ခန္ဓာမှာအနှစ်ရှာ သီလပါ

ရှေးကနဦးအခါက လူအပေါင်းတို့သည် သက်ရှိသတ္တ၀ါတို့ကို မသတ်ဖြတ်ကြ။ အသားကိုလည်း မစားကြ။

ဥက္ကာကရာဇ်မင်း လက်ထက်မှစ၍ သတ်ဖြတ်စားသောက်လာခဲ့သည်မှာ ယနေ့လက်ထက်တိုင်ပင်။ တိရစ္ဆာန်တို့၏ အသားကိုစားသုံးသည့်အချိန်မှစ၍ လူ့လောကကြီးကို စောင့်ရှောက်ခဲ့ကြသော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့သည် ရှောင်လွှဲစွန့်ခွာသွားကြတော့သည်။ ထိုအခါမှစ၍ လူတို့အပေါ်ရောဂါဘေးဘယာ အမျိုးမျိုးအထွေထွေ ဖိစီးနှိပ်စက်လာတော့သည်။

                              (အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်)

 
တယောရောဂါ ပုရေအာသုံ၊
ဣစ္ဆာအန သနံဇရာ။
ပသုနဉ္စ သမာရမ္တာ
အဌန၀ုတိ အာဂမုံ။

လောက၌ အသားစားသူတို့မရှိမီက

၁) မိမိ၌မရှိသေးသော ဥစ္စာဓနကို လိုချင်တောင့်တခြင်း၊

၂) စားချိန်ကျလျှင် မစားရ၍ဆာလောင်ခြင်း၊

၃) အိုချိန်ကျ၍ အိုရခြင်းဟူသော အရာတို့သာ အနာရောဂါအဖြစ်ဖြင့် ရှိကြကုန်၏။

တိရစ္ဆာန်သတ္တ၀ါတို့ကို သတ်ဖြတ်စားသောက်ကြသောအခါမှပင် (၉၈)ပါးသော အနာရောဂါတို့သည် လူ့လောက၌ ပေါ်ပေါက်လာကုန်သည်။

          (သုတ္တနိပါတ်ပါဠိတော်၊ ဓမ္မိကသုတ်)

 

ကုသိုလ်အားလုံး၏ မိခင်

အာဒိသီလံ ပတိဌာစ

ကလျာဏဉ္စ မာတုကံပမုခံ သဗ္ဗဓမ္မာနံ

တသ္ဓာသီလံ ၀ိသောဓယေ။
          (ထေရဂါထာ ပါဠိတော်)

ကိုယ်နှုတ်ကို ထိန်းသိမ်းကြောင်း သီလတရားသည်

ကုသိုလ်အားလုံး၏ အဦးအစဖြစ်၏။

ကုသိုလ်အားလုံး၏ တည်ရာဖြစ်၏။

ကုသိုလ်အားလုံး၏ မိခင်လည်း ဖြစ်၏။

ကုသိုလ်အားလုံး၏ အကြီးအမှူးလည်း ဖြစ်၏။

ထိုကြောင့် ပညာရှိသည် ငါးပါးသီလကို စင်ကြယ်အောင် သုတ်သင်ရာ၏။
 

(၉၈) ပါးသော ရောဂါတို့ ပေါက်ပွားရာခန္ဓာကိုယ်၊ ကိုးပေါက်သော ဒွါရတို့မှ အပုပ်ရည်တို့ နေ့စဉ်စီးထွက်ရာ ခန္ဓာကိုယ်ထဲမှ အနှစ်သာရထုတ်ယူချင်လျှင် သီလစောင့်ရမည်။

 

သီလစောင့်ခြင်းဖြင့် အကျဉ်းချူပ် ရသော အကျိုး ငါးမျိုးမှာ

၁) သီလနှင့် ပြည့်စုံသောသူသည် မမေ့မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စအစုကို ရခြင်း

၂) ကောင်းသောကျော်စောသတင်း ပြန်နှံ့ခြင်း

၃) ပရိသတ်လေးပါးအလယ်သို့ မကြောက်မရွံ့ မျက်နှာမညှိုးငယ်ပဲ ချဉ်းကပ်နိုင်ခြင်း

၎) တွေဝေခြင်းမရှိပဲ သေရခြင်း (ပစ္စပ္ပုန်အကျိုး)

