စိတ်ဝိညာဉ်မှာ အနှစ်ရှာ သမထဘာဝနာ

စိတ်ဝိညာဉ်၏ ဘာသာ အနှစ်သာရ နှင့် ဘာသာတန်ဖိုးကို ထုတ်ယူချင်လျှင် သမထဘာဝနာ ပွားများခြင်းပင် ဖြစ်၏။

သမထဘာဝနာ ပွားမားခြင်းဖြင့် ကိလေသာများငြိမ်းနေပြီး အင်မတန်အေးချမ်းသည်။

သမာဓိကောင်းကောင်းဖြင့် ဆက်လက်ပွားလျှင် ဈာန်၊ အဘိညာဉ်ထိရသည်။ သို့သော် ၀ိပဿနာသို့ကူးပြီး ပွားများအားထုတ်မှသာ မဂ်ဖိုလ်သို့ ရောက်နိုင်ပေသည်။

 
ဓမ္မပဒ၌ –

ဒုန္နိဂ္ဂဟဿလဟုနော၊

ယတ္ထကာမာနိ ပါတိနော။

စိတ္တဿ ဒမထော သာဓု၊

စိတ္တံ ဒနံ္တ သာခါဝဟံ။
 
စိတ်သည် မကောင်းမှုအကုသိုလ်ကို မလုပ်ဖြစ်၊ မပြောဖြစ်၊ မကြံဖြစ် အောင် နိုင်နင်းဖို့ ခဲယဉ်းသောသဘောရှိသည်။

စိတ်သည် စိတ်စက္ကန့်လျှင် အကြိမ်ပေါင်း ကုဋေတစ်သိန်းဖြစ်ပျက်သဖြင့် လျှင်မြန်လွန်းသော သဘောရှိသည်။

စိတ်သည် အာရုံငါးပါးကာမဂုဏ်တရားကို လှည့်လည်ရှာကြံတတ်သော သဘောတရားရှိသည်။

ထိုစိတ်ကို ဆုံးမနိုင်လျှင်ကား လူ နတ် ဗြဟ္မာ ချမ်းသာကိုသာမက နိဗ္ဗာန်ချမ်းသာကိုထိ ရနိုင်သည် ဟူ၍ ဗုဒ္ဓက ညွှန်ကြားထားပေးသည်။

 

စိတ်သခင်နှင့် စိတ်ကျွန်

လောကီ၊ လောကုတ္တရာ နှစ်ဖြာလုံး

ဆုတ်ယုတ်ပျက်စီးနေသူမှန်သမျှသည် စိတ်၏ကျွန်။

လောကီ၊ လောကုတ္တရာ နှစ်ဖြာလုံး

ကြီးပွားတိုးတက်အောင်မြင်နေသူ မှန်သမျှသည် စိတ်၏သခင်။
 

မစိုးရိမ်ဆရာတော်ဘုရားကြီး က –

ကုသိုလ်အလုပ်ဆိုတာ ဘယ်သူမဆိုလုပ်ရမှာ ပျင်းကြတယ်။ မလုပ်ချင်ပေမယ့် ပေလုပ်ရတယ်။

အကုသိုလ်ကျတော့ ဘယ်သူမဆို မတိုက်တွန်းရဘူး၊ လုပ်ချင်နေကြတယ်။ အကုသိုလ်အလုပ်ဆိုတာ လုပ်ချင်ပေမယ့် ပေပြီး မလုပ်ဘဲ ရှောင်ရမယ်ဟု သြ၀ါဒပေးတော်မူခြင်းသည်။
 

ထိုဒေသနာအရ သူ့ကိုကျွန်ခံသူကား စိတ်ကျွန်။

အကုသိုလ်သာ တိုက်တွန်းသည်မဟုတ် ကုသိုလ်ပြုလုပ်သည်မှာကိုလည်း အပြင်းအထန် တားမြစ်တတ်သေးသည်။

စိတ်ခိုင်းတိုင်းလိုက်လုပ်ခဲ့ပြီလျှင် ပစ္စက္ခဘ၀မှာလည်း မွဲမည်၊ ငတ်မည်၊ အောက်တန်းကျမည်။ နောက်ဘ၀သံသရာတွင်လည်း အပါယ်ငရဲသို့ ဆင်းရပေမည်။

စိတ်ကို မိမိလိုရာ စေခိုင်းနိုင်သော စိတ်၏သခင်ဖြစ်မည်ဆိုလျှင်ကား စိတ်ကလုပ်ချင်နေသော အပျော်အပါး၊ လောင်းကစား မူးယစ်ဆေးဝါး မိစ္ဆာဇီဝမှန်သမျှကို မလုပ်ဖြစ်အောင် တားမြစ်အမိန့်ပေးနိုင်သည်။

လောကီရေးရာမှာလည်း ကြီးပွားမည်၊ ချမ်းသာမည်၊ လောကုတ္တရာမှာလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိကြမည်။

