အသေမြတ်ချင် သေနည်းသင်

ဗုဒ္ဓက –

အထခေါ ပရိမောဏေသု စက္က၀ါဠေသု တီသုဘဝေသု အမရဏဓမ္မောနာမ နတ္ထိ၊

တဗ္ဘာဝေနေ၀ ဌာတုံသမတ္ထော ဧကသင်္ခါရောပိ သဿတောနမ နတ္ထိ”

အထခေါ               စင်စစ်သော်ကား
ပရိမောဏေသု        အတိုင်းအရှည် မရှိကုန်သော
စက္က၀ါဠေသု           စကြာဝဠာတို့၌
တီသုဘဝေသု         ဘ၀သုံးပါးတို့၌
အမရဏဓမ္မောနာမ   မသေသောတရားမည်သည်ကား
နတ္ထိ၊                   မရှိ။

တဗ္ဘာဝေနေ၀          ထိုမြင်ရသော သူ့သဘောဖြင့်ပင်လျင်
ဌာတုံ                   အမြဲတည်စေခြင်းငှာ
သမတ္ထော              စွမ်းနိုင်သော
ဧကသင်္ခါရောပိ        တစ်ပါးသော သင်္ခရတရားမျှလည်း
သဿတောနမ        ခိုင်မြဲသောသဘောမည်သည်
နတ္ထိ                    မရှိ။

သူ့သဘောနှင့် သူ မပျက်မစီးအမြဲတည်နေတဲ့ သင်္ခရတရားဆိုတာဘာလဲ။ တစ်ခုမှ မရှိပါဘူး။

“သဗ္ဗေသင်္ခါရာဘိဇ္ဇနဓမ္မာ – သင်္ခါရတရားအားလုံး ပျက်စီးရတဲ့သဘောရှိတယ်။ ဒီသေဆုံးပျက်စီးရတာကလည်း မိမိတစ်ဦးတည်းကြုံရတာ မဟုတ်ဘူး။ သတ္တ၀ါမှန်သမျှ ကြုံနေရတာပါပဲ” ဟု ဗုဒ္ဓက ဟောကြားခဲ့လေသည်။

 

ပထမအင်္ဂပူသာသနာပိုင်ဆရာတော်ဘုရားကြီး”ပုခက်နှင့်ဝေးသမျှ

မဝေးလှ သုသာန်၊

ပြေးမရ ဆုတ်ခံတယ်၊

လုပ်ကြံလို့လွတ်ပဲ၊

ပဋိစ္စသမုပ္ပန်ကို၊

သမ္ဗုဒ္ဓံဟောမြွက်ကပဲ၊ ဇာတိဟုရှိပါလျှင်၊ စုတိမှာမလွှဲ၊

ပုဒိအာတုမရဲသော်မှ၊ အမှုတွဲပါဝင်၊

မယ်မာယာတစ်သာကီတွင်မှ၊ သူ့ဇာတိစခဲ့သည်ပင်၊

အသီတိရှစ်ဆယ်ဝင်သော်၊

ခေတ်နယ်တွင်ဇာတ်သိမ်းလို့၊

ချုပ်ငြိမ်းတဲ့ပြည်မလ္လာ၊ စုတိနှင့်သာ၊

တို့များဖြင့် မသေပါပြီ၊

ကေတထာရှိဘူးဗျလေး။”
 

“လူသားမှန်သမျှ ပုခက်နှင့်ဝေးပြီး အသက်ကြီးလာသည်နှင့်အမျှ သုဿာန်နှင့်ကား နီးသထက်နီးလာခဲ့ရလေပြီ။ သေခြင်းတရားကို မည်သည့်စစ်တပ်နှင့်စုပြီး ခံသော်လည်း လွတ်ဖို့ရာမရှိပါချေ။ ထို့ကြောင့်လည်း ရှင်တော်ဗုဒ္ဓက ပဋိစ္စသမုပ္ပါဒ်တွင် ဇာတိဟူသော ပဋိသန္ဓေနေခြင်း ၉ဖြစ်ခြင်း) ရှိခဲ့လျှင် စုတိဟူသော သေခြင်း (ပျက်ခြင်း) ဖြစ်ရမည်မှာမလွဲဟု ဟောခဲ့ခြင်း ဖြစ်ပေသည်။

