ဣဿာ နှင့် မစ္ဆရိယ

စိတ်ဆင်းရဲခြင်း အကြောင်းခြင်း

လွန်ခဲ့သော ၂၅၀၀ကျော်က သိကြားမင်းကိုယ်တိုင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏အရှေ့အရပ်၊ ဝေဒိယကတောင်၊ ဣန္ဒသာလလိုဏ်ဂူ၌ –

“မြတ်စွာဘုရား. . . လူနတ်သတ္တ၀ါအများတို့သည် ရန်ကင်းငြိုးလျက် ဒဏ်ကင်းလျက် ရန်သူကင်းလျက် စိတ်ဆင်းရဲကင်းလျက် အမျက်ထွက်ခြင်း ကင်းနေရခြင်းကို လိုချင်တောင့်တကြပါကုန်၏။ သို့ပါလျက် ရန်ငြိုးရှိလျှက် ဒဏ်ရှိလျှက် ရန်သူရှိလျက် စိတ်ဆင်းရဲလျက် အမျက်ထွက်လျက်နေကြရသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း။”

ဗုဒ္ဓက “မနာလိုခြင်း ဣဿ နှင့် ၀န်တိုခြင်း မစ္ဆရိယ ရှိသောကြောင့်ဟူ၍ ပြတ်ပြတ်သားသား အဖြေပေးတော်မူခဲ့ပါသည်။ ”
  

                                             (သုတ်မဟာဝါ ပါဠိတော်၊ သက္ကပဥှာသုတ်)

 

သုတ္တနိပါတ်ပါဠိတော်၌ အဇိတရင်္သေ့က ဗုဒ္ဓအား –

” မြတ်စွာဘုရား ပရမတ်ရုပ်နာမ် သင်္ခါရတွေ မမြင်အောင် (၀ါ) မဂ်ဖိုလ်မရအောင် အဘယ်တရားတွေ ပိတ်ဖုံးထားပါသလဲ” ဟုလျှောက်ထားရာ

ဗုဒ္ဓက – “ဣဿမစ္ဆရိယ တရားနှစ်ပါး နှင့် မေ့လျော့ခြင်း ပမာဒတရား များက မဂ်ဖိုလ်မရအောင် တားဆီးတတ်ကြောင်း” ဟောကြားတော်မူခဲ့ပါတယ်။

 

စူဠကမ္မ၀ိဘင်္ဂသုတ်တွင် ဗုဒ္ဓက သုဘလုလင်အား –

“သူတစ်ပါးကို မနာလိုသောသူသည် ဖြစ်ရာဘ၀တွင် သားသမီးတပည့်မိတ်ဆွေ အခြွေအရံကင်းမဲ့ပြီး အထီးကျန်နေတတ်သည်။

သူတစ်ပါးကို နာလိုခြင်းကင်းအောင်ကြိုးစားခဲ့သောသူကား သားသမီး တပည့် မိတ်ဆွေ အခြွေအရံပေါများသည် ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။”

 

သူတစ်ပါးက မိမိထက်သာတာကိုမြင်ရလို့ ၀မ်းသာလိုက်ရင် မုဒိတာ ခေါ်တဲ့ ကုသိုလ် ဖြစ်တယ်။

မနာလိုလိုက်ရင် ဣဿာ လို့ခေါ်တဲ့ အကုသိုလ် ဖြစ်တယ်။

အဲ့ဒီတော့ ပညာရှိသူတော်ကောင်းမှန်ရင် အရည်မရ၊ အဖတ်မရတာချင်း အတူတူ အလကားနေရင်း အကုသိုလ်အဖြစ်မခံဘဲ ကုသိုလ်ဖြစ်အောင် ကြိုးစားပြီး ကောင်းမြတ်တဲ့စိတ်ထားမျိုးထားသင့်တယ်။

                         (ဆရာတော်တစ်ပါး)

 

ဣဿာ နှင့် ညီအစ်ကိုလိုဖြစ်သော မစ္ဆရိယ ငါးမျိုးရှိသည်။ ဓမ္မသင်္ဂဏီ ပါဠိတော်တွင် ဟောကြားတော်မူထားပြီး အဋ္ဌသာလိနီ အဋ္ဌကထာဖြင့် –

၁) အာဝါသ မစ္ဆရိယ မိမိပိုင်ဆိုင်ရာနေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း မိမိရနေသော အဆောက်အဦးကောင်းမျိုးကို သူတစ်ပါးမရစေလိုခြင်း။  

    သေသောအခါ ပြိတ္တာ၊ ဘီးလူး သော်လည်းကောင်း၊ လောဟကုမ္ဘီငရဲ ကျရတတ်သည်။

 

၂) ကုလ မစ္ဆရိယ – ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။                     

    ယခုဘ၀မှာပင် ပွက်ပွက်ဆူသောသွေးများ အန်ရတတ်ပြီး ဖြစ်လေရာဘ၀တွင် ပစ္စည်းလေးပါးလာဘ်လာဘ ပါးရှားတတ်သည်။

 

၃) လာဘ မစ္ဆရိယ – စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။

    သေသောအခါ ပြိတ္တာ၊ ဘီးလူး သော်လည်းကောင်း၊ ဘင်ပုပ်ငရဲသို့ လည်းကျရောက်တတ်သည်။

 

၎) ၀ဏ္ဏ မစ္ဆရိယ  – သူတစ်ပါး၏လှပသော အဆင်းဂုဏ် မြင့်မြတ်သောအကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း၊

    အဆင်းမလှခြင်း၊ ဆွံ့အခြင်း ဆိုးကျိုးများ ဖြစ်ရတတ်သည်။

 

၅) ဓမ္မ မစ္ဆရိယ စာပေပရိယတ္တိ နှင့် တရားအသိအမျိုးမျိုးကို မိမိသိသလို သူတစ်ပါးအား မသိစေလိုခြင်းတို့ ဖြစ်ကြလေသည်။

    အဆင်းမလှခြင်း၊ ဆွံ့အခြင်း ဆိုးကျိုးများ ဖြစ်ရတတ်သည်။

 

