ကုသိုလ် လေးမျိုး

ကုသိုလ်က လေးမျိုး ရှိပါတယ် –

ဒါန ကုသိုလ်

သီလ ကုသိုလ်

သမထ ကုသိုလ်

ဝိပဿနာ ကုသိုလ် တွေပါ။

 

ဒါန၊ သီလ၊ သမထ ကုသိုလ် သုံးခုကတော့ သာသနာတွင်းမှာရော သာသနာပမှာပါ ရှိပါတယ်။ ဒါပေမယ့် ၀ိပဿနာကုသိုလ်ကတော့ သာသနာတွင်းမှာသာ ရှိပါတယ်။

လောကီကုသိုလ် လို့ခေါ်တဲ့ ဒါန၊ သီလ၊ သမထကတော့ ၀ိနိပါတဘေးက လွတ်မြောက်အောင် မလုပ်ပေးနိုင်ပါဘူး။

ဥပမာအားဖြင့် ဗုဒ္ဓလက်ထက်က ကောသလမင်းကြီးရဲ့မိဖုရားခေါင်ကြီး မလ္လိကာ ဟာ ပညာရှိတယ်။ သဒ္ဒါလည်းရှိတယ်။ ဒါပေမယ့် ၀ိပဿနာတရားတစ်ခါမှ နာကြားအားထုတ်ခြင်းမပြုပါဘူး။ သူပြုလုပ်တဲ့ ဒါနကုသိုလ်တွေကတော့ အများကြီးပါပဲ။  တခါက မလ္လိကာဟာ ရေချိုးနေတုန်း နန်းတွင်းမှာမွေးထားတဲ့ခွေးကြီးနဲ့ ဖောက်ပြန်မိတာကို ကောသလမင်းကြီးက လေသာပြူပြတင်းကနေ မြင်သွားခဲ့ပါတယ်။ ဒါပေမယ့် မလ္လိကာ က မဟုတ်မမှန်ကြောင်းနှင့် ဒီရေချိုးခန်းထဲကို အပေါ်ကကြည့်ရင် တိရစ္ဆာန်တစ်ကောင်ကောင်နဲ့ ပြစ်မှားလိုမျိုး မြင်ရတယ်လို့ မုသားသုံးခဲ့တယ်။ ဘုရင်ကလည်း သူ့မိဖုရား မလိမ်တတ်ပါဘူးလေဆိုပြီး ယုံကြည်သွားခဲ့ပါတယ်။ ဒါနဲ့ သူ သေခါနီးကျတော့ တစ်ကြိမ်တစ်ခါပြုခဲ့ဖူးတဲ့ ကာမေသုမိစ္ဆာစာရကံက အရင်ပေါ်လာလို့ သူသေတော့ ငရဲမှာ (၇)ရက် ခံရပါတယ်။ (၇)ရက်စေ့တာနဲ့ ငရဲကလွတ်ပြီး နတ်ပြည်ကိုရောက်သွားပါတယ်။

စဉ်းစားစရာတစ်ခုက မိလ္လကာက ဒီလောက်ဒါနကုသိုလ်တွေလုပ်ပြီး သေပြီးနောက် ငရဲကျခံရတာ အဲ့ဒီကုသိုလ်တွေအလကားဖြစ်သွားတယ်။ အကျိုးမပေးဘူးလို့ ထင်စရာဖြစ်နေပါတယ်။ သူ ပြုခဲ့တဲ့ ဒါနကုသိုလ်တွေက အလကားမဖြစ်ပါဘူး။ ဇောစေတနာ (၇) ချက်ကို ဒီနေရာမှာ သိဖို့လိုအပ်ပါတယ်။

 

ဇော (၇)ချက်

ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် လုပ်လုပ် ဇော (၇)ချက် စောသည်။

ပထမဇော (ဒိဋ္ဌဓမ္မဝေဒနိယကံ) သည်  ပထမဘ၀ (ယခုဘ၀) တွင် ကောင်းကျိုး၊ မကောင်းကျိုးပေးသည်။