သံသရာရေးမှာလည်း လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို သာမက နိဗ္ဗာန်ချမ်းသာကိုပါ ရနိုင်ပေသည်။
 

 
သမထကမ္မဋ္ဌာန်း (၄၀) ရှိသော်လည်း လူတိုင်းသင့်သော သင့်လျော်သော် သမထပဋ္ဌာန်း (၄)ပါး

– ဗုဒ္ဓါ နုဿတိဘာဝနာ

– မေတ္တာဘ၀နာ

– အသုဘ ဘာဝနာ

– မရဏနုဿတိ ဘာဝနာ တို့ ဖြစ်သည်။
 

၁) ဗုဒ္ဓါ နုဿတိဘာဝနာ ပွားများလိုသည်သည်

ဗုဒ္ဓဂုဏ်တော်ကိုးပါးအနက် မိမိအာရုံအကျဆုံး ဂုဏ်တော်ကို ထပ်ခါတလဲလဲ ပွားများနိုင်သည်။ ပုတီးမပါဘဲ ပွားများလျှင်သာ ရ၏။ အဓိကသည် ဂုဏ်တော်အနက်အဓိပ္ပယ်ကို သိနေရန်ပင်ဖြစ်၏။ မည်သို့သော နေရာတွင် ပွားများနိုင်၏။
 
ဂုဏ်တော်ပွားကျိုး (၁၇) မျိုး

၁) မိမိခန္ဓာကိုယ် အတွင်းသန္တာန်သည် စေတီအိမ်နှင့် တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ရှိခိုးမှုကို ခံထိုက်ခြင်း

၂) စိတ်ဓါတ်ရဲရင့်တည်ကြည်ခြင်း

၃) သေခါနီး၌ မတွေမဝေသေရ၍ သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိသို့ ရောက်ရခြင်း

၎) နောင်အခါ ဘုရားနှင့်တွေ့ရ၀ယ် သစ္စာလေးပါးကို သိလွယ်ခြင်း

၅) အမျိုးမြတ်ခြင်း

၆) သူတစ်ပါးတို့၏ အရိုအသေပြုမှုကို ခံရခြင်း

၇) ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း

၈) အဆင်းလှခြင်း

၉) ကိုယ်အနံ့ကြိုင်သင်းခြင်း

၁၀) ခံတွင်းအနံ့ မွှေးပျံ့ခြင်း

၁၁) ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း

၁၂) နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း

၁၃) ထက်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း

၁၄) လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း

၁၅) ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း

၁၆) ဆန်းကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း

၁၇) စကားကောင်းကို ဆိုနိုင်ခြင်း တို့ဖြစ်၏။

ဤကား ဘယ်ဂုဏ်တော်ကိုပွားပွား အတူတူရရှိမည့် ကောင်းကျိုးများဖြစ်၏။

 
သီးသန့်ဂုဏ်တော် ပွားများခြင်း

၁) အရဟံ ဂုဏ်တော်ပွားများလျှင် ဘေးရန်ကင်းခြင်း၊ ကျန်းမာခြင်း၊ လာဘ်လာဘပေါများခြင်း အကျိုးတို့ကို သီးသန့်ထပ်ရ၏။

၂) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ပွားများလျှင် စိတ်ရွှင်လန်းခြင်း၊ ဉာဏ်ပွင့်ခြင်း၊ စာမေးပွဲအောင်ခြင်း အကျိုးတို့ကို သီးသန့်ရ၏။

၃) ၀ိဇ္ဇာစရဏသမ္ပ ဂုဏ်တော်ပွားများလျှင် ၀ိဇ္ဇာပညာအသက်မွေး အတတ်ပညာများ ပြိုင်ဘက်မရှိ တတ်မြောက်နိုင်သည့် ကောင်းကျိုးကို သီးသန့်ရ၏။

၎) သုဂတ ဂုဏ်တော်ပွားများလျှင် စကားစစ်ထိုးခြင်း၊ အမှုအခင်း၊ အရောင်းအ၀ယ်၊ အရေးတကြီးကိစ္စပြောဆိုခြင်း စသည်များ၌ အောင်မြင်ခြင်း ကောင်းကျိုးကို သီးသန့်ရ၏။

၅) လောက၀ိဒူ ဂုဏ်တော်ပွားများလျှင် လောကရေး၊ လူမှုရေးရာ အဖြာဖြာနှင့် လူကင်းလူကဲများကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်သိနိုင်ခြင်းကောင်းကျိုးကို သီးသန့်ရ၏။

၆) အနုတ္တရောပုရိသဓမ္မသာရထိ ဂုဏ်တော်ပွားများလျှင် နတ်လူတို့အလယ်တွင် ကျောဇောသတင်း ပျံ့နှံ့ခြင်း၊ ရှိခိုးပူဇော်ခံရခြင်း ကောင်းကျိုး သီးသန့်ရ၏။