၅) သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ဖြစ်ရခြင်း (တမလွန်ကျိုး) အကျိုးများကို ရရှိနိုင်ပါသည်။

 

လူ့သိက္ခာ = လူတို့စောင့်ထိန်းရသော ငါးပါးသီလ

မည်မျှကြွယ်ဝချမ်းသာသော်လည်း သီလမရှိသောသူသည် သိက္ခာမရှိသော သူသာ ဖြစ်သည်။

သီလတော သုခိတာ = သီလရှိမှ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာမည်ဟု ဗုဒ္ဓက ဟောကြားထားသည်။

 

 
၁) ပါဏာတိပါတ သိက္ခာပုဒ်

ပါဏ= အသက်ကို

အတိပါတ = လျှင်မြန်စွာချခြင်း။
 

ပါဏာတိပါတ ကံ ထိုက်မထိုက် ဆုံးဖြတ်နိုင်ရန် အင်္ဂါငါးချက်

၁) သတ္တ၀ါတစ်ကောင်ကောင်ဖြစ်ခြင်း၊

၂) သတ္တ၀ါဟူသော အမှတ်သညာရှိခြင်၊း

၃) သေစေလိုသော စိတ်စေတနာရှိခြင်း၊

၎) သေဖို့ရန် ကိုယ် နှုတ် တစ်ခုခုဖြင့် လုံ့လပြုခြင်း၊

၅) သေသွားခြင်း တို့ ဖြစ်ပေသည်။

(ရောဂါဒဏ်ကို မချိမဆန့်ခံစာနေသော လူနာတစ်ယောက်ကို မကြည့်ရက်ပါဘူးဆိုပြီး မြန်မြန်သေစေထိုးပေးသော ဆရာဝန်ရော။ ထိုးခိုင်းသော လူနာရှင်ပါ ပါဏတိပါတကံထိုက်သည်။ အမှန်ကား သေဆေးထိုးသခိုက်တွင် သနားသောစိတ်ခေတ္တပျောက်သွားပြီး မြန်မြန်သေစေလိုသော သိမ်မွေ့လှသည့် ဒေါသစိတ်က ကာယကံရှင် သတိမထားလိုက်မိသောအချိန်ပင်ဖြစ်သည်။
ပါဏာတိပါတ လုပ်သင့်သော အခါနှင့် မလုပ်သင့်သောအခါ ဟု ခွဲထားရ၏။

မလုပ်သင့်သောအခါကား = အပျော်သဘောဖြင့် သူတစ်ပါးအသက်ကို မသတ်အပ်။ အစာအတွက် သူတစ်ပါးအသက်ကို မသတ်အပ်။

လုပ်သင့်သောအခါကား = မိမိ၏အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးသောအခါတွင် ဖြစ်၏။

သာကီဝင်မင်မျိုးတို့သည် ထိုခေတ်ထိုအချိန်က လေးအတတ်ကို အကျွမ်းကျင်ဆုံး ဖြစ်၏။ ၀ိဋဋူပခေါင်းဆောင်သောတပ်များသည် သူတို့ကို သတ်ရန်လာသောအခါ လေးနှင့် အဝေးမှသာ ပစ်သတ်လျှင် နိုင်မည်ဖြစ်သည်။ သို့သော် ပါဏာတိပါတ ကံထိုက်မည်စိုးသောကြောင့် ကြောက်လန့်အောင်သာ လည်ပင်ဘေး နားရွက်ဘေးတို့မှ ကပ်၍သာပစ်၏။ တကယ်မှန်အောင် မပစစ်သည်ကို သိသည်နှင့်  ၀ိဋဋူပတပ်သားများက အတင်းတက်ပြီး ခုတ်သတ်သောကြောင့် သာကီဝင်များ ကုန်လုနီးပါး အသတ်ခံကြရ၏။

ဘုရားလောင်းသည်လည်း နန္ဒိသေနအမတ်သည် အဿကဘုရင်နှင့်ဦးဆောင်ပြီး ကာလိင်္ဂမင်း၏ တပ်သားတို့ကို သတ်ဖြတ်ရသည်သာဖြစ်၏။

ဘုရားလောင်း ၀က်မင်းဖြစ်ခဲ့တုန်းကလည်း ၀က်တစ်ကောင်ကို နေ့စဉ်လာစားသော ကျားကို ထောင်ချောက်ဆင်ပြီး သတ်ခဲ့ရသည်။ ထိုသည်မှာ မိမိအတွက် အတ္တမဟုတ်။ အများအကျိုးအတွက် သတ်ခဲ့ရသည်သာ ဖြစ်၏။