ယခုဘ၀တွင် ကောင်းကျိုး၊ မကောင်းကျိုး မပေးသော် သတ္တမဇော (ဥပပဇ္ဇဝေဒနီယကံ) က ဒုတိယဘ၀ ကောင်းကျိုး၊ မကောင်းကျိုးပေးသည်။
ပထမဇော နှင့် သတ္တမဇောသည် မထက်သန်ခြင်း၊ အင်္ဂါမပြည့်စုံခြင်း ဟူသော အကြောင့်များကြောင့် အကျိုးမပေးနိုင်ဘဲ ပျက်သွားသောအခါ (အဟောသိကံ) များရှိ၏။

သတ္တဇောအကျိုးမပေးလျှင် အလယ်ဇော ငါးချက်ကား (အပရာပရိယ ဝေဒနိယကံ) တတိယဘ၀မှစပြီး နိဗ္ဗာန်မရောက်မချင်း လိုက်ပြီး ကောင်းကျိုး၊ မကောင်းကျိုးပေးသည်။

ဒါနဇော စေတနာ (၇)ချက်မှာ မိဖုရားခေါင်ကြီးဖြစ်ရတာက ပထမဇော ကောင်းကျိုးပေးတာလို့ ဆိုနိုင်ပါတယ်။ ဒုတိယဘ၀မှာ ကောင်းကျိုးပေးမယ့် သတ္တမဇောက ပေးခွင့်မရဘဲ ပျက်သွားတယ်။ ဒါကြောင့် ငရဲ ကျတာကိုခံရတာပါ။ အလယ်ဇောငါးချက် ကုသိုလ်စေတနာတွေက အသင့်စောင့်နေတာပါ။ ဒါကြောင့် ငရဲကလွတ်တာနဲ့ ဒါနကုသိုလ်က တတိယဘ၀ နတ်ပြည်ကို ပို့ပေးလိုက်တာပါ။

 

နောက်သာဓကအနေဖြင့် – အရှင် အာနန္ဒာအလောင်းသည် ရွှေပန်းထိမ်သည်သားဘ၀က ကာမေသုမိစ္ဆာစာရကံ များစွာ ပြုလုပ်ခဲ့သည်။ (ကံများ၏ အကျိုးပေးပုံ ပို့စ်၌ တင်ပေးထားပါတယ်။)

ထိုမှသေသော် ကောသမ္ဗီတွင် သူဋ္ဌေးသား သွားဖြစ်သည်။ ရွှေပန်းထိမ်သည်သားဘ၀က ပြုလုပ်ခဲ့တဲ့ အကုသိုလ်အကျိုးက ပထမဘ၀ရော၊ ဒုတိယဘ၀မှာ ပေးခွင့်မရဘဲ ပျက်သွားပါတယ်။

ထိုဘ၀မှာ ဒါန သီလစသော ကုသိုလ်များကို တစ်ဘ၀လုံးပြု၏။ ထိုဘ၀မှသေသော် ဒါန သီလစသော လောကီကုသိုလ်များရှိသော်လည်း ကာမေသုမိစ္ဆာစာရကံ ကြောင့် ရောရုဝငရဲ (တတိယဘ၀ မှာ လာပြီးအကျိုးပေးပါတယ်) သို့ ကျခဲ့ရ၏။

ဒါကြောင့် လောကီကုသိုလ်တွေက အချိန်ရွေးပါတယ်။ ဘ၀ရွေးပါတယ်။ အခုလုပ် အခုအကျိုးပေးတယ်လို့ မရှိပါဘူး။

 

သူတစ်ပါးကို မကြည်ညိုရင် ကုသိုလ်မရရုံဘဲ ရှိတယ်။

မိမိကိုယ်မိမိ မကြည်ညိုရင် အပါယ်ကျတတ်တယ်။

မိမိကိုယ်မိမိ ကြည်ညိုဖို့ ကိုယ်ကျင့်သီလ စောင့်ထိန်းနိုင်ရမယ်။

 