၇) သတ္တာဒေ၀မနုဿာန ဂုဏ်တော်ပွားများလျှင် နှုတ်စ၊ လျှာစ ထက်မြက်ပြင်းထန်၍ ဆိုတိုင်းရ၊ ကြံတိုင်းအောင်မြင်ခြင်း ကောင်းကျိုး သီးသန့်ရ၏။

၈) ဗုဒ္ဓ ဂုဏ်တော်ပွားများလျှင် ဘေးဆိုး ရန်ဆိုး ကြမ္မာဆိုး အမျိုးမျိုးမှ လွတ်ကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံသည့် ကောင်းကျိုး သီးသန့်ရ၏။

၉) ဘဂ၀ါဂုဏ်တော်ကို ပွားများလျှင် ဘုန်းတန်ခိုး တေဇော် အာနုဘော် ကြီးမား၏။
 

 

၂) မေတ္တာဘာဝနာ အား နောက်ပို့စ်တွင် အကျယ်ဖတ်ရှုပါ။

 
 
၃) အသုဘ ဘာဝနာ

အသုဘ ဘာဝနာသည် လောဘကိလေသာကို ကုန်အောင်ကြိုးစားရာ၌ များစွာအထောက်အကူပြုသည်။ ထိုကြောင့် ယခုဘ၀နှင့် သံသရာအပြတ်ဖြစ်အောင် အားထုတ်သူများသည် သုသာန်ဓုတင်ဆောင်ပြီး အသုဘ ဘာဝနာပွားများခြင်းဖြစ်သည်။

အသုဘ ဘာဝနာပွားများလိုသူသည်

– သေပြီးနောက် ငါးရက်လောက်ရလာသဖြင့် လေပြည့်သောအိတ်ကဲ့သို့ ဖူးဖူးရောင်နေသော ဥဒ္ဓုမာတက အလောင်းကောင်မျိုးကိုလည်းကောင်း၊

– သေပြီး ၈ ရက် ၉ ရက်လောက်ရှိသဖြင့် ညိုမဲပြီး အသားများ ကွဲပြဲလာသော ၀ိနီလက အလောင်းကောင်မျိုးကိုသော်လည်းကောင်း၊

– အရိုးစုများကိုလည်းကောင်း တွေ့အောင်ရှာပြီး မျက်စိထဲ စွဲသွားအောင် စိုက်ကြည့်ရသည်။ မိမိကိုယ်လည်း ဤအသုဘအရုပ်လောင်းကဲ့သို့ မတင့်တယ် ရွံရှာဖွယ်သဘောရှိသည်ဟု ဆင်ခြင်ပွားများရသည်။

အသုဘ ဘာဝနာပွားများနေချိန်တွင် အသားမစားရ။ နှောင့်ယှက်ခြင်းမှ ကင်းဝေးရန်ဖြစ်သည်။

 

ဒီထိမရှုနိုင်သူကား ကျင်ကြီးကျင်ငယ် စွန့်သော်အခါတွင် ငါ့ခန္ဓာကိုယ်သည် မတင့်တယ်၊ ရွံစရာအညစ်အကြေးတို့နှင့်သာ ပြည့်၏ ဟု ရှုပွားနိုင်သည်။

 

၎) မရဏနုဿတိ ဘာဝနာကို သတိရတိုင်းပွားပါ။ (မိမိ၏သေခြင်းတရားကို အဖန်ဖန်အမှတ်ရခြင်းဟု အဓိပ္ပါယ်ရပါသည်) (အသေမြတ်ချင် သေနည်းသင် ပို့စ်တွင် မရဏနုဿတိဘာဝနာကို အကျယ်ဖတ်ရှုနိုင်ပါသည်။)
 
 “မရဏံ  မေ ဓုဝံ ၊ ဇီဝိတံ မေ အဓုဝံ။”

 မေ – ငါ့အား၊ မရဏံ – သေရခြင်း သဘောသည်၊ ဓုဝံ – အမြဲရှိ၏၊ ဇီဝိတံ – အသက်ရှင်၍ နေရခြင်းသဘောသည်၊ အဓုဝံ – အမြဲမရှိ။

“ငါ့အား သေရခြင်း သဘောသည် အမြဲရှိ၏။  ငါ့အား အသက်ရှင်၍ နေရခြင်း သဘောသည် အမြဲမရှိ။”

မရဏနုဿတိ ဘာဝနာ ပွားများ၏ ကောင်းကျိုး

၁) ကုသိုလ်ကောင်းမှုကို အချိန်မဆွဲဘဲ ပြုဖြစ်ခြင်း၊

၂) အကုသိုလ်ကို မပြုဖြစ်တော့ခြင်း၊

၃) သေမှာ မကြောက်တော့ခြင်း၊

၎) နတ်ရွာဂတိသို့ ရောက်ရခြင်း တို့ ဖြစ်၏။
 

အညွှန်း
မြန်မာတို့၏အသက်၊ အရှူံးမရှိသောဒဿန၊ အသေမြတ်ချင် သေနည်းသင်၊ မေတ္တာအစွမ်းအံ့မခန်း ၁+၂။

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s