သမထနှင့် ၀ိပဿနာ ဟူသည်

၁) သမထဟူသည် ဈာန်အလုပ်ဖြစ်၍ ၀ိပဿနာကား ဉာဏ်အလုပ် ဖြစ်ပေသည်။

၂) သမထဖြင့် ပထမဈာန်၊ ဒုတိယဈာန် အစရှိသဖြင့် ဈာန်အဆင့်ဆင့်သို့ ရောက်နိုင်ပြီး ၀ိပဿနာမှာကား သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ် အစရှိသဖြင့် ဉာဏ်အစရှိသဖြင့် ဉာဏ်အဆင့်ဆင့်ကို ရောက်နိုင်ပေသည်။

၃) သမထသည် ပညတ်ကိုရှုမှတ်ပွားများခြင်းဖြစ်၍ ၀ိပဿနာမှာကား ပရမတ်ကို ရှုမှတ်ပွားများခြင်း ဖြစ်သည်။

၎) သမထသည် ကိလေသာကို ငြိမ်အောင်သာထိန်းနိုင်ခြင်းရှိ၍၊ ၀ိပဿနာကား ကိလေသာကို ချုပ်ငြိမ်းအောင် စွမ်းဆောင်နိုင်ခြင်းရှိသည်။

၅) သမထသည် သမာဓိဦးစီးသောအလုပ်ဖြစ်၍ ၀ိပဿနာကား ပညာဦးစီးသောအလုပ် ဖြစ်သည်။

၆) သမထသည် အရင်းအနှီးများသလောက် အမြတ်နည်းပြီး ၀ိပဿနာကား အရင်းအနှီးနည်းသလောက် အမြတ်များပေသည်။

(သမထပွားသောအခါ ထိုင်၍သာပွားရခြင်း၊ တစ်ယောက်တည်းသာပွားရခြင်း၊ အသံဗလံတိတ်ဆိတ်ငြိမ်သက်ရခြင်းစသော ကယိကထများခြင်းကို အရင်းအနှီးများသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ရသောအခါဈာန်အဘိညာဉ်သာဖြစ်၍ အမြတ်နည်းခြင်း။ ၀ိပဿနာကား ဉာဏ်ပညာအလုပ်ဖြစ်၍ ဆရာကောင်းထံမှနည်းရလျှင် စီးပွားဥစ္စာရှာဖွေလုပ်ကိုင်ရင်းပင် ပွားများနိုင်ပါသည်။ သို့အတွက် အရင်းနည်းသည်ဟုဆိုရခြင်းဖြစ်ပြီး ရရှိသောအခါ မဂ်ဖိုလ်နိဗ္ဗာန်ထိရရှိသဖြင့် အမြတ်များသည်ဟု ဆိုခြင်းဖြစ်ပါသည်။)

 

ဗုဒ္ဓလက်ထက်တွင် ရာဇဂြိုဟ်မြို့တွင် လူဦးရေကိုးကုဋေရှိရာ အရိယာခုနှစ်ကုဋေ

သာဝတ္ထိမြို့တွင် လူဦးရေ ခုနှစ်ကုဋေရှိရာ အရိယာငါးကုဋေထိ အိမ်ထဲမှာနေရင်းဖြစ်နေခဲ့ပေသည်။

 

လယ်တီဆရာတော်ဘုရားကြီးကလည်း –

ဤ၀ိပဿနာကမ္မဋ္ဌာန်းအရာမည်သည် အလွန်နက်နဲသိမ်မွေ့လှ၏။ ဟောပြောပြသဆုံးမသွန်သင်သောဆရာ နေရာကျရန်လိုလှ၏။ သိသင့်သောနေရာ၌နေရာတကျသိနိုင်အောင် ဟောပြောမှု ထင်မြင်အောင် အားထုတ်ရမည့်အရာ၌ နေရာတကျ ထင်ကွက်မြင်ကွက်ပေါ်အောင် ပြသမှုသည်ကား ဆရာ့တာဝန်တည်း။ ထင်ကွက်မြင်ကွက်ပေါ်ရုံနှင့် ကမ္မဋ္ဌာန်းကိစ္စ ခရီးရောက်နိုင်သေးသည်မဟုတ်။

ထင်မြင်အောင် အားထုတ်ရန်အချက်ကို ဆရာသွန်သင်ပြသ၍ လှလှကြီးရိပ်မိသောအခါ အထင်အမြင် နေ့စဉ်တိုးပွားစေရန် ရဟန်းဖြစ်ခဲ့အံ့။ ဆိတ်ငြိမ်ရာတောတောင်အရပ်သို့ဝင်၍ ထက်သန်သောဝိရိယဖြင့် လရှည်နှစ်များအားထုတ်မှု။ လူဖြစ်ခဲ့အံ့၊ အိမ်စီးပွားနှင့်ဖက်တွဲ၍ လရှည်နှစ်များ စွဲမြဲမှုသည်ကား တပည့်၏တာဝန်တည်း။

 