ဒါကြောင့် ကိုယ်ကျင့်သီလ ပျက်တဲ့သူအတွက် သီးသန့်ဘေးလေးမျိုးကတော့ –

ပရာနုဝါဒ ဘေး    = သူတစ်ပါးက စွပ်စွဲကဲ့ရဲ့။

ဒဏ္ဍဘေး           = နိုင်ငံတော်က ပြစ်ဒဏ်ချခံ။

အတ္တာနုဝါဒဘေး  = ကိုယ့်ကိုယ်ကို မကြည်ညိုတာ၊ စွပ်စွဲကဲ့ရဲ့တာ။

ဒုဂ္ဂတိဘေး          = အပါယ်လေးပါး ကျတာ။

အတ္တာနုဝါဒဘေး  = ကိုယ့်ကိုယ်ကို မကြည်ညိုတာ၊ စွပ်စွဲကဲ့ရဲ့တာ – ခိုးတာ၊ ၀ှက်တာ၊ စတာတွေကို သူတစ်ပါးမသိအောင် ဖုန်းကွယ်လို့ ရပေမယ့် မိမိကိုယ်ကိုတော့ လိမ်လို့မရပါဘူး။ ဘယ်သူမသိအောင်လုပ်လုပ် မိမိကိုယ်ကိုတော့ သိနေတာပါပဲ။ ဒါကြောင့် မိမိကိုယ်ကိုယ် စွပ်စွဲကဲ့ရဲ့တဲ့ အတ္တာနုဝါဒဘေး က အမြဲနှိပ်စက်ပါတယ်။ သေခါနီးကျရင် ပိုပြီး နှိပ်စက်ပါတယ်။ ဒီဘေးရောက်ရင်တော့ ရဟန်းဖြစ်စေ၊ လူဖြစ်စေ အပါယ်ငရဲကို တန်းကျတာပါပဲ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို မေးနေဖို့ လိုအပ်ပါတယ်။ ငါ့ကိုငါ ကြည်ညိုရဲ့လား။ မကြည်ညိုသေးရင်တော့ ကြည်ညိုအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ မိလ္လိကာ မိဖုရားခေါင်ကြီး ငရဲကျခံရတာ ကိုယ့်ကိုယ်ကို မကြည်ညိုတဲ့ အတ္တာနုဝါဒဘေး ကြောင့်ပါ။
(ခုခေတ်လူတွေ သတိထားစရာ ကောင်းလှပါတယ်နော်။)

ပရာနုဝါဒ ဘေး – သူတစ်ပါးက စွပ်စွဲကဲ့ရဲ့တာ။ ကိုယ်ဘက်က အပြစ်မရှိဘဲ ဖြူစင်နေရင်တော့ ဘာမှဂရုစိုက်စရာမလိုပါဘူး။ ကြောက်စရာလည်း မလိုပါဘူး။ အတိတ်ဝဋ်ကြွေးကို ကာလပိုင်းအထိ နာမည်ပျက် သိက္ခာကျတဲ့ဒဏ်ကိုတော့ ခံရပါလိမ့်မယ်။ သို့ပေမယ့် ပရာနုဝါဒဘေး ကတော့ အပါယ်မဆွဲချနိုင်ပါဘူး။ ပရာနုဝါဒ ဘေး ၀ဋ်ကြွေးရှိခဲ့ရင် ဘုရားရှင်၊ ရဟန္တာတွေတောင် မလွတ်ပါဘူး။ ဂေါတမဘုရားရှင်ဆိုရင် မိန်းမနဲ့ နှစ်ကြိမ် သမုတ်ခံရတယ်။ (၇)နှစ်အရွယ်ကတည်းက ရဟန္တာဖြစ်တဲ့ အရှင်ဒဗ္ဗ မထေရ်ဆိုရင် မိန်းမနဲ့ သုံးကြိမ် သမုတ်ခံရပါတယ်။