မစ္ဆရိယသည် သေးငယ်လျှင် မိမိပစ္စည်းကိုသာ ၀န်တိုသည်။

ကြီးလာလျှင် သူတစ်ပါး၏ ပစ္စည်းကိုပါ လိုက်ပြီး ၀န်တိုလာတတ်သည်။

 

ဝန်တိုခြင်းကို ထီးချိုင့်တည်တောဆရာတော်ကြီးက အဓိပ္ပါယ်ဖွင့်ဆိုပုံမှာ –

“၀န်တို” ဆိုတဲ့ မြန်မာစကားနှစ်လုံးမှာ “၀န်”ဆိုတာ သူတစ်ပါးကြီးပွားချမ်းသာတာကို ၀မ်းမြောက်ရမည့်တာဝန်ဖြစ်တယ်။ လူတွေမှာ တာဝန်အသီးသီးရှိကြရာတွင် ကိုယ့်ထက်သာလွန်သူကို အမှန်တကယ် ကျေနပ်နှစ်သက်ဝမ်းမြောက်ရမည့်တာဝန်တစ်ခုလည်း ရှိနေပါသည်။

ဘာကြောင့် ဒီတာဝန်ရှိရတာတုန်းဆိုတော့ လောကမှာ တိရစ္ဆာန်တွေဟာ ကိုယ့်ထက်သာသူကို မနာလိုတတ်ဘူး။ ဒါ့ကြောင့် ကိုယ့်ထက်သာမယ်ထင်တဲ့ ရင်သွေးငယ်ကိုလည်း ငယ်စဉ်ကပင်သတ်ပစ်ကြတယ်။

လူဟာ တိရစ္ဆာန်မဟုတ်ဘူး။ တိရစ္တာန်ထက် မြင့်မြတ်သူဖြစ်တယ်။ တိရစ္ဆာန်ထက်မြင့်မြတ်တဲ့အတွက် မြင့်မြတ်တဲ့စိတ်ရှိရမယ်။ ချီးမွမ်းရမယ်။ မြောက်စားရမယ်။ ၀မ်းမြောက်ရမယ်။

ဒါ့ကြောင့် “၀န်” ဆိုတာ သူတစ်ပါးကြီးပွားချမ်းသာတာကို ၀မ်းမြောက်ရမည့်တာဝန်လို့ ဆိုလိုတယ်။ “တို” ဆိုတာက တွန့်တိုတာကို ဆိုလိုတယ်။

ဒါ့ကြောင့် “ပုထုဇဉ်အများစုမှာ သူတစ်ပါး၏ဇီးစေ့လောက်ရှိသော မကောင်းကွက်လေးကိုကား ရှာရှာဖွေဖွေမြင်ပြီး မေးငေါ့မဲ့ရွဲ့ အပြစ်တင်တတ်သလောက် မြင့်မိုရ်တောင်လောက်ရှိသော သူတစ်ပါးကောင်းကွက်ကိုကား မျက်စေ့လျှန်းနေတတ်ကြတယ်။ ၀မ်းသာအားရချီးမွမ်းရန် ခက်ခဲနေတတ်ကြတယ်။

 

ထို့ပြင် မဂ်ဖိုလ်ကို တားမြစ်ပိတ်ပင်တတ်သော အရိယူပ၀ါဒကံကြီး (အရိယာကို ပြစ်မှားစော်ကားသော) ကိုလည်း ကျူးလွန်မိတတ်ပါသည်။ ကန်တော့တောင်းပန်မှသာ ထိုကံကြီးမှ ထမြောက်ပါသည်။

ဣဿ မစ္ဆရိယ နှင့် အရိယူပ၀ါဒကံကြီး ကို ခံရသောမထေရ်နှစ်ပါးကို တွေ့ရပါသည်။

 

ဓမ္မပဒအဋ္ဌကထာလာ၌ အရှင်ဇမ္ဗုက မထေရ်ပါတည်း။

အတိတ်ဘ၀တစ်ခုက အရှင်ဇမ္ဗုသည် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဖြစ်ခဲ့ဘူးသည်။ တစ်နေ့တွင် ဧည့်သည် အာဂန္တုရဟန်းတစ်ပါးက ခေတ္တခဏတည်းခိုရန် ခွင့်တောင်းသဖြင့် ရှောရှောရှုရှုပင် ခွင့်ပြုခဲ့လေသည်။ သို့သော် ဧည့်သည်ရဟန်းရောက်ပြီး မကြာမီမှာပင် ကျောင်းသို့လားသော ကျောင်းဒကာမှာ ဧည့်သည်ရဟန်းကို အလွန်အကျူးအထူးကြည်ညိုလေးစားသွားလေသည်။

အဘယ်ကြောင့်ဆိုသော် ဧည့်သည်ရဟန်းမှာ ပုထုဇဉ်ရဟန်းတစ်ပါးမဟုတ်ဘဲ ကိလေသာအာသဝေါကုန်ခမ်းသော ရဟန္တာဖြစ်နေသောကြောင့်ပါတည်း။ ထို့ကြောင့် ပုထုဇဉ်ဖြစ်တဲ့ အရှင်ဇမ္ဗုအလောင်းအလျာ ကျောင်းထိုင်ရဟန်း၏ ဣနြေ္ဒနဲ့ ဧည့်သည်ရဟန္တာ၏ အိနြေ္ဒတို့မှာ ကွာချင်တိုင်း ကွာခြားနေကြသည်။

ကျောင်းဒကာကလည်း အာဂန္တုရဟန်းအား လိုလေသေးမရှိအောင် ကောင်းကောင်းမွန်မွန်ချက်ပြီး ပို့စေသည်။ အိပ်ရာနေရာသို့လည်း ပြုပြင်စီရင်ပေးသည်။ အ၀တ်သင်္ကန်းကိုလည်း သင့်လျော်အောင် လှူဒါန်းသည်။ နောက်ဆုံး ခေါင်းရိတ်သည်ကိုပင် ပို၍အဆင်ပြေစေရန် ဆတ္တာသည်ကိုလွှတ်၍ ရိတ်စေသည်။

ကျောင်းဒကာက ကျောင်းထိုင်ဘုန်းကြီးကိုယ်စား ဘာမျှလိုလေသေးမရှိအောင် ကောင်းစွာပြုစုလုပ်ကျွေးသည်။ ထိုအခါ ဣဿာ မစ္ဆရိယ၏ အနှိပ်အစက်ကို ခံလာရပြီးသော ကျောင်းထိုင်ဘုန်းကြီးမှာ ဧည့်သည်ရဟန်းကို အကောင်းမမြင်တော့ချေ။

ကိုယ့်ဒကာက သူ့ဒကာဖြစ်သွားမှာကို စိုးရိမ်ခြင်း ကုလမစ္ဆရိယ၊ ကိုယ့်လာဘ်လာဘသူ့ဆီရောက်သွားမှာ စိုးရိမ်ခြင်း လာဿာမစ္ဆရိယက ကျောင်းထိုင်ရဟန်းကို အပြည့်အ၀နှိပ်စက်လာသောအခါ ဧည့်သည်ရဟန္တာကိုဆဲရေးပြီး အရိယူပ၀ါဒကံကြီးကို ကျူးလွန်လိုက်မိတော့သည်။

“ငါ့ရှင် ဧည်သည်ရဟန်း – သင်သည် ငါ့ကျောင်းဒကာ၏ဆွမ်းကို စားခြင်းထက် မစင်စားခြင်းက မြတ်၏။

ကျောင်းဒကာစေခိုင်းသော ဆတ္တာသည်ဖြင့် ဆံပင်ရိတ်ခြင်းထက် ထန်းစေ့မှုတ်ခြင်းဖြင့် အနှုတ်ခံရခြင်းက မြတ်၏။

ကျောင်းဒကလှူသောသင်္ကန်းကိုဝတ်ခြင်းထက် ကိုယ်လုံးတီးနေခြင်းက မြတ်၏။

ကျောင်းဒကာလှူသောကုတင်တွင် အိပ်ခြင်းထက် မြေကြီးပေါ်၌ အိပ်ခြင်းက မြတ်၏။”

 

ထိုဝစီကြောင့် သေလွန်သောအခါ မဟာအ၀ီစိငရဲ၌ နှစ်ပေါင်းများစွာ ကမ္ဘာနှင့်ချီ၍ ခံရလေသည်။

အ၀ီစိငရဲမှလွတ်သော ဂေါတမမြတ်စွာဘုရားလက်ထက်၌ ရာဇဂြိုဟ်မြို့တွင် လူလာဖြစ်သည်။

မွေးလာကတည်းက အရိယူပ၀ါဒကံ၏အကျိုးဆက်ကြောင့် အိပ်ရာပေါ်မှာ မအိပ်ရာဘဲ မြေကြီးပေါ်မှာသာအိပ်ရသည်။

ထမင်းဟင်းကို မစားရဘဲ မိမိ၏မစင်ကိုသာ ပြန်စားသည်။

အရွယ်ရောက်လာသောအခါ အ၀တ်မ၀တ်ဘဲ ကိုယ်လုံးတီးသာနေရသည်။ ထို့ကြောင့် မိဘများက ရှက်သဖြင့် သားဖြစ်သူကို အာဇီဝကတက္ကတွန်းများထံ အပ်နှံလိုက်လေသည်။ ထိုအခါမှ ရဟန္တာအားစော်ကားခဲ့သော အပြစ်များအတိုင်း ဆိုးကျိုးလေးမျိုးလုံး ပြည့်စုံအောင် ခံစားရတော့သည်။

အာဇီဝတို့က သူ့ကိုတွင်းနက်ထဲချပြီး သူ့ပခုံးပေါ်၌သစ်သားပြားများတင်ပေးကြသည်။ ထိုသစ်သားပြားပေါ်မှာ အာဇီဝတို့ကထိုင်ပြီး ဇမ္ဗု၏ဆံပင်ကို ထန်းစေ့မှုတ်ခြမ်းဖြင့်ကုန်အောင် နှုတ်ပစ်ကြသည်။ ပြီးမှ အာဇီဝလို ရဟန်းပြုပေးလိုက်သည်။ အကုသိုလ်ကံမကုန်သေးသောကြောင့် ထမင်းဟင်းကိုမစားဘဲ ၀စ္စကုဋီထဲမှ မစင်များကိုသာဆက်၍ စားနေခဲ့သည်။ အာဇီဝကများ သိသွားသောအခါ ကဲ့ရဲ့မှာကြောက်သောကြောင့်  ဇမ္ဗုကိုကျောင်းမှ နှင်ထုတ်လိုက်သည်။ 

ဇမ္ဗုအား လူအများတို့ မစင်စွန့်ရာအနီးရှိ ကျောက်ဖျာကြီးပေါ်တွင် နေ့အခါတွင် လက်တစ်ဖက်က ကျောက်ဖျာကိုကိုင်လျက် ပါးစပ်ကိုဟ ခြေတစ်ဖက်ကို မြှောက်ထားပြီး ထူးဆန်းအံ့သြဖွယ်ထိုင်နေသည်။ အသိဉာဏ်နည်းသူတို့မေးလာသောအခါ ငါသည် လေကိုသာစားသောက်၏။ ငါ၏အကျင့်သည် ပြင်းထန်လွန်းလှသဖြင့် ငါ၏ခြေနှစ်ဖက်စလုံးဖြင့်နင်းလိုက်လျှင် မြေကြီးကို တုန်လှုပ်၏။ ငါသည် ဘယ်သောအခါမှ ထိုင်ခြင်းအိပ်ခြင်းကို မပြု ဟု ၀ါကြွားပြောဆိုလေသည်။

အသိဉာဏ်နည်းသောသူများအား  ဇမ္ဗု၏သတင်းကိုကြားသောအခါ လစဉ်လတိုင်း သူထံသို့လာ၍ ပူဇော်ခစားကြလေည်။ ညအခါ၌  ဇမ္ဗုသည် လူတွေစွန့်ထားသောမစင်ကို အားရပါးရစားသောက်လေသည်။ ဤသို့ဖြင့် ၅၅နှစ်တိုင်ကြာမြင့်လေသည်။ အကုသိုလ်ကံကြွေးကုန်ပြီး ကျွတ်တန်းဝင်ချိန်ရောက်တော့မှ ဘုရားရှင်ကြွလာကာ ရဟန္တာဖြစ်သွားလေသည်။

 

ဓမ္မပဒ၌ ဗုဒ္ဓက – လာဘမစ္ဆရိယနှင့် ပတ်သက်၍ လောသကတိဿအမည်ရှိမထေရ်တစ်ပါး အကြောင်းကို ဟောကြားခဲ့လေ၏။

ကဿပဘုရားလက်ထက်က ကျောင်းထိုင်ရဟန်းတစ်ပါးရှိလေ၏။ တနေ့ သူ့ဒကာတစ်ယောက်က အာဂန္တုရဟန်းတစ်ပါးကို သူ၏ကျောင်းသို့ ခေတ္တပင့်လာ၏။ ခရီးသွား အာဂန္တုရဟန်း၏ ဣနြေ္ဒမှာလွန်စွာကြည်လင်သောကြောင့် ကျောင်းဒကာသည် အလွန်ကြည်ညို၏။ ထို့ကြောင့် ပြန်မကြွမခြင်း ပစ္စည်းလေးပါးကို တာဝန်ယူကြောင်း ဖိတ်မံလှူဒါန်း၏။ ထိုအခါ ကျောင်းထိုင်ရဟန်းထဲ၌ မနာလိုခြင်း ဣဿာနှင့် ၀န်တိုခြင်း မစ္ဆရိယ တို့ ပြင်းထန်စွာဖြစ်၏။

ကျောင်းဒကာက မနက်မိုးလင်းလျှင် အာဂန္တုရဟန်းနှင့် အတူ ဆွမ်းစားရန်ပင့်ဖိတ်၏။ ကျောင်းထိုင်ဘုန်းကြီးက မကျေနပ်။ သူ့ဒကာလှူသောဆွမ်းကို ဧည့်သည်ရဟန်အား မစားစေချင်။ ဤသဘောကား လာဘမစ္ဆရိယပင်ဖြစ်၏။

ထိုကြောင့် ဧည့်သည်ရဟန်းကို ရန်သူလိုဆက်ဆံကာ စကားမပြောဘဲနေ၏။ သူ၏အကြီးမားဆုံးမှားယွင်းချက်ကား သူဣဿာမစ္ဆရိယဖြစ်နေသောရဟန်းကို ရဟန္တာဖြစ်ကြောင်း မသိသောအချက်ပင်ဖြစ်၏။ ထို့ကြောင့် ညကတည်းက ဆွမ်းစားကြွလျှင် ဧည့်သည်ရဟန်းမပါစေရန် မည်သို့လုပ်ရမည်ကို စဉ်းစား၏။

ငါ့ဒကာကျွေးလိုက်တဲ့ဆွမ်းကောင်း ဟင်းကောင်းတွေစားပြီးလျှင် ဒီကိုယ်တော် ငါ့ကျောင်းကခွာနိုင်မှာ မဟုတ်တော့ဘူးဟူ၍ ပုထုဇဉ်ပီပီ ကိုယ့်စိတ်နှင့်နှိုင်းကာတွေး၏။

မနက်စောစောရောက်သောအခါ ဧည့်သည်ရဟန်းအသံမကြားအောင် တိတ်တိတ်ထ၏။ ကိုယ်လက်သုတ်င်ပြီးသောအခါ မုသားလွတ်ရုံပြောနိုင်ရန် ကျောက်စည်ကို လက်တစ်ချောင်းနှင့်ခေါက်၏။ ဧည့်သည်ရဟန်းကျိန်းစကာနေသောအခန်းတံခါးကို လက်သည်းနှင့်ထိရုံထိ၏။ ပြီးလျှင် သင်္ကန်းရုံ သပိတ်ပိုက်ကာ တစ်ပါးတည်းဆွမ်းစားကြွသွား၏။။

ကျောင်းဒကာအိမ်ရောက်သောအခါ ဧည့်သည်ရဟန်းကို ကျောင်းဒကာမေးလိုက်သည်နှင့်…. “သင်ဒကာသကြည်ညိုနေတာ သင့်ကိုယ်တော်ကဖြင့် အစားကောင်း အသောက်ကောင်းတွေစားပြီး တအားအိပ်နေလိုက်တာ ငါကျောက်စည်တွေထိုးပြီး သူ့အခန်းတံခါးခေါက်တာတောင် မနိုးဘူး။ ဒါကြောင့် တပါးတည်းကြွခဲ့တာ။ သင်က အဲဒီလိုအအိပ်ကြီးတာကိုပဲ ကြည်ညိုနေတာလား” ဟု ရဟန္တာကို ဒကာဖြစ်သူ အကြည်ညိုပျက်အောင် ပြော၏။

သို့သော ကျောင်းဒကာက ကျောင်းထိုင်ဘုန်းကြီးထက် အသိဉာဏ်ကြီး၏။ ကျောင်းထိုင်ဘုန်းကြီး၏သန္တာန်၌ဖြစ်ပေါ်နေသော ဣဿာမစ္ဆရိယကို ရိပ်စားမိသောကြောင့် ဘာမှဆက်မလျှောက်တော့ဘဲ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကိုသာ ဆွမ်းကပ်လိုက်၏။ ပြီးသည်နှင့် သပိတ်ထဲတွင် မွန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ကိုထည့်ကာ “အရှင်ဘုရား ဧည့်သည်ရဟန်းဟာ ခရီးပန်းလာလို့ အိပ်ပျော်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဘုရား။ ဒါ့ကြောင့် အခုကပ်လိုက်တဲ့ဆွမ်းများကိုသာ ဧည့်သည်ရဟန်းကို ကပ်လှူလိုက်ပါဘုရား” ဟု လျှောက်ထားပြီး ကပ်လိုက်၏။

ကျောင်းထိုင်ဘုန်းကြီးကာ လာဘမစ္ဆရိယတွေတက်လာပြီး ဒီဆွမ်းကောင်းတွေကို ဒီကိုယ်တော်ကျွေးလို့ မဖြစ်ဘူး။ တော်ရာမှာစွန့်ပစ်ခဲ့မယ်ဟု တွေးကာ မီးရှို့ထားသော လယ်တော်တစ်ခုထဲ သွန်ပစ်ခဲ့၏။ ထိုသည်ကို အဘိဉာဏ်တန်ခိုးဖြင့် သိမြင်သော ရဟန္တာမထေရ်မြတ်ကြီးသည် ငါဆက်ရှိနေရင် ပုထုဇဉ်ရဟန်းအဖို့ အပြစ်ပိုကြီးရန်သာရှိသည်ဟု တွေးမိသဖြင့် ကောင်းကင်ခရီးမှ ဈာန်ယာဉ်စီးကာ ချက်ချင်းကြွသွားလေ၏။

ကျောင်းရောက်၍ အာဂန္တုရဟန်းမရှိတော့သည်ကိုတွေ့သောအခါမှ ကျောင်းထိုင်ရဟန်းသည် သူ့အပြစ်ကို သတိရတော့၏။ ငါ့ကား ရဟန္တာတစ်ပါး၏လာဘ်ကို ဖျက်ဆီးမိပြီဟူသော နှလုံးမသာယာခြင်း ဒေါမနဿနှင့် သေလွန်သောကြောင့် အ၀ီစိငရဲ၌ နှစ်ပေါင်းကမ္ဘာနှင့်ချီကာ ခံရ၏။

ငရဲမှလွန်သောအခါ အောက်တန်းစား ဘီလူးဘ၀ ငါးရာ ဖြစ်ရ၏။ ၄၉၉ ဘ၀လုံး ငတ်ပြတ်ပြီး သေခဲ့ရ၏။ ငါးရာမြောက်ဘ၀တွင်ကား ကိုယ်ဝန်အညစ်အကြေးပုံကြီးတစ်ပုံကို စားရသဖြင့် တစ်ကြိမ်သာ အစာဝဖူး၏။

ဘီလူးဘ၀ကသေသော်အခါ ခွေးဘ၀ငါးရာတွင် ၄၉၉ ဘ၀လုံး ငတ်ပြတ်ပြီး သေခဲ့ရ၏။ ၅၀၀ မြောက်ဘ၀တွင် အံဖတ်ပုံကြီးတစ်ပုံကိုသာ ၀လင်အောင် စားရဘူး၏။

ခွေးဘ၀ကသေသော်အခါ ကာသိတိုင်း ရွာတစ်ရွာတွင် ပဋိသန္ဓေနေ၏။ သူ ပဋိသန္ဓေနေသည်နှင့်တပြိုင်နက် တစ်အိမ်သာလုံး အလုပ်ရှာမရတော့ဘဲ ငတ်မွတ်ဆင်းရဲကုန်၏. သူ၏အမည်ကို မိတ္တ၀ိန္ဒက ဟု မှည့်၏။ သူအရွယ်ရောက်သောအခါ အိမ်မှနှင်ထုတ်လိုက်သည်နှင့် အိမ်မှစီးပွားရေး အဆင်ပြေသွားလေသည်။ မိတ္တ၀ိန္ဒကသည် ရွာမှထွက်လာပြီး ဗာရာဏသီပြည်သို့ရောက်၏။ သနားတတ်သော ဘုရားအလောင်း ဒိသာပါမောက္ခဆရာကြီးက ခေါ်ယူကျွေးမွေးထားသော်လည်း သူလက်ခံခဲ့သော ဣဿာမစ္ဆရိယမီးသည် သူ့ကိုသာမက သူနှင့်ဆက်စပ်သူဟူသမျှကို လောင်ကျွမ်း၏။ သူရောက်သည်နှင့် ဒိသာပါမောက္ခဆရာကြီးမှာ လာဘ်တိတ်သွား၏။ တနေ့သော်  မိတ္တ၀ိန္ဒက ပညာသင်လူငယ်များနှင့် ရန်ဖြစ်ပြီး ထွက်ပြေးပြန်သည်။ 

         ပစ္စန္တရာဇ်ရွာသို့ရောက်သော် ဆင်းရဲတစ်ယောက်နှင့် အိမ်ထောင်ကျရာ ကလေးနှစ်ယောက်ရ၏။ ထိုရွာသည်  မိတ္တ၀ိန္ဒက ရောက်သောအခါမှစ၍ မီး (၇) ကြိမ်လောင်၏။ မင်းဒဏ် (၇)ကြိမ်သင့်၏။ ဆည်ကန်ပေါက်ကာ ရေ (၇)ကြိမ် မြှုပ်၏။ ရွာသားတွေက  မိတ္တ၀ိန္ဒက မိသားစုကို ခဲဖြင့် ပစ်ပေါက်နှင်ထုတ်ကြ၏။ သူတို့ပြေးလားရင်း တောအုပ်တစ်အုပ်တွင် ဘီးလူးများနှင့်ရင်ဆိုင်ရ၏။ ဘီလူးများက မိန်းမနှင့် သားနှစ်ယောက်ကို ဖမ်းဆီးစားသောက်ကြ၏။  မိတ္တ၀ိန္ဒက လည်း ကိုယ်လွတ်ရုန်းရင်း ပင်လယ်ကူးသဘောင်္ပေါ်သို့ ဘုမသိ ဘမသိနှင့်လိုက်သွား၏။ 

         သမုဒ္ဒရာအတွင်းသို့ (၇)ရက်မြောက်သောနေ့တွင် သဘောင်္မှာ ရှေ့ဆက်မသွားဘဲရပ်နေတော့သည်။ မာလိန်မှူးသည် သူယုတ်မာအကုသိုလ်ကြီးသူပါလာသည်ကို သိ၍ မဲပေါက်ကာ သူယုတ်မာ ဟု ရေးထားသောမဲကို နှိုက်မိသူသည် ၀ါးတစ်စီးနှင့် သမုဒ္ဒရာထဲ ချထားခြင်းခံရသည်။ ထိုမဲကို  မိတ္တ၀ိန္ဒက  (၇)ကြိမ်တိုင်တိုင်နှိုက်မိသောကြောင့် ၀ါးတစ်စီးနှင့် သမုဒ္ဒရာထဲ အချခံရ၏။ သူ့ကို ချလိုက်တော့မှ သဘောင်္သည် လေးညျို့မှလွှတ်သောမျှားကဲ့သို့ အရှိန်နှင့်ပြေးလေတော့သည်။  

        မိတ္တ၀ိန္ဒကသည် ၀ါးတစ်စီးဖြင့် မျောနေရာမှ (၇) ရက်စံ၊ (၇) ရက်ခံ သော ဝေမာနိကပြိတ္တာမလေးယောက်ရှိသော ဖလ်ဗိမာန်သို့ ရောက်သွား၏။ ထိုဝေမာနိကပြိတ္တာမလေးယောက်နှင့် နတ်စည်းစိမ်ကို (၇) ရက်စံစားရသည် ထိုသည်မှာ ကျောင်းထိုင်ဘုန်းကြီးဘ၀ကစောင့်ခဲ့သောသီလကုသိုလ်ကြောင့်ပင် ဖြစ်၏။ ပြိတ္တာမများ ငရဲသို့ (၇) ရက်ခံရန်ထွက်သွားသောအခါ မိတ္တ၀ိန္ဒကသည် မစောင့်နိုင်သဖြင့် ၀ါးစည်းဖြင့် သမုဒ္ဒရာအတွင်းဆက်၍ မျှောခဲ့ပြန်၏။ တခါ ဝေမာနိကပြိတ္တာမရှစ်ယောက်ရှိသော ငွေဗိမာန်သို့ရောက်ခဲ့ပြန်သည်။ ထို့အတူ ငရဲခံရန်ထွက်သွားသော ပြိတ္တာမများကို မစောင့်နိုင်ဘဲ ၀ါးစည်းဖြင့် ဆက်မျောပြန်သည်။ ပြိတ္တာမ (၁၆)ရှိသော ပတ္တမြားဗိမာန်၊ ပြိတ္တာမ (၃၁)ယောက်ရှိသော ရွှေဗိမာန်တို့တွင် (၇)ရက်စီ နတ်စည်းစိမ်ခံစားပြီး ဆက်မျောပြန်ရာ ဘီလူးမတစ်ယောက်မြို့ပြု၍နေသော ကျွန်းတစ်ကျွန်းသို့ရောက်သွား၏။ 

        ဆာလောင်မွတ်သိပ်နေသော မိတ္တ၀ိန္ဒကသည် ဆိတ်မဖန်ဆင်းထားသော ဘီလူးမကိုတွေ့ကာ သတ်ဖြတ်ထားမည်ဟူသောစိတ်ဖြင့် ဆိတ်မခြေထောက်ကိုကိုင်လိုက်တာ ဘီလူးမသည် ချက်ချင်းဘီလူးမအသွင်ကို ပြန်ယူပြီးလျှင် မိတ္တ၀ိန္ဒက၏ခြေထောက်နှစ်ချောင်းကိုကိုင်ကာ အားကုန်လွှဲပစ်လိုက်လေသည်။ မိတ္တ၀ိန္ဒက၏ကိုယ်သည်လည်း သမုဒ္ဒရာကျော်ပြီး ဗာရဏသီမင်းကြီး၏ဥယျာဉ်အတွင်းရှိ ခြုံပုတ်ကြီးတစ်ခုအပေါ်သို့ကျသွား၏။ 

         ထိုအချိန်တွင် ဆိတ်များ မကြာခဏပျောက်သဖြင့် ဆိတ်ကျောင်းသားများက ဆိတ်သူခိုးကိုဖမ်းရန် စောင့်နေကြလေသည်။ ကံဆိုးသောမိတ္တ၀ိန္ဒက ဆိတ်များကိုမြင်သွားသောအခါ “ငါဟာ ကျွန်းတစ်ကျွန်းပေါ်က ဆိတ်တစ်ကောင်ခြေထောက်ကိုသွားဆွဲလိုက်လို့ ဆိတ်ကဘီလူးဖြစ်သွားပြီး ငါ့ခြေထောက်ကနေကိုင်ပစ်လိုက်တာ သမုဒ္ဒရာကိုကျော်ပြီး ဒီနေရာထိရောက်လာတယ်။ အခုလည်းဆိတ်တွေကို တွေ့ရပြန်ပြီ။ ဒီဆိတ်တစ်ကောင်ကောင်ရဲ့ခြေထောက်ကိုဆွဲလိုက်ရင် ဆိတ်ကဘီလူးဖြင်ပြီး ငါ့ခြေထောက်ကို ပြန်ကိုင်ပစ်လိုက်တာနဲ့ ငါပျော်ပါးခဲ့ဘူးတဲ့ ပြိတ္တာမတွေရဲ့ ပြန်ရောက်သွားနိုင်တယ်” လို့ တွေးပြီး ဆိတ်ခြေထောက်တစ်ကောင်ကို သွားကိုင်၏။ ဆိတ်ကား သူထင်သလိုဖြစ်မလာဘဲ တပဲပဲနှင့်အော်ကာ ရုန်းကန်းနေ၏။ ထိုအချိန်မှာ အသင့်စောင့်နေသောဆိတ်ကျောင်းသားတွေက ဆိတ်သူခိုးဟုထင်ပြီး ဘုရင်ထံပို့ရန်ဖမ်းယူလာလေသည်။ လမ်းတွင် ဒိသာပါမောက္ခဆရာကြီးနှင့်တွေ့ရာ ဆရာကြီး၏ပြောဆိုတောင်းပန်မှုကြောင့် မင်းဒဏ်မှ လွတ်ခဲ့ရ၏။

ထိုဘ၀မှစုတေသောအခါ ဂေါတမဘုရားလက်ထက်တွင် အိမ်ခြေတစ်ထောင်ရှိသောရွာကြီးတစ်ရွာ၌ ပဋိသန္ဓေသွားနေ၏။ သူပဋိသန္ဓေနေသောအခါမှစ၍ ထိုရွာကြီးသည် မီး (၇)ကြိမ်သင့်သည်။ မင်းဒဏ် (၇)ကြိမ်သင့်၏။ ဘာမှလုပ်ကိုင်စားသောက်၍မရတော့။ နောက်ဆုံးသူတစ်ပါးထံမှ တောင်းရမ်းသောအခါ၌ပင်လည်း ပေးချင်ကျွေးချင်သူမရှိ။

        ထို့ကြောင့်ရွာသူကြီးက သူယုတ်မာတစ်ယောက်ယောက် အိမ်တစ်အိမ်တွင် ပဋိသန္ဓေနေပြီးဆိုသည်ကိုသိသဖြင့် အိမ်ခြေကို ငါးရာစီခွဲလိုက်၏။ ထိုသူငယ်မပါသော အိမ်ခြေငါးရာကား အဆင်ပြေသွားပြီး ထိုသူငယ်ပါနေသော အိမ်ခြေငါးရာကား ငတ်မွတ်မြဲ ဆက်လက်ငတ်မွတ်နေ၏။ ထို့နောက် ၂၅၀ စီထပ်ခွဲပြီး နောက်ဆုံးတွင် သူတို့မိသားစုတစ်အိမ်သာကျန်တော့သည်။ သူဖခင်သည်လည်း သည်းမခံနိုင်တော့ဘဲ ကိုယ်ဝန်အရင့်အမာကြီးနှင့် သူ့မိခင်ကို ပစ်ခွာသွားတော့၏။ သူ၏မိခင်သည် သူ့ကိုဆင်းရဲငြိုငြင်စွာမွေးဖွားပြီး လောသကတိဿဟု မှည့်၏။ 

       သူ၏ဣဿမစ္ဆရိယမီးသည် သူ့မိခင်ကိုပါ ဆက်လောင်ပြန်၏။ သူ၏မိခင်သည် သူ့ကိုပွေ့ပြီးစားစရာတောင်းလိုက်လျှင် မည်သူမျှမပေးကြ။ ထိုကြောင့် မိခင်မှာ သူ့ကိုတစ်နေရာမှာ ခဏထားပြီးသွားတောင်းမှ စားစရာရ၏။ သူ (၇)နှစ်သားအရွယ်တွင် သူ့မိခင်သည်ကား သူ့ဒဏ်ကိုဆက်လက်မခံနိုင်တော့ဘဲ အိုးခြမ်းကွဲလေးတစ်ခုကို သူ့လက်ထဲထည့်ကာ ထွက်ပြေးရတော့၏။ လောသကတိဿသည် အိုးခြမ်းခွက်ကလေးကိုင်ကာ တစ်လမ်းဝင် တစ်လမ်းထွက် သာဝတ္ထိမြို့တစ်မြို့လုံး လှည့်လည်တောင်းရမ်းသော်လည်း စားစရာတစ်ဆုပ်ပင် ပေးမည့်သူမရှိ။ အိမ်ရှင်မများသည် ပန်ကန်းဆေးရေ အိုးဆေးရေများကို အိမ်ပေါက်ဝမှ လမ်းဘေးသို့ပက်ချသော်အခါ ရေမှပါလာသောထမင်းစေ့များသည် ဟိုတစ်စေ့ ဒီတစ်စေ့ပြန့်ကြဲနေတတ်၏။ သူသည် သဲလူးနေသော ထိုထမင်းလုံးများကို ကျီးတစ်ကောင်ကဲ့သို့ တစ်စေ့ချင်းကောက်၍စားရ၏။ 

       ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာနှင့်တွေ့ပြီး ရှင်သာမဏေ၀တ်ခွင့်ရခဲ့၏။ ထိုအခါ တစ်ဆင့်ရဟန်းဖြစ့်ပြီးနောက်ကလအတန်ကြာမှာပင် ကိလေသာအာသဝေါကုန်ခမ်းသောရဟန္တာအဖြစ်သို့ရောက်သော်လည်း ၀ဋ်ကြွေးကားမကုန်ခန်းသေးပေ။ အဘယ်ကြောင့်ဆိုသော် ရဟန္တာဖြစ်သည်အထိတိုင်အောင် ဆွမ်းတစ်နပ်မှ ၀အောင်မစားရခြင်းဖြစ်သည်။
         သူ၏အကုသိုလ်ကံကြီးမားပုံကား သူဆွမ်းခံကြွ၍ ဆွမ်းလောင်းမည့်သူရှေ့ရောက်သွားလျှင် လောင်းရန်ပြင်ဆင်သည့်ဆွမ်းအုပ်ထဲမှဆွမ်းများသည် အလိုလိုပျောက်သွားတတ်၏။ ထို့ကြောင့် အလှူရှင်ကတကယ်မရှိတော့ဘူးထင်၍ ကန်တော့ဆွမ်းသာလောင်းတော့၏။ တခါတရံတွင်ကား ဆွမ်းလောင်းမည့်သူရှေ့ရောက်၍သပိတ်ကိုဖွင့်လိုက်လျှင် သူ့သပိတ်ထဲတွင် လောင်းစရာမရှိတော့လောက်အောင် ဆွမ်းများပြည့်လျှံနေသည်ကို လောင်းမည့်သူ၏မျက်စေ့ထဲတွင်မြင်ကာ မလောင်းတော့ဘဲ ဆွမ်းအုပ်ကို ပြန်ချလိုက်တော့၏။ ဣဿာမစ္ဆရိယဆိုးကျိုးများတည်း။

          အာဟာရမပြည့်ဝသော လောသကတိဿမထေရ်သည် အသက်ငယ်ငယ်နှင့်ပင် ပရိနိဗ္ဗာန်ဝင်စံရမည့်နေ့သို့ရောက်လာ၏။ အရှင်သာရိပုတ္တရာသည် တပည့်ဖြစ်သူ၏၀ဋ်ကြွေးကို နားလည်၏။ တစ်ကြိမ်တစ်ခါမှ ဆွမ်းမ၀သည်ကိုလည်းသိ၏။ ထိုကြောင့် ပရိနိဗ္ဗာန်စံမည့်နေ့တွင်ကား ဆွမ်းတစ်နပ်ကို ၀၀လင်လင်ဘုဉ်းပေးသွားစေချင်၏။ ထို့ကြောင့် အရှင်ကိုယ်တော်မြတ်ကိုယ်တိုင်ဦးဆောင်ပြိး လောသကတိဿမထေရ်ကိုခေါ်ကာ နှစ်ပါးအတူဆွမ်းခံကြွ၏။ ဣဿာမစ္ဆရိယမီးသည် အရှင်သာရိပုတ္တရာကိုပါလောင်၏။ ထိုနေ့မှ ဆွမ်းလောင်းနေကြဆွမ်းရှင်များပင် တစ်ဦးမှလောင်းဖော်မရတော့ပေ။

         အရှင်သာရိပုတ္တရာသည် အိမ်ခြေအတော်ဆွမ်းရပ်ပြီးသည်အထိ ဆွမ်းမရသောအခါ လောသကတိဿမထေရ်ကို ကျောင်းပြန်လွှတ်ကာ တစ်ပါးတည်းဆွမ်းခံကြွရတော့၏။ ထိုအခါမှ အိမ်အားလုံးသည် အရင်အတိုင်းဆွမ်းပြန်လောင်း၏။ ဒကာ ဒကာမများက အိမ်မှာပင် ဆွမ်းဘုဉ်းပေးရန်လျှောက်ထားကြ၏။ အရှင်သာရိပုတ္တရာက တပည့်ရဟန်းတစ်ပါးရှိကြောင်းပြောကြားသောအခါ အိမ်မှာလည်းဘုဉ်းပေးပါ။ ကျောင်းမှရဟန်းအတွက်လည်းပို့ပေးပါမည်ဟု တာဝန်ယူသဖြင့်လိုက်လျောလိုက်လေသည်။ ခဲဘွယ်ဘောဇဉ်များအပြည့်အစုံထည့်ကာ လောသကတိဿမထေရ်ထံအမြန်ပို့စေ၏။ သို့သောဒကာများသည် လမ်းခုလတ်သို့ရောက်လျှင် လောသကတိဿမထေရ်ကိုမေ့သွားကာ ခဲဘွယ်ဘောဇဉ်များကို စားပစ်လိုက်ကြ၏။ လောသကတိဿမထေရ်၏ အကုသိုလ်ကြောင့် မေ့လျော့ခြင်း ဖြစ်သည်။

         အရှင်သာရိပုတ္တရာကျောင်းပြန်ရောက်သောအခါ လောသကတိဿအထေရ်ကိုရှာကြည့်ရာ ဆွမ်းစားကျောင်းထဲတွင် အရှင်သာရိပုတ္တရာမှာလိုက်သည့်အတိုင်း ငုတ်တုတ်လေးထိုင်စောင့်နေသည်ကိုသာ သနားစဖွယ်တွေ့ရ၏။ အရှင်သာရိပုတ္တရာသည် အနားသို့သွားကာ – “တပည့်လောသကတိဿ ဆွမ်းဘုဉ်းပေးပြီးပြီလော။”  “မဘုဉ်းပေးရသေးပါဘူရား။”  အိုဖြစ်မှ ဖြစ်ရလေ။ ပို့ခိုင်းလိုက်တဲ့သူတွေ ကျောင်းကိုရောက်လာဟန်မတူဘူးဟု တွေးပြီး နေကို ကမန်းကတန်းမော့ကြည့်လိုက်ရာ မွန်းလွဲသွားလေသည်။ လောသကတိဿမထေရ်ကား မကြာမီအချိန်မှာပင် ပရိနိဗ္ဗာန်စံဝင်ရတော့မည်။ ဆွမ်း၀၀လင်လင်ဘုဉ်းပေးရဖို့ နေ-နေသာသာ စားပင်မစားရတော့။ “တပည့်လောသကတိဿ ခဏစောင့်လော့ ငါယခုပင်ပြန်လာမည်။”

       အရှင်သာရိပုတ္တရာသည် သင်္ကန်းရုံ သပိတ်ပိုက်ပြီး နောက်တစ်ကြိမ်အလှူခံကြွရပြန်၏။ ဒီအခါကား အရပ်ထဲမကြွတော့ ကောသလမင်းကြီးနန်းတော်ထဲဝင် ရပ်ရတော့၏။ ကောသလမင်းကြီးသည် အရှင်သာရိပုတ္တရာကို ဖူးတွေ့ရသည်နှင့် သဒ္ဓါဖြစ်ကာ ဆွမ်းချိန်မဟုတ်သောကြောင့် စတုမဓူများကို သပိတ်အပြည့်လောင်းလှူလိုက်၏။ 

          အရှင်သာ၇ိပုတ္တရာသည် ကျောင်းသို့မြန်မြန်ကြွကာ လောသကတိဿမထေရ်ထံ ရှေးရှုသွား၏။ အနားရောက်သည်နှင့် “လောသကတိဿ သင်၏၀ဋ်ကြွေးကားကြီးမားလှ၏။ သပိတ်ကို သင့်လက်ထဲထည့်လိုက်လျှင် စတုမဓူများပျောက်ချင်ပျောက်သွားနိုင်သည်။ ထို့ကြောင့် ငါက သပိတ်ကိုပိုက်ထားမည်။ သင်အလိုရှိသလောက်ယူ၍ ဘုန်းပေးလေ” ဟုပြောကာ နောက်ဆုံးကျွေးမွေးတော်မူ၏။ 

          လောသကတိဿမထေရ်သည် ရဟန္တာဖြစ်သည့်ဘ၀မှာပင် ထိုတစ်ကြိမ်သာ ၀၀လင်လင်ဘုဉ်းပေးပြီး ပရိနိဗ္ဗာန်ဝင်စံခဲ့ရ၏။

 

အညွှန်း- အတွင်းရန်သူစာအုပ်၊ မျက်ရည်မကျခင် သိစေချင်စာအုပ်၊ ဘ၀နှင့်ရင်းရသော အတွေးအမြင်များ ၂။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s