သာမန်ပုထုဇဉ်၊ အရိယာ၊ ပစ္စေကဗုဒ္ဓါတို့ကို အသာထား၍ ပုဗ္ဗေနိဝါဿာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသ၀က္ခယဉာဏ် ပိုင်ရှင်ဖြစ်တော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသော်မှ မယ်မာယာ၏၀မ်းတွင် ဇာတိနှင့်စခဲ့ရသဖြင့် မလ္လာမင်းတို့၏ ဥယျာဉ်တွင် သက်တော်ရှစ်ဆယ်၌ စုတိဖြင့် ချုပ်ငြိမ်းခဲ့ရလေပြီ။ သို့အတွက် တို့များတစ်တွေမှာဖြင့် မသေဘူးရယ်လို့ ဘယ်လိုကျမ်းမှာမှ ရှိလိမ့်မည် မဟုတ်ဟု ဆိုလိုပေသည်။”

သတ္တ၀ါတစ်ခုရယ်လို့ဖြစ်လာခဲ့ရင် ငယ်သည်၊ ကြီးသည်မဟူ မိုးထိအောင်မြင့်မားပြီး အရပ်လေးမျက်နှာ အပြည့်ရှိနေသည့် ကျောက်တောင်ကြီးလေးလုံး၏အကြိတ်အချေကို နေ့စဉ်နှင့်အမျှ ခံနေကြရပေသည်။ ၎င်းကျောက်တောင်လေးလုံးကား

– ဇာတိဟူသော ပဋိသန္ဓေနေခြင်း ကျောက်တောင်၊

– ဇရာဟူသော အိုခြင်းကျောက်တောင်၊

– ဗျာဓိဟူသော နာခြင်းကျောက်တောင်၊

– မရဏ ဟူသော သေခြင်းကျောက်တောင်။

ဇာတိဟူသော ကျောက်တောင်ကတော့ ကြိတ်ချေလို့ပြီးသွားခဲ့ပြီ။

ဇာရာဟူသော ကျောက်တောင်ကတော့ နေ့စဉ်ကြိတ်ချေလျက်ပင်။

ဗျာဓိနှင့် မရဏကျောက်တောင်တို့ကတော့ ကြိတ်ချေရန် အသင့်စောင့်လျက်နေကြလေပြီ။

 

ရာထူး၊ အာဏာ၊ ပါဝါ၊ ဥစ္စာ မည်မျှကြီးမားများပြားစေကာမူ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဟူသော ကျောက်တောင်တို့၏ကြိတ်ချေခြင်းဘေးမှကား မည်သူမှတားဆီးခြင်းငှာ မစွမ်းနိုင်ပင်။

ပျိုသော၊ လတ်သော၊ ကြီးသော မခွဲခြား၊ မရဏဟူသော ကျောက်တောင်ကား အခွင့်သင့်လျှင်သင့်သလို ကြိတ်ချေမည်သာဖြစ်ပေသည်။

 

လူမသေဘူးသော နေရာ မရှိ

ဗုဒ္ဓလက်ထက်က ရာဇာဂြိုဟ်မြို့ ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားတစ်ယောက်ဟာ သူသေရင် လူတွေမမြှုပ်ဘူးတဲ့ နေရာမှာ မြှုပ်ပါလို့ သူ့သားကိုမှာသတဲ့။ သားကလည်း အဖေ လူသေမမြှုပ်ဘူးတဲ့နေရာဆိုတာ အင်မတန်ရှားလှပါတယ်။ ဒါ့ကြောင့် အဖေကိုယ်တိုင်ရှာဖွေပြထားခဲ့ပါလို့ ပြောလေသည်။ ဒါနဲ့ ပုဏ္ဏားကြီးဟာ ၀ိဇ္ဈကုဋ်တောင်ပေါ်တက်ပြိးတောင်စောင်းလေးတစ်နေရာကို သဘောကျပြီး ဒီနေရာလေးမှာ ဘယ်လူသေမှမမြှုပ်ဘူးလောက်သေးဘူး။ ဒါ့ကြောင့် ငါ့ကို ဒီမှာပဲ မြှုပ်ပါလို့ သားကို ပြောပြီး တောင်အောက်ကိုဆင်းလာသည်။

ထိုအခါ ဗုဒ္ဓက ဂါထာတစ်ထာပြောလိုက်တာနဲ့ ပုဏ္ဏားကြီးဟာ သောတာပန်ဖြစ်မယ်လို့ မြင်တော်မူတဲ့အတွက် ကြွလာတော်မူခြင်းဖြစ်ပေသည်။

ဗုဒ္ဓ – ဥပသာလက ၀ိဇ္ဈကုဋ်တောင်ပေါ်ကို အဘယ်ကြောင့်တက်လာရသနည်း။

ပုဏ္ဏား – မှန်ပါ။ လူသေမမြှုပ်ဘူးတဲ့နေရာကိုရှာဖို့အတွက် တက်ရောက်ရခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓ – ဒါဆိုရင် တွေခဲ့ရဲ့လား။

ပုဏ္ဏား – မှန်ပါ.။ တွေ့ခဲ့ပါတယ်။

ဗုဒ္ဓ – ဒါဆိုရင် အဲ့ဒီနေရာကို ငါဘုရားကို လိုက်ပြပါ။

ဥပသာလက ရွေးထားတဲ့နေရာကို ညွှန်ပြလိုက်သောအခါ ဗုဒ္ဓက –

ဥပသာလကနာမာနိ၊

သဟဿာနိစတုဒ္ဒသ၊

အသ္မိဲပဒေသေဒဍ္ဎုာနိ

နတ္ထိလောကေအနာမတံ။

အဓိပ္ပါယ်ကား – သင် အခု ညွှန်ပြသောနေရာမှာ ဥပသာလကအလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တို့သည် မြှုပ်နှံရပြီးပြီ။ ဒီကမ္ဘာကြီးနေရာအနှံ့မှာ လူသေကောင်ပုပ် မမြှုပ်ဘူးသောနေရာသည် တစ်နေရာမှမရှိဘူး။ လို့ဟောတော်မူကြီး ပုဏ္ဏားကြီးသည်လည်း ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာပြုတ်ပြီး သောတာပန်တည်သွားခဲ့လေသည်။

ဗုဒ္ဓက –

“မရဏကောဥတ္တရိ ဒုက္ခံနာမ နတ္တိ”

သေရခြင်းထက် ပိုလွန်သော ဆင်းရဲမည်သည်မရှိ။

 

“ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ” – ပုထုဇဉ်တို့ မသိနိုင်သော အရာငါးမျိုး
 
ဇီဝိတံ               ဘယ်အသက်အရွယ်မှာ သေမည်ဟု မသိနိုင်၊

ဗျာဓိ                 ဘယ်အနာရောဂါနှင့် သေမည်ဟု မသိနိုင်၊

ကာလေ             နံနက်၊ နေ့လည်၊ ည ဘယ်ကာလမှာ သေမည်ဟု မသိနိုင်၊

ဒေဟနိက္ခေပန     ဘယ်သင်္ချိုင်းမှာ ချမည်ဟု မသိနိုင်၊

ဂတ                  ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဘယ်ဘုံရောက်မည်ဟု မသိနိုင်။

 

“ကွင်းသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ သေခြင်းတရား” သည် ရုတ်တရက် ဆိုက်ရောက်လာနိုင်သည် ဟူ၍ ၎င်း၊

“မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ၊”  ( “ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။ ငါ့အား အသက်ရှင်ခြင်းသည် အမြဲမရှိ။” )  ဟူ၍ ဟောကြားခဲ့ပေသည်။
 
 

“ကွင်းသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ သေခြင်းတရား” ရောက်လာနိုင်တယ်လို့ ဗုဒ္ဓ ဟောကြားတာက သေခြင်းလေးမျိုးကို ရည်ရွယ်ပြီး ဟောထားခြင်း ဖြစ်ပါတယ်။

သေခြင်း (၄) မျိုး က –

၁) အာယုက္ခယ  =   သက်တမ်းကုန်လို့လည်း သေနိုင်တယ်။

၂) ကမ္မက္ခယ     =   ကုသိုလ်ကံ ကုန်လို့လည်း သေနိုင်တယ်။

၃) ဥဘယက္ခယ  =  အသက်ကံနှစ်ပါးလုံး ကုန်လို့လည်း သေနိုင်တယ်။

၎) ဥပစ္ဆေဒက    = သူတစ်ပါးက သတ်ဖြတ်ခြင်း၊ ကားတိုက်ခြင်း၊ ရေနစ်ခြင်းစသော ကပ်ပြီးဖြစ်တတ်တဲ့ အကုသိုလ်ကံကြောင့်လည်း သေနိုင်တယ်။

 

သန်းပြိတ္တာဖြစ်ရသော ရဟန်း

ဗုဒ္ဓလက်ထက်က တိဿအမည်ရှိ မထေရ်ကြီးတစ်ပါးသည် တူမလှူထားသော သင်္ကန်းမှာ အလွန်ကောင်းသဖြင့် သတ္တာထဲထည့်ပြီးသိမ်းထားလေသည်။ ထိုညမှာပင် လေနာရောဂါဖြင့် ပျံလွန်တော်မူလေသည်။ သင်္ကန်းကိုစွဲသောကြောင့် ထိုသင်္ကန်းမှာပင် သန်းပြိတ္တာဖြစ်နေလေသည်။ အကြောင်းရင်းကား –

ဥစ္စာစုကို မဆိုထားလွတ်၊ ကိုယ်ဝတ်ခြုံနွမ်း

ပုဆိုးနွမ်းက၊ လောဘဤဟိတ်၊ ငဲ့သည့်စိတ်ကြောင့်

ဘုတ်ပြိတ်သန်းပြ၊ ဖြစ်ကုန်ကြ၏။

ထိုသင်္ကန်းကို ရဟန်းများအား ပြန်ဝေငှာနေချိန်တွင် သန်းပြိတ္တာကြီးက ငါ့သင်္ကန်းကို မယူကြနဲ့၊ ငါ့သင်္ကန်းကို မယူကြနဲ့၊ ဟု အော်ရာ ဘုရားရှင်ကြားသိတော်မူတော်ကြောင့် သင်္ကန်းကိုလှူရန် ခုနစ်ရက်ဆိုင်းငံထားပြီး ခုနှစ်ရက်ကျော်မှ မျှဝေရန် တားမြစ်တော်မူလေသည်။ အဘယ်ကြောင့်ဆိုသော် သန်းပြိတ္တာကြီးအနေဖြင့် အလှူခံရဟန်းအပေါ် အာဃာတရန်ငြိုးဖွဲ့လိုက်လျှင် အပြစ်ကြီးလေးပြီး သန်းပြိတ္တာဘ၀တွင် ကြာမြင့်နေမှာ စိုးသောကြောင့် ဖြစ်သည်။ (၇)ရက် ပြည့်သောအခါ ရဟန်းမှာလည်း သန်းပြိတ္တာဘ၀မှ လွတ်မြောက်သွားလေသည်။

 

“အတ္တာဟိ အတ္တနော နာထော” – မိမိကိုယ်သာလျှင် မိမိကိုးကွယ်အားထားရာဟူသော ဒေသနာတော်၏ တိကျမှန်ကန်မှုကို အသက်ရှင်နေထိုင်စဉ်ကထက်  
                                        သေခါနီး အချိန်တွင် ပို၍ သိလာနိုင်သည်။
 
 

မန်လည်ဆရာတော်ကြီး
 
 “မဃဒေ၀” တွင် –
“ရေဘေးမီးဘေး၊ ပြည်ပျက်ဘေးကား၊

ဆယ်ရေးတစ်ရေး၊ ကယ်နိုင်သေး၏။

အိုဘေးနာဘေး သေခြင်းဘေး ဟု၊

ဤဘေးသုံးပါး၊ လွန်ကြီးမားက၊

သားနှင့်အမိ၊ ဖြစ်တုံဘိလည်း၊

မျက်စိအောက်တွင်၊ ရင်ခွင်တင်လျှက်၊

သက်ပင်ရေးပိုင်၊ မကယ်နိုင်ဘူး၊

လက်မှိုင်ချကာ၊ နေရစွာရှင့်”  ဟု စပ်ဆိုတော်မူခဲ့ပါသည်။

သေခြင်းတရားကို မပြင်ဆင်ထားသူမှာ သေဘေးနှင့်ကြုံတွေ့ရတဲ့အခါ သေခြင်းတရားကို ကြောက်ရွံ့ထိတ်လန့်သော ဒေါသစိတ်ဖြင့် သေရတတ်ပါသည်။ ဒေါသစိတ်ဖြင့်သာ သေခဲ့ပါက ငရဲသို့ ကျရောက်လေသည်။