ထိုသို့  ပါဏာတိပါတ ကံ ကျူးလွန်ခဲ့သော်လည်း အလွန်ဆုံး တိရစ္ဆာန်ဘုံကိုသို့သာ ဆွဲချနိုင်သည်။ သို့သော်လည်း အောက်ကျနောက်ကျတော့မဖြစ်။ ၀က်ဖြစ်လျှင် ၀က်မင်း။ သမင်ဖြစ်လျှင် သမင်မင်း စသည်သာ ဖြစ်သည်။ အတ္တအတွက်  ပါဏာတိပါတ ကံ ကျူးလွန်ခဲ့သော ငရဲထိ ဆွဲချနိုင်သည်။

ထိုသို့ အကုသိုလ်ကံ ကျူးလွန်သော်လည်း မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာကို မတားဆီးနိုင်ပေ။ ရေများရေနိုင် မီးများမီးနိုင် ဆိုသည့်အတိုင်း ကုသိုလ်များ အားကောင်းလျှင် အကုသိုလ်ကံသည် ခေါင်းမထောင်နိုင်ပေ။ သို့သော် ပဉ္စနိကကံ ငါးပါးဖြစ်သော (အမေသတ်သော်ကံ။ အဖေသတ်သောကံ၊ ရဟန္တာသတ်သော်ကံ၊ သံဃာသင်းခွဲသောကံ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်သောကံ သာမဟုတ်ခဲ့ပါနှင့်။)

ဥပမာအားဖြင့် ဒုဋ္ဌဂါမဏိမင်းကြီးသည် အမျိုးဘာသာ သာသနာအတွက် ကြေးကုလားပေါင်းနှစ်သိန်းခွဲကို သတ်ဖြတ်ခဲ့သည်။ သို့သော် သေသောအခါ တုသိတာနတ်ဘုံသို့ရောက်သည်။ အဘယ်ကြောင့်ဆိုသော် ဒုဋ္ဌဂါမဏိမင်းကြီးပြုခဲ့သော ဘုရားတည် ကျောင်းဆောက်စသော ကုသိုလ်ကံက အကုသိုလ်ကံကို လွှမ်းမိုးသွားခြင်းပင် ဖြစ်သည်။ အကယ်၍ သောတာပတ္တိမဂ်ကို ရပြီလျှင် အပယ်ဆွဲချမည့် အကုသိုလ်မှန်သမျှ အကုန်ပျောက်သွားပေသည်။

 

ပါဏာတိပါတ၏ ဆိုးကျိုးများ

ပါဏာတိပါတ်၊ သူ့အသက်သတ်က

ချို့တတ်အင်္ဂါ မွဲပြာရုပ်သွင် (ကိုယ်လက်အင်္ဂါချို့တဲ့တတ်ခြင်း၊ မဲပြာနေခြင်း။)

အားအင်ချို့ယွင်း လျှင်ခြင်းလည်းဝေး (အားအင်ချည့်နဲ့ခြင်း၊ လေးလံထိုင်းမိုင်းခြင်း။)

ဘေးကိုကြောက်တတ်၊ အသက်ခံရာ (အမြဲကြောက်နေရခြင်း၊ သူတစ်ပါးသတ်တာခံရခြင်း။)

အနာများလျက် ခြွေရံပျက်၍ (အနာရောဂါများခြင်း၊ အခြွေအရံပျက်ခြင်း)

အသတ်တိုလျ၊ ပြစ်များစွသည်။ (အသတ်တိုခြင်း)

ရှောင်ကအပြန် အကျိုးတည်း။ (ပါဏာတိပါတကံ ရှောင်ကြဉ်လျှင် ဆန့်ကျင်ဘက်ကောင်းကျိုးများ)

 


တပ်ကပ်နှင့် ဆုတ်ကပ်ဖြစ်ပေါ်မှု

မေတ္တာ၊ သီလမရှိမှုကြောင့် ဆုတ်ကပ်ဖြစ်ပြီး သီလရှိမှုကြောင့် တက်ကပ်ဖြစ်သည်။ ယခုသည် မရေမတွက်နိုင်အောင် အသက်ရှည်သော အင်္သချေယတန်းမှစ၍ ဆုတ်လာခဲ့ရာ (၇၅)နှစ်တန်းအချိန်သို့ ပင်ရောက်လာပေပြီ။