အာနာပါန အစရှိသော သမထကမ္မဋ္ဌန်းမျိုးသည်ကား ပြောဟောမှု အလွန်လွယ်၏။ နိမိတ်အထင်ရအောင် အားထုတ်မှုအလွန်ခဲယဉ်း၏။ အိမ်နေ၍ စီးပွားနှင့်ဖက်တွဲခြင်းမရ။ ဆိတ်ငြိမ်ရာသို့ထွက်၍ အပြင်းအထန်အားထုတ်နိုင်မှ နိမိတ်ကိုရနိုင်၏။

ဝိပဿနာကမ္မဋ္ဌာန်းသည်ကား ဉာဏ်အလုပ်ဖြစ်၍ လယ်လုပ်ရင်းလည်းဖြစ်နိုင်၏။ ယာလုပ်ရင်းလည်း ဖြစ်နိုင်၏။ လှေသွားရင်၊ ၀န်ထမ်းရင်း၊ ရောင်းရင်းဝယ်ရင်းအစရှိသည်ဖြင့် အိမ်အလုပ်၊ အိမ်စီးပွားနှင့် ဖက်တွဲနိုင်သတည်း။

 

ဘုရားလက်ထက်က သမထကမ္မဋ္ဌာန်းပေါက်ရောက်သူ လူ၌အလွန်နည်း၏။ ရဟန်းတို့သာများ၏။

ဝိပဿနာကမ္မဋ္ဌာန်းပေါက်ရောက်၍ သောတာပန်အရိယာဖြစ်ကြသူကား လူ၌အလွန်များ၏. လူသောတပန်တစ်ထောင်ကို ရဟန်းသောတာပန်တစ်ယောက်ကျထား၍ ရေတွက်သော်လည်း ရဟန်းဘက်သာကုန်လေရာ၏။ လူဘက်မှ မကုန်လေရာ။ ဤမျှလောက် များပြား၏။ အဘယ်ကြောင့်ဆိုသော် လောက၌ ရဟန်းအလွန်နည်း၏။ လူကမူ မဇ္ဈိမတိုက်နှင့် အပြည့်ရှိ၏။

လူသောတာပန်လည်း ပြည့်မတတ်ပင် များလှ၏။ ထိုသို့များလှခြင်းက အိမ်စီးပွားနှင့် ၀ိပဿနာတွဲချင်းတိုင်းတွဲသာလှလေသောကြောင့်တည်း။

အယုတ်အားဖြင့် အစေခံ၊ အိမ်ကျွန်မ၊ အခစားကူလီပင် ဖြစ်သော်လည်း သံဝေဂသတိကောင်းကောင်းရှိပါလျှက် ၀ိပဿနာဖက်တွဲနိုင်တော့သည်သာတည်း။ ဤမျှသောစကားစုဖြင့် ၀ိပဿနာမှုည်သည် လူတို့လည်း စွဲမြဲခြင်းငှာ အလွန်ကောင်းလှကြောင်း ပြလိုရင်းစကားတည်း။ 

          ဒီပနီပေါင်းချုပ် တတိယတွဲ-  စာမျက်နှာ- ၃၁၆ (အာဟာရဒီပနီကျမ်းမှ ကောက်နှုတ်ချက်)

 

၇) သမထသည် သာသနာတွင်း သာသနာပနှစ်မျိုးလုံး၌ ရနိုင်သော်လည်း ၀ိပဿနာသည် သာသနာတွင်းမှသာ ရနိုင်သည်။

၈) သမထသည် မဖြစ်သေးသောကုသိုလ်ကံများကို ဖြစ်စေနိုင်စွမ်းရှိ၍ ဖြစ်ပြီးသားအပါယ်ဆွဲချမည့်အကုသိုလ်ကံများကို ပယ်ဖျောက်နိုင်စွမ်းမရှိပေ။ ၀ိပဿနာကား မဖြစ်သေးသောကုသိုလ်ကိုလည်း ဖြစ်စေနိုင်စွမ်းရှိ၍ ဖြစ်ပြီးသားအပါယ်ဆွဲချမည့်အကုသိုလ်ကံများကိုလည်း ပယ်ဖျောက်နိုင်စွမ်း ရှိပေသည်။

၉) သမထနှင့် ၀ိပဿနာသည် ၃ဂဏန်းနှင့် ၄ ဂဏန်းလို အသွင်သဏ္ဍန်တူလျက် မျက်နှာမူထားသော ဦးတည်ချက်နှင့် တန်ဘိုးခြင်းကား ကွာခြားလှပေသည်။ သမထကို အကျိုးမရှိဟု ဆိုလိုခြင်းမဟုတ်။ သမထမှာပင် တန့်ရပ်နေမှာစိုးသောကြောင့် ဖြစ်သည်။ သမထပွား၍ရလာသော ဥပစာရသမာဓိ၊ အပ္ပနာသမာဓိများကို ၀ိပဿနာဉာဏ်ဖြင့် တွဲဖက်၍ ပရမတ်ခန္ဓာအဖြစ်အပျက်ကို ရှုပွားနိုင်မည်ဆိုလျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရနိုင်ပြန်ပါသည်။

 

 

 

 

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s