂၊ ပိတ္တသမုဋ္ဌာန   = သည်းခြေပျက်ခြင်းကြောင့်

၃။ သေမှသမုဋ္ဌာ   = သလိပ်ပျက်ခြင်းကြောင့်

၎။ သန္နိပါတ        = လေ သည်းခြေ သလိပ် သုံးပါးလုံးပျက်ခြင်းကြောင့်

၅။ ဥတုပရိနာမဇ   = ဥတုဖောက်ပြန်မှုကြောင့်

၆။ ၀ိသမပရိဟာရဇ = မသင့်တင့်သောအစာအာဟာရကြောင့်

၇။ သြပက္ကမိက      = သူတစ်ပါးတို့၏ လုပ်ကြံမှု လုံ့လကြောင့်

၈။ ကမ္မ၀်ပါကဇ     = မိမိပြုလုပ်ခဲ့သော မကောင်းမှုကံကြောင့် ရောဂါဖြစ်ခြင်း။

 

ကိုယ်ပြုပြင်ဖန်တီးလို့မရတဲ့ အကြောင်းတရားတွေကို အသာထားပြီး ပြုပြင်ဖန်တီးလို့ရတဲ့အကြောင်းတရားတွေကိုတော့ သတိတရား၊ ဆင်ခြေဉာဏ်တရားနဲ့ ဂရုစိုက်ပြုပြင်ပေးရပါမယ်။ အထူးသဖြင့် အစားအသောက်အာဟာရနဲ့ အပူအအေးဥတုကို ဂရုတစိုက်ပြုပြင်ဆ်ခြင်ဖို့ လိုအပ်ပါတယ်။

အစားအသောက်မှာ ကိုယ်ကြိုက်တာထက် ကိုယ်နဲ့တည့်တာကို စားဖို့၊

ကိုယ်ကြိုက်တာကို လိုအပ်တာထက် ပိုမစားဖို့၊

အချိန်မှန်စားဖို့။

 

အပူအအေးဥတုကို ရေချိုးခြင်းနဲ့ အိပ်စက်ခြင်းကို အထူးဂရုစိုက်ရပါမယ်။ အညစ်အကြေးသန့်စင်အောင်၊ အပူငြိမ်းအေးအောင် ရေချိုးတယ်ဆိုပေမယ့် အေးနေရင်၊ ရေကြောက်နေရင်၊ ချိုးချင်စိတ်မရှိရင် မချိုးရပါဘူး။ ချိုးရင် အန္တရာယ်ဖြစ်တတ်ပါတယ်။ ကိုယ်အတွင်းမှာ အပူအအေး အခိုးအငွေ့ညီမျှဖို့အတွက် အိပ်စက်သင့်တဲ့အချိန်မှာ အိပ်စက်ရပါမယ်။ အိပ်ချိန်ကတော့ ကိုယ့်ခန္ဓာရဲ့တုံ့ပြန်မှုကို သတိထားကြည့်ပြီး ကိုယ့်အတွက် လိုအပ်သလို အိပ်ပေးရပါမယ်။

 

သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားကိုလည်း မမေ့မလျော့ ပြုလုပ်ပေးသင့်ပါတယ်။ အနည်းဆုံး လမ်းလျှောက်ခြင်း၊ စင်္ကြံလျှောက်ခြင်းကိုတော့ မလုပ်မဖြစ်ပြုလုပ်ပေးရပါမယ်။  လမ်းလျှောက်ခြင်း၊ စင်္ကြံလျှောက်ခြင်းကြောင့် အပင်ပန်းခံနိုင်ခြင်း၊ စိတ်တည်တံ့ခြင်း အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။

 

အနာရောဂါကင်းရှင်း ကျန်းမာခြင်းနဲ့ ပြည့်စုံဖို့အတွက် ကိုယ်ခန္ဓာပိုင်းဆိုင်ရာကို စောင့်ရှောက်သလို ကုသိုလ်ကံပိုင်းဆိုင်ရာတွေကိုလည်း အားဖြည့်ပံ့ပိုးပေးရပါမယ်။

အနာရောဂါကင်း အသက်ရှည်စေသည့် ကုသိုလ်များ

၁) ရေစစ်လှူဒါန်းခြင်း

၂) ဆေးဝါးလှူဒါန်းခြင်း

၃) ကျောင်းဘုရား တံတားပျက်တို့ကို ပြုပြင်ခြင်း။

၎) ငါးပါးသီလကို အမြဲစောင့်ခြင်း။

၅) သီတင်းနေ့တိုင်း ရှစ်ပါးသီလစောင့်ခြင်း။

၆) ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်း တို့ကို ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးကြစေချင်ပါတယ်။

အကျဉ်းအားဖြင့် – ကောင်းမှုမှန်သမျှ ပြုလုပ်ခြင်းနဲ့ စိတ်အနေမှန်သမျှ ဖြူစင်သန့်ရှင်းခြင်းတို့ဟာ ကျန်းမာခြင်းလာဘ်ကို ပိုင်ဆိုင်ရစေနိုင်တဲ့ အသေချာဆုံးအကြောင်းတရားတွေပါပဲ။

 

ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာသူတစ်ယောက်ဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ်။ ဘယ်အာရုံနဲ့တွေ့တွေ့ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံ တုန်လှုပ်မှုမရှိဘဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။

ဝမ်းသာလွယ်၊ ၀မ်းနည်းလွယ်၊ စိတ်ညစ်လွယ်၊ စိတ်ပျက်လွယ်၊ ခံစားလွယ်၊ ကြေကွဲလွယ်၊ ချစ်လွယ်၊ မုန်းလွယ်တဲ့သူတွေဟာ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေပါ။ စိတ်ကျန်းမာရေးညံ့ဖျင်းတာ အရာရာကို အဆိုးဘက်ကနေ ကြည့်တတ်လို့ပါ။ စိတ်ကျန်းမာရေးချို့ယွင်းသူတွေရဲ့အဓိကအားနည်းချက်ကတော့ အရာရာကို နားလည်မှု၊ ခွင့်လွှတ်မှု ခေါင်းပါးခြင်းပါပဲ။

 

စိတ်ချမ်းသာတယ်ဆိုတာ စိတ်ထားတတ်တယ်လို့ ခေါ်ပါတယ်။

ယောနိသောမနသိကာရ ရှိလို့ပါ။ ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုတဲ့ အခြေအနေနဲ့ပဲတွေ့တွေ့၊ တွေ့သမျှ အခြေအနေထဲက ကောင်းတဲ့အချက်ကို မရရအောင် ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကို စိတ်ချမ်းသာတယ်လို့ ခေါ်ပါတယ်။

အကောင်းထဲမှာလည်း အဆိုးရှိသလို အဆိုးထဲမှာလည်း အကောင်းရှိတာမို့ အကောင်းနဲ့အဆိုးကို မျှတအောင်တွေးယူပြီး စိတ်တည်ငြိမ်အောင် ထားတတ်မယ်ဆိုရင် အကောင်းနဲ့တွေ့လည်း စိတ်မတက်တော့သလို အဆိုးနဲ့တွေ့လည်း စိတ်မပျက်တော့ပါဘူး။ ဒါဆို စိတ်ကျန်းမာရေးကောင်းပါပြီ။

 

ယောနိသောမနသိကာရ မရှိတဲ့သူဟာ မိမိကိုယ်တိုင်ရော မိမိပတ်ဝန်းကျင်ကိုပါ စိတ်ချမ်းသာအောင် ဖန်တီးမပေးနိုင်ပါဘူး။

 

 

အရှင်ဆန္ဒာဓိက အနှိုင်းမဲ့လာဘ် စာအုပ်မှ။

 

 

 

This entry was posted in ဆုံးမသြ၀ါဒများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s