ရက်စက်သောလူသားတို့၏ သက်တမ်းကိုလည်း တဖြည်းဖြည်းဆုတ်ပေးနေရာ နောင်ဆိုလျှင် ဆယ်နှစ်တန်းထိ ဆုတ်မည်။ ထို ဆယ်နှစ်တန်းအချိန်သည်ကား လူသားတို့သည် တိရစ္ဆာန်တို့အပေါ်တင်ခဲ့သော သွေးကြွေးများကို အကျေအလည်ပေးဆပ်ရသောအခါဟုပင် ဆိုထိုက်၏။ ဆယ်နှစ်တန်းရောက်လျှင်လည်း လူသားများသည် တိရစ္ဆာန်များကိုသာမက လူအချင်းချင်းကိုပင် မသတ်ဖြတ်ရလျှင် မနေနိုင်အောင် ဖြစ်လာသည်။ ထိုအချိန်တွင် လူ့သန္တာန်တွင်  မိတ်ဆွေဆိုတာ မရှိတော့။ (ကြောက်စရာကောင်းစွ။)

ထို့ကြောင့် လူချင်းတွေ့လျှင် ဒေါသစိတ်ဖြင့် မြက်ပင်ကို ဆွဲနှုတ်လိုက်လျှင် လှံဖြစ်သွားသည်။ ငှက်ပျောဖက်လိုအရွက်ကို ဆွဲယူလိုက်လျှင် ဓားဖြစ်သွားသည်။ အဘယ်ကြောင့် ဓါး လှံ ဖြစ်ရခြင်းသည် အပူဓါတ် ဒေါသကို ထိန်းပေးမည့် အအေးဓါတ် မေတ္တာခမ်းသွားသောကြောင့်ပင် ဖြစ်သည်။ ထိုဓားလှံတို့ဖြင့် အချင်းချင်းထိုးခုတ်ရင်း သီလမရှိသောလူသားများအားလုံး သေဆုံးကြရသည်။ ထိုအချိန်ကျမှ လူမိုက်တို့ကိုကြောက်သဖြင့် တောထဲတွင် ပုန်းအောင်းနေသော သူတော်ကောင်းများ အပြင်ထွက်လာကြသည်။

သီလကင်းမဲ့မှုကြောင့် အသေဆိုးဖြင့် သေကြရသောလူများကိုကြည့်ကာ တရားပါရလာပြီး သီလကို ပိုစောင့်ကြသည်။ အချင်းချင်းမေတ္တာကရုဏာ ပိုထားလာကြသည်။

ထို့ကြောင့် ဆယ်နှစ်တန်းရှိမိဘကမွေးသော သားသမီးများသည် အနှစ် နှစ်ဆယ် သက်တမ်းရှည်ကြသည်။ နှစ်ဆယ်တန်းရှိ မိဘကမွေးသော သားသမီးများသည် အနှစ်လေးဆယ်သက်တမ်းရှည်ကြသည်။ ထို့သို့ သီလတန်ခိုးကြောင့်သက်တမ်းသည် ခေါက်ချိုးတက်လာလိုက်ရာ လူသားသည် နတ်ဗြဟ္မာတို့ထက် သကတ်မ်းရှည်သော အသင်္ချေယတန်းသို့ရောက်သွားသည်။
ထိုအသင်္ချေယတန်းတွင် အရိမေတ္တယျဘုရား မပွင့်သေးပါ။ သက်တမ်းရှည်လွန်းအားကြီး၍ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှာ မထင်ရှားသဖြင့် အနိစ္စ၊ ဒုက္ခ၊ အနိတ္တ စသည်တို့ကို မမြင်နိုင်သောကြောင့် ဘုရားမပွင့်ခြင်းဖြစ်သည်။

အိုခြင်း၊ နာခြင်း၊ သေခြင်း မတွေ့ရသဖြင့် လူသားများမှာ ဗြဟ္မစိုရ် (မေတ္တာ ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ) ကင်းကာ သီလကို ပြန်လည် ချိုးဖောက်လာကြသည်။ ထို့ကြောင့် သက်တမ်းပြန်ဆုတ်လာပြီး တစ်သိန်းတန်း အရောက်ကျမှ အရိမေတ္တယျဘုရားရှင် ပွင့်မည်ဖြစ်သည်။