 

သီလကုသိုလ်ကလည်း ၀ိနိပါတဘေးကနေ မလွန်မြောက်နိုင်ပါဘူး။ လူတွေက ငါးပါးသီလ၊ ရှစ်ပါးသီလလောက်ပဲ စောင့်ထိန်းကြပါတယ်။ ရဟန်းတွေမှာ စောင့်ထိန်းရတဲ့ သိက္ခာပုဒ် အကျဉ်း (၂၂၇)၊ အကျယ် ကုဋေ ကိုးထောင့် တစ်ရာရှစ်ဆယ့်ငါးသန်း သုံးသောင်း ခြောက်ထောင်ရှိပါတယ်။ ဒါကြောင့် ရဟန်းသီလကုသိုလ်က အများကြီးသာသော်လည်း အပါယ်လေးပါးကျတဲ့ ဘုန်းကြီးတွေ အများကြီးရှိပါတယ်။

မရှိတာထက် မသိတာခက်၏။

မသိတာထက် သိပြီးမကျင့်တာခက်၏။

 

ဒါကတော့ ဓမ္မစရိယ ဦးနိန္ဒိယ လို့ခေါ်တဲ့ ဘုန်းတော်ကြီးတစ်ပါး အတွက်ပါ။ (တောင်တန်းဆရာတော် ဦးဥတ္တမသာရ – အာပတ်တကွ စုတေခြင်း စာအုပ်မှ) ဘုန်းကြီးဟာ တရားဟောပြောကောင်းတော့ တရားပွဲတွေများလာတော့ လာဘ်လာဘလည်းပေါလာတော့ ရေစင်ခွက်ထဲက ငွေဒင်္ဂါးကိုစုထားရင်က မြေအိုးတစ်လုံးရတယ်တဲ့။ သူခိုး ခိုးမှာစိုးလို့ဆိုပြီး ကျောင်းလှေခါးခြေရင်းမှာ လူသူမသိ ညသန်းခေါင်မှာ သွားမြှုပ်ထားလိုက်တယ်။ နောက်မကြာခင်မှာ ဘုန်းတော်ကြိးဟာ လေနာရောဂါနဲ့ ပျံလွန်တော်မူပြီး အဲ့ဒီငွေအိုးကိုစွဲလန်းစိတ်ကြောင့် အဲ့ဒီကျောင်းမှာ ဘုန်းကြီးပြိတ္တာဖြစ်နေပါတယ်။ ကျောင်းထိုင်ဘုန်းကြီးတွေကို ညသန်းခေါင်မှာ အမျှဝေဖို့ လာတောင်းပေမယ့် အမျှမရဘဲနေ နေရလာကနေ တစ်နေ့မြို့ကလာတဲ့ ဒကာတစ်ယောက်ကနေ အမျှရလိုက်ပါတယ်။ ဒါ့ကြောင့် သီလကြောင့် ၀ိနီပါတဘေးက မလွတ်မြောက်နိုင်ပါဘူးဆိုတာ သေချာပါတယ်နော်။

နောက်တစ်ခုက ပိဋကတ်စာပေကိုပယ်တဲ့ ဘုန်းကြီးများ၊ တရားရိပ်သာများမှာ သေတဲ့အထိ အားထုတ်တဲ့ ယောဂီ၊ သီလရှင် စသဖြင့်ပေါ့။
မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးတုန်း – ချစ်သားတို့ ငါဘုရား ပရိနိဗ္ဗာန်စံသွားပြီးဆိုပြီး အားမငယ်ကြနဲ့။ ငါသည် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတရားတော်တို့ကို စုံလင်စွာ ဟောကြားတော်မူခဲ့ပေပြီ။ ငါဘုရား  ပရိနိဗ္ဗာန်စံပြီးနောက် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတရားများသည် သင်တို့၏ ဆရာဖြစ်ရစ်လိမ့်မယ် လို့ မိန်တော်မူခဲ့ပါတယ်။