 

“သေနည်းပြင်ဆင်နည်း”

၁) မရဏနုဿတိ ဘာဝနာ (မိမိ၏သေခြင်းတရားကို အဖန်ဖန်အမှတ်ရခြင်းဟု အဓိပ္ပါယ်ရပါသည်) ကို သတိရတိုင်းပွားပါ။
 
ပွားများနည်းမှာ –

 – ငါသည် သေရတော့မည်။ အချိန်ပိုင်းသာ လိုတော့သည်ဟူ၍ လည်းကောင်း၊

 – ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။ ငါ့အားအသက်ရှင်၍ နေရခြင်းသည် အမြဲမရှိဟူ၍ လည်းကောင်း၊

 – ငါသည် တစ်ရက်ကုန်သည်နှင့် သေဖို့ရာ တစ်ရက်နီးသွားပါပေါ့လား ဟူ၍ လည်းကောင်း၊

 – အသုဘရုပ်အလုပ်များကို မြင်သောအခါ၌ ငါသည်ဤသူကဲ့သို့ တစ်နေ့တွင်ဧကန်မုချသေဆုံးရမှာပါလား ဟူ၍လည်းကောင်း၊

 “မရဏံ  မေ ဓုဝံ ၊ ဇီဝိတံ မေ အဓုဝံ။”

  မေ – ငါ့အား၊ မရဏံ – သေရခြင်း သဘောသည်၊ ဓုဝံ – အမြဲရှိ၏၊ ဇီဝိတံ – အသက်ရှင်၍ နေရခြင်းသဘောသည်၊ အဓုဝံ – အမြဲမရှိ။

 “ငါ့အား သေရခြင်း သဘောသည် အမြဲရှိ၏။

  ငါ့အား အသက်ရှင်၍ နေရခြင်း သဘောသည် အမြဲမရှိ။”

 

ပွားများခြင်း၏ အကျိုးများမှာ –

– သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲခြင်း၊

– ကုသိုလ်တရားကို မြန်မြန်ပြုလုပ်ဖြစ်ခြင်း၊

– အကုသိုလ်အလုပ်များကို ရှောင်ရှားနိုင်ခြင်း

– နတ်ရွာသုဂတိကို အလွယ်တကူရောက်နိုင်ခြင်း တို့ပင်တည်း။

၂) လောဘ၊ ဒေါသ၊ မောဟ၏ ဆိုးကျိုးအပြစ်များကို သိအောင်ကြိုးစား၍ မိမိသန္တာန်မှာ အဖြစ်နည်းအောင် အားထုတ်ပါ။

၃) ဒါန၊ သီလ၊ ဘာဝနာ ဘယ်အရာနှင့်သေမည်ကို ဆုံးဖြတ်ပြီး ကြိုတင်လေ့ကျင့်ပါ။ သေခါနီးအချိန်တွင် မိမိပြုလုပ်ထားသော ကုသိုလ်များကို အာရုံပြု ပွားများရန်သာ ဖြစ်ပေသည်။

 

မျက်ရည်မကျသော ပုဏ္ဏား

ဥရဂဇာတ်မှာ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း စိုးမိုးအုပ်ချုပ်နေတဲ့အချိန်မှာ မြို့တံခါးအနီးမှာ ပုဏ္ဏားမိသားစု ခြောက်ယောက် – ပုဏ္ဏာကြီး၊ ပုဏ္ဏားကြီးမ၊ သား၊ ချွေးမ၊ သမီး နှင့် ကျွန်မလေးရယ် နေထိုင်ကြတယ်။ ပုဏ္ဏားကြီးက မရဏာနုဿတိဘာဝနာကို သူကိုယ်တိုင်လည်း ပွားများသလို မိသားစုအားလုံးကိုလည်း ပွားများခိုင်းထားတယ်။

ဒီလိုနှစ်ကြာလာတော့ တစ်နေ့မှာ -သားအဖနှစ်ယောက် လယ်ထဲက အမှိုက်စတွေကိုစုပြီး မီးရှို့တော့ ထွက်လာတဲ့မီးခိုးတွေက တောင်ပို့ထဲမှာနေ နေတဲ့ မြွေဟောက်ဆီကို လေသင့်တော့ ၀င်ကုန်တာပေါ့။ မြွေဟောက်ကလည်း ဒေါသဖြစ်ပြီး ငါ့ကိုမီးခိုးမွန်အောင်လုပ်တဲ့လူ သေပေတော့ ဆိုပြီး တောင်ပို့ကထွက်လာပြီး ပုဏ္ဏားကြီးရဲ့သားခြေထောက်ကိုပေါက်လိုက်တယ်။ အဆိပ်ပြင်းတဲ့အတွက်ကြောင့် တုံးခနဲလဲပြီး ချက်ချင်းသေသွားတယ်။

သားသေတာကို မြင်လိုက်တာနဲ့ ပုဏ္ဏားကြီးက သေခြင်းတရားရှိတဲ့အရာဟာ သေရတာပဲ။  ပျက်စီးခြင်းသဘောတရားရှိတဲ့အရာဟာ ပျက်စီးရတာပဲ။

“ငါ့အား သေရခြင်း သဘောသည် အမြဲရှိ၏။
 ငါ့အား အသက်ရှင်၍ နေရခြင်း သဘောသည် အမြဲမရှိ။” လို့ ပွားများရင်း သားအလောင်းကို သဂြိုဟ်ဖို့ ထင်းရှာပြီးချက်ချင်းပြင်ဆင်တယ်။ တစ်ချက်မှ မျက်နှာမညှိုးဘူး။ ပြင်ဆင်ပြီးတာနဲ့ အိမ်ဘက်သွားမယ့်လူကြုံတစ်ယောက်ကို  ပုဏ္ဏားမကြီးနဲ့ မိသားစုအားလုံး ပန်းနံ့သာလက်ဆွဲပြီး လယ်ထဲကိုလိုက်လာကြပါ။ ထမင်းကိုလည်း တစ်ယောက်စာသာထုပ်ခဲ့ပါ လို့ မှာလိုက်တယ်။

မှာစကားကိုကြားတဲ့ ပုဏ္ဏားမကြီးက အခုမှာလိုက်သူဟာ ပုဏ္ဏားကြီးလား၊ သားကြီးလား လို့မေးလိုက်တော့ လူကြုံက ပုဏ္ဏားကြီးပါလို့ဖြေလိုက်တော့ ပုဏ္ဏားမကြီးက ယနေ့ငါ့သားတော့ ဆုံးရှာပြီး ဆိုပြီး မိသားစုအားလုံးကို အကြောင်းကြားပြီး မီးသဂြိုဟ်ဖို့ထွက်လာခဲ့ကြတယ်။ လယ်ထဲရောက်တော့ အလောင်းဘေးမှာ ၀ိုင်းထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ မရဏာနုဿတိဘာဝနာပွားများပြီး မီးသဂြိုဟ်ကြတယ်။ ရုပ်ပျက်ဆင်းပျက်အော်ဟစ်ငိုဖို့ နေနေသာသာမျက်ရည်တောင် မလည်ကြပါဘူးတဲ့။

သူတို့ရဲ့ မရဏာနုဿတိဘာဝနာတန်ခိုးကြောင့် သိကြားမင်းတောင် မနေနိုင်ဘဲ တာဝတိံသာကဆင်းလာပြီး ခရီးသွားယောင်ဆောင်ကာ ပုဏ္ဏားကြီးကို စမေးတယ်။

“အသင်ပုဏ္ဏားကြီးတို့ မိသားစု ဘာလုပ်နေကြတာပါလဲ။”

“လူသေအလောင်းကို မီးသဂြိုလ်နေတာပါ။”

“ကျွန်ုပ်ကတော့ လူသေမီးရှို့တယ်လို့ မထင်ဘူး။ သာေးကာင်တစ်ကောင်ကို မီးရှို့တယ်လို့ပဲ ထင်တယ်။”

“မဟုတ်ပါဘူး ခရီးသွားကြီး။ လူသေကောင်ကို မီးရှို့တာပါ။”

“လူသေဆိုရင်လည်း အဲဒီသေတဲ့သူဟာ သင်တို့ရဲ့ရန်သူဖြစ်မယ် ထင်ပါတယ်။”

“ရန်သူ မဟုတ်ပါဘူး။ ကျွန်ုပ်ရဲ့သားကြီးပါ။”

“သားဆိုရင်လည်း မုန်းစရာကောင်းတဲ့ သားဖြစ်မယ် ထင်ပါတယ်။”

“မဟုတ်ပါဘူး။ လိမ္မာပြီးချစ်စရာကောင်းတဲ့ သားတစ်ယောက်ပါ။”

“ဒါဆိုရင် ဖခင်ဖြစ်တဲ့သင်ဟာ ဘာဖြစ်လို့ မငိုတာလဲ။”

“မိတ်ဆွေ၊ မြွေဟာ အရေဟောင်းကိုစွန့်ပြီး လိုရာသွားသကဲ့သို့ ကျွန်ုပ်သားသည်လည်း ဘ၀ဟောင်းကိုစွန့်၍ ဘ၀သစ်သို့သွားခဲ့လေပြီ။ ရုပ်ကလာပ်သည် ဘာမျှအသုံးမကျတော့ပေ။ သေလွန်သွားသူအတွက် ငိုကြွေးလို့ ကျွန်ုပ်အတွက် ဘာအကျိုးရှိမှာလဲ။ ကျွန်ုပ်တို့က ငိုကြွေးနေသော်လည်း ဘ၀တစ်ပါးရောက်သွားသူက ဘာမှမသိတော့ပေ။ ဒါ့ကြောင့် မငိုကြွေးခြင်း ဖြစ်ပါတယ် မိတ်ဆွေ။”

“အင်း တော်ပါပေတယ်။ တော်ပါပေတယ်။” ဟုပြောကာ ပုဏ္ဏားမကြီးကို လှည့်မေးပြန်လေသည်။

“အစ်မကြီးနဲ့ ခုသေသွားသူဟာ ဘာတော်ပါသလဲ။”

“ကျွန်မ၀မ်းမှာ ဆယ်လလွယ်ပြီး မွေးခဲ့ရတဲ့ သားအရင်းပါ။”

“သားအရင်းသေတာတောင် မျက်ရည်တစ်စက်မကျတာ ဘယ်လိုကြောင့်ပါလဲ။”

“ခရီးသွားကြီး ကျွန်မသားဟာ ကျွန်မက မခေါ်ဘဲနဲ့ ဒီဘ၀ကို ရောက်လာတာပါ။ အခုလည်း ကျွန်မက မနှင်ဘဲ သူ့ဟာသု ဘ၀တစ်ပါးကို ပြန်သွားခဲ့ပါပြီ။ အဲဒီလို မခေါ်ဘဲနဲ့လား။ မနှင်ဘဲနဲ့ပြန်သွားသူတစ်ယောက်အတွက် ကျွန်မငိုနေလို့ ဘာမှအကျိုးမရှိပါဘူး” လို့ဖြေလိုက်တော့ သိကြားမင်းလည်း တအံ့တသြဖြစ်ပြီး သေသူရဲ့နှမကို မေးမြန်းပြန်တယ်။

 

“တူမ သေသူနဲ့ ဘာတော်ပါသလဲ။”

“မောင်နှမ တော်ပါတယ်။”

“ဒါဆိုရင် ကိုယ့်အစ်ကိုတစ်ယောက်သေတာ ဘာဖြစ်လို့ မငိုတာလဲ။”

“ဦးကြီး . သေသူအတွက် ငိုကြွေးပြီး မစားနိုင် မသောက်နိုင်ဖြစ်ရင် ပိန်လှီပြီး ရောဂါရတာပဲ ရှိမှာပေါ့။ သေသူအတွက်ရော ငိုသူအတွက်ရော ဘာမှအကျိုးမရှိပါဘူး။ ကျွန်မနဲ့စပ်ဆိုင်သမျှ ဆွေမျိုးသားချင်းတွေက ကျွန်မငိုကြွေးတာကြည့်ပြီး စိတ်ဆင်းရဲတာပဲရှိမှာပါ။ ဒါ့ကြောင့် မငိုကြွေးခြင်း ဖြစ်ပါတယ်။

သိကြားမင်းက အံ့သြပြီးရင် အံ့သြပြီး သေသူရဲ့မယားဘက်လှည့်ပြီး –

“ဒီဘက်က တူမက သေသူနဲ့ရော ဘာတော်ပါသလဲ။”

“ကျွန်မကို လုပ်ကိုင်ကျွေးမွေးနေတဲ့ခင်ပွန်းဖြစ်ပါတယ်။”

“ကိုယ်ခင်ပွန်း လင်သားတစ်ယောက်သေတာတောင် ဘာကြောင့် မငိုကြွေးတာလဲ။”

ကောင်းကင်က လမင်းကိုယူပေးဖို့ပြောပြီး ငိုကြွေးတဲ့ကလေးရယ်။ သေသူကို အာရုံပြုပြီး ငိုကြွေးတဲ့သူရယ်ဟာ အတူတူပါပဲ။ ဘာမှအကျိုးမရှိပါဘူး။ ဒါ့ကြောင့် မငိုကြွေးခြင်း ဖြစ်ပါတယ်။”

 

“ဒီဘက်ကတူမက သေသူနဲ့ ဘာတော်ပါသလဲ။”

“သေသူဟာ ကျွန်မရဲ့သခင်တစ်ယောက်ဖြစ်ပါတယ်။”

“သခင်တစ်ယောက် သေတာကို ဘာကြောင့် မငိုကြွေးရတာလဲ။ အသင့်အပေါ်မှာ နှိပ်စက်ကလူပြုခဲ့တဲ့သူ ဖြစ်နေလို့များလား။”

အမှုလုပ်တွေအပေါ် မေတ္တာ ကရုဏာနဲ့စောင့်ရှောက်သူတစ်ယောက် ဖြစ်ပါတယ်။ မငိုကျွေးရတာကတော့ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့အိုးဟာ ဘယ်လိုမှအကောင်းပြန်မဖြစ်တော့သလို သေသူအတွက် ငိုကျွေးနေလို့လည်း အသက်ပြန်ရှင်နိုင်တော့တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အပိုအလုပ်ဖြစ်တဲ့ ငိုကြွေးခြင်းအလုပ်ကို မလုပ်တာဖြစ်ပါတယ်။”

အဲဒီမှာ သိကြားမင်းက “သာဓုသုံးကြိမ်ခေါ်ပြီး သင်တို့ရထားတဲ့တရားကို နားထောင်ချင်လို့ လာခဲ့ခြင်းဖြစ်ပါတယ်။ ငါဟာ နတ်တို့ရဲ့အရှင် သိကြားမင်းပါ။ သင်တို့သားဟာလည်း နတ်ပြည်ကိုရောက်နေခဲ့ပါပြီ။ သင်တို့လည်း ယနေ့ကစပြီး ၀မ်းရေးအတွက် ဘာမှ မပူကြပါနဲ့တော့။ သင်တို့မိသားစုအတွက် တသက်စာရတနာများကို ပေးခဲ့ပါ့မယ်။ အကျိုးကြီးလှတဲ့ မရဏနုဿတိဘာဝနာကို ဆက်လက်ပွားများပြီး ဒါနလည်းပြုကြပါ၊ သီတင်းသီလလည်း ဆောက်တည်ကြပါ” လို့မှာကြာပြီး နတ်ပြည်ကို ပြန်သွားခဲ့ပါသည်။

 

အညွှန်း မိရိုးဖလာနှင့် တကယ့်ဗုဒ္ဓဘာသာဝင်၊ အသေမြတ်ချင် သေနည်းသင်စာအုပ် လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၁ နှင့် ၂ စာအုပ်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s