လူသားတို့သည် တိရစ္ဆာန်ကို ထင်သလို သတ်ဖြတ်ကြသည်။ သို့သော် တိရစ္ဆာန်များက  ဘာမှ ပြန်မလုပ်နိုင်။ ကလဲ့စားလည်းမချေနိုင်။ ထိုအခါ သဘာဝတရားက တိရစ္ဆာန်တို့ကိုယ်စား ကလဲ့စားချေ၊ ဒဏ်ခတ်တော့သည်။ ရောဂါအမျိုးမျိုး တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
 
 

၂) အဒိန္နာဒါန သိက္ခာပုဒ်

အဒိန္န = မပေးသော ဥစ္စာကို

အာဒါန = ယူခြင်း။
 

အဒိန္နာဒါန ကံ မြောက်ရန် အင်္ဂါ ငါးချက်

၁) သူတစ်ပါးဥစ္စာဖြစ်ခြင်း

၂) သူတစ်ပါးဥစ္စာဟု သိခြင်း

၃) ခိုးယူလိုသော စိတ်ရှိခြင်း

၎) ခိုးယူမှုဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ လုံ့လတစ်ခုခုကိုပြုခြင်း

၅) ခိုးယူမှုအောင်မြင်ခြင်း တို့ ဖြစ်ပေသည်။

 
ခိုးယူမှုကျူးလွန်သောသူများ ခံစားရမည့် ဆိုးကျိုးများကား –

အဒိန္နာဒါ၊ ခိုးမိပါမှု

ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ (ဖြစ်ရာဘ၀တွင် ဥစ္စာနည်းသည်။ မဲ့သည်။ ဆင်းရဲသည်။ ငတ်သည်။)

လိုရှိမရ၊  ဘောဂပျက်စီး (အလိုရှိတာကို ဘယ်သောအခါမှ မရ။)

ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ (ရလာသော စည်းစိမ်ဥစ္စာကို ရန်သူမျိုးငါးပါးက ပျက်စီး။)

မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊

ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊

ရှောင်ခါအပြန် အကျိုးတည်း။

သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်လျှင် ထိုဆိုးကျိုးများ၏ အပြန်တည်း။

မရသောနည်းဖြင့် ရယူခြင်းမှန်သမျှသည် စာပေတွင် ခိုးခြင်းဟု သုံးသည်။

 
စိတ်ကောင်းရှိသောမိသားစုသည် အရှင်ဇ၀နအား ကျောင်းဆောင်လှူဘူးသည်။ စေတနာကောင်း ပထမဇောသည်လည်း အံ့သြဘွယ်ရာ။ အိမ်ငှားဘ၀ဖြင့် ကျောင်းလှူပြီးမကြာခင်တွင် ကိုယ်ပိုင်တိုက်နှင့်အိမ် ဖြစ်သွားကြသည်။ သို့သော် မီးသုံးကြိမ်တိတိ အလောင်ခံရပြီး ပစ္စည်းဥစ္စာများပြားစွာ ဆုံးရှူံးသည်။ အဘယ်ကြောင့်နည်း။

အတိတ်ဘ၀က ပြုခဲ့သော အဒိန္နာဒါနကံ ပင်တည်း။ သူတို့သည် ပစ္စက္ခတွင် ကုသိုလ်အားကောင်းသောကြောင့် မီးလောင်ပြီးမကြာခင်မှာ ပစ္စည်းဥစ္စာများ ပြန်လည်စုဆောင်းမိသည်သာဖြစ်သည်။ ထို့ကြောင့် ကုသိုလ်တရားများကို ပစ္စက္ခဘ၀တွင် ကြိုးစားနေဖို့သာ အရေးကြီးသည်။

တခါက ကျောင်းထိုင်ဆရာတော်တစ်ပါးသည် ကျောင်းဝင်ထဲသို့ အမြဲပိတ်ထားလေ့ရှိသည်။ တစ်နေ့ ထိုမြို့သို့ ပြောင်းလာကာစ ဒကာတစ်ယောက်သည် ဆွမ်းစားပင့်ရန်ကျောင်းဝင်းသို့ ၀င်လိုက်သည်နှင့် မျက်နှာပျက်သွားသည်။ အကြောင်းမှာ ဆရာတော်သည် သင်္ကန်းလုံးလုံးမပါဘဲ ကိုယ်လုံးတီးဖြင့် လမ်းလျှောက်နေခြင်းတည်း။
နောင်စုံစမ်းသိရှိသည်မှာ ဆရာတော်သည် အတိတ်ဘ၀က သူတစ်ပါး၏အ၀တ်အထည်များကို ခိုးယူခဲ့ခြင်းပင်။