ပိဋကတ်စာပေဟာ ဗုဒ္ဓရဲ့ကိုယ်စားပါပဲ။ ပိဋကတ်စာပေကို ပယ်ရင် ဘုရားကိုပယ်တာပါပဲ။ ပိဋကတ်စာပေကို စော်ကားရင် ဘုရားကို စော်ကားတာပါပဲ။ တော်တော်သတိထားစရာကောင်းလှပါတယ်။ ဒါ့ကြောင့် ထိုသူများသေသော် ပြိတ္တာတွေဖြစ်နေကြပါတယ်။

 

သမထကုသိုလ်

မြတ်စွာဘုရားနှင့် သံဃာတော်များ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရင်းဖြင့် မြိုပ၀င်ပေါက်နားတွင် မစင်ကို စားနေသော ၀က်မလေးတစ်ကောင်ကို တွေ့ရာမှ ထိုဝက်မလေး၏ အတိတ်ဘ၀ကို အရှင်အာနန္ဒာ၏ မေးလျှောက်မှုကြောင့်

ဗုဒ္ဓက – ထိုဝက်မလေးသည် အတိတ်ဘ၀က ကကုသန်မြတ်စွာဘုရားလက်ထက်တုန်းက ဆွမ်းစားကျောင်းအနီးမှာ ကြက်မတစ်ကောင်း ဖြစ်ခဲ့ရတယ်။ ရဟန်းတော်များရဲ့တရားဒေသနာရွတ်ဖတ်သရဇ္ဈာယ်သံတွေကို နားထောင်ခဲ့ရတဲ့ ကုသိုလ်ကြောင့် ကြက်မဘ၀ကသေတဲ့အခါ ဥဗ္ဗရီ အမည်ရှိ မင်းသမီးတစ်ယောက် ဖြစ်ခဲ့၏။ တစ်နေ့သောအခါမှာ ရေအိမ်ဝင်ရင်း ပိုးလောက်တို့ကို တွေ့မြင်ရတဲ့အခါ ပိုလောက်ဟူသော အမှတ်သညာကို အခြခံထားပြီး  သမထဘာဝနာကိုပွားများလိုက်တာ ပထမဈာန်ကို ရသွားခဲ့သည်။ ထိုဈာန်ကြောင့် ဗြဟ္မာဘုံသို့ ရောက်၏။ ထို  ဗြဟ္မာဘုံမှ စုတေသောအခါ လူအမျိုးသမီးတစ်ယောက် ဖြစ်ရ၏။ ထိုလူ့ဘ၀မှသေသော် ၀က်မလေး ဘ၀ဖြစ်ရတာလို့ မိန့်တော်မူခဲ့တာကြောင့် အရှင်အာနန္ဒာနဲ့ ရဟန်းများစွာဟာ ပုထုဇဉ်မှန်သမျှ ၀ိနိပါတဘေးက မလွတ်ပုံကိုတွေးပြီး သံဝေဂ ဖြစ်ကြပါတယ်။

ဒ့ါကြောင့် လောကီကုသိုလ်ဘယ်လောက်လုပ်လုပ်၊ သူ့အရှိန်ကုန်ရင် ပြန်ပြီးကျရပါပဲ။ လောကီကုသိုလ်တွေက မှိုင်းနဲ့တူပါတယ်တဲ့။ ပုထုဇဉ်တွေကတော့ မီးပုံးပျံနဲ့တူပါတယ်တဲ့။ မီးပုံးပျံဟာ မှိုင်းအားကောင်းသလောက် အပေါ်ကိုတက်နေတာပါပဲ။ မှိုင်းအားကုန်တာနဲ့ အောက်ကို ဇောက်ထိုးမိုးမျှောက်ပြန်ရတာပါတဲ့။ တော်တော်ကောင်းတဲ့ ဥပမာလေးပါ။

ဝိဘင်း ပါဠိတော် ၌လည်း

ဥက္ခိတ္တာ ပုညတေဇေန

ကာမရူပ ဂတိံဂတာ

ဘ၀ဂ္ဂန္တမ္ပိသမ္ပတ္တာ

ပုနဂစ္ဆန္တိ ဒုဂ္ဂတိံ။

ပုညတေဇေန – ဒါန သီလ သမာထ ဟု ပြုကြ ရှိန်စော်ကောင်းမှု အာနုဘော်သည်။

ဥက္ခိတ္တာ – ပင့်ကော်မြှောက်ကြွ၊ တောင့်တချီငင်၊ မြှင့်တင် သွေးဆောင်အပ်ကုန်သည်ဖြစ်၍

ကာမရူပ ဂတိံဂတာ – လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်သို့၊ ကတိုက်ကရိုက်နှင့် ရောက်ဆိုက်လာကြသော ပုဂ္ဂိုလ်တို့သည်

ဘ၀ဂ္ဂန္တမ္ပိ – ဘုံထွဋ်ဘုံဖျား၊ အမြင့်စားအကျော်၊ နေ၀သညာနာသညာခေါ်တဲ့ အရူပဘုံသို့လည်း

မ္ပိသမ္ပတ္တာ – သမာဓိမြောက်၊ ဈာန်ဘုံပေါက်၍ သက္ကာယဒိဋ္ဌိမသေ၊ ကမ္ဘာကြီးရှစ်သောင်းလေးထောင်ပင် နေရငြားသော်လည်းပဲ

ပုန       – အ၀ီစိရောက်၊ ဒိုးယိုပေါက်၍၊ အောက်သို့တုန့်ပြန်၊ တစ်ခေါက်တစ်ဖန်

ဒုဂ္ဂတိံ – မကောင်းသူတို့လားရာ ပူဆာထန်ပြင်း၊ မဆန်မငြင်းနိုင်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံသို့

အာဂစ္ဆန္တိ – ငါ ငါဆိုတဲ့ တရားကဆွဲငင်သဖြင့် ကတိုက်ကရိုက်နှင့် ဇောက်ထိုးကျွမ်းပြန်၊ ချက်ခြင်းမကြာ၊ သက်ဆင်း၍လာကြရလေကုန်၏။

 

လောကုတ္တရာကုသိုလ်ကတော့ အခုရတာနဲ့ အခုကောင်းကျိုးပေးပါတယ်။ သောတာပတ္တိမဂ်ကုသိုလ်ရတာနဲ့ ဖိုလ်ဆိုတဲ့ ကောင်းကျိုးကို ချက်ချင်းခံစားရပါတယ်။ စက္ကန့်တောင် မခြားပါဘူး။ သောတာပတ္တိမဂ်က အပါယ်ကိုဆွဲချတတ်တဲ့ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ကို အမြစ်ဖြတ်ပယ်သတ်လိုက်ပါတယ်။ ဒါ့ကြောင့် သောတာပတ္တိမဂ် ရပြီးသူဟာ သံသရာတလျှောက်မှာ ဘယ်တော့မှအပါယ်မကျတော့ပါဘူး။

နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပိုင်ပိုင်နိုင်နိုင်ရသွားတဲ့ စူဠသောတာပန်ပုထုဇဉ် ရောက်သွားရင်တောင် အပါယ်တံခါးပိတ်သားပါပြီ။ ဂတိမြဲသွားပြီးလို့ ၀ိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားပါတယ်။ ဒါကြောင့် စူဠသောတာပန်ပုထုဇဉ် အဆင့်ရောက်အောင် ကြိုးစားသင့်ပါတယ်။

 

 

From ; မဂ်တားဖိုလ်တား အန္တရာယ်များ စာအုပ်မှ- မျက်ရည်မကျခင်သိစေချင်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s