ထိုကြောင့် သင်္ကန်းဝတ်လျှင် ခန္ဓာကိုယ်သည် မနေနိုင်အောင် ယားယံလာသည်။ ထို့ကြောင့် လူသူခြားတွင် ကျိတ်မှိတ်၍အ၀တ်အစားကိုဝတ်ပြီး တစ်ယောက်တည်းဆိုးလျှင် ကိုယ်လုံးတီးသာနေလေသည်။ အဒိန္နာဒါနကံသည် ကြောက်စရာကောင်းစွ။
 

 

၃) ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်

ကာမေသု = ကာမဂုဏ်တရားတို့၌

မိစ္ဆာစာရ = မှားယွင်းစွာကျင့်ခြင်း
 

ကာမေသုမိစ္ဆာစာရ ကံထိုက်ရန် အင်္ဂါလေးမျိုး

၁) မသွားလာအပ်သော မိန်းမနှစ်ဆယ်ဖြစ်ခြင်း

၂) ထိုမိန်းမ၌ မှီဝဲလိုသော စိတ်ရှိခြင်း

၃) လုံ့လပြုခြင်း

၎) သာယာခြင်း တို့ဖြစ်ပေသည်။
 

ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန်ကြသူများ ခံစားရမည်း ဆိုးကျိုး

မိစ္တာစာရ ကျူးလွန်ကလည်း

မုန်းကြသူများ၊ ရန်သူပွား၍ (ယခုဘ၀မှစ၍ ဖြစ်ရာဘ၀တွင် လူမုန်းများ၏။ ရန်သူများ၏။)

ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ (ပစ္စည်းလာဘ်လာဘရှားပါး၏။ ဆင်းရဲ၏။)

ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊ (မိန်းမသော်လည်းကောင်း ပဏ္ဍုတ်သော်လည်းကောင်း ဖြစ်ရ၏။)

မျက်နှာမလှ၊ အရှက်ရလျက်

လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊  (ဣနြေ္ဒဖောက်ပြန်၏။ စိုးရိမ်ကြောက်လန့်စွာ နေရ၏။)

စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ (မိမိချစ်သောသူနှင့် ကွေကွင်းရတတ်၏.။)

ရှောင်ကာအပြန် အကျိုးတည်း။

 

မကျူးလွန်ရသော မိန်းမနှစ်ဆယ်

၁) မိခင်အုပ်ထိန်းသော မိန်းမ

၂) ဖခင်အုပ်ထိန်းသော မိန်းမ

၃) မိဘနှစ်ပါးလုံး အုပ်ထိန်းသော မိန်းမ

၎) မောင်ကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ

၅) အစ်မ ညီမ အုပ်ထိန်းသော မိန်းမ

၆) ဆွေမျိုးသားချင်း အုပ်ထိန်းသော မိန်းမ

၇) အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ

၈) တရားကျင့်ဖော် အုပ်ထိန်းသော မိန်းမ

ဤရှစ်ယောက်သော မိန်းမတို့ကား အပျိုများသာဖြစ်သည်။ သူတို့၏ ကာမကို ပိုင်ဆိုင်သူမရှိ။ စောင့်ရှောက်သူသာရှိသည်။ ထို့ကြောင့် ယောကျာ်းတစ်ပါးတို့နှင့် ကျူးလွန်ပျော်ပါးလျှင် ထိုအမျိုးသမီးရှစ်ယောက်တို့မှာ ကာမေသုမိစ္ဆာစာရမဖြစ်။ ကျူးလွန်သောယောကျာ်းမှာသာ  ကာမေသုမိစ္ဆာစာရ ဖြစ်သည်။

သို့သော် ထိုအပျိုအမျိုးသမီးရှစ်ယောက်တို့သည် ငါတို့မှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဟုဆိုပြီး အညှာလွယ်ကြမည်ဆိုလျှင် လောကအလယ် အရှက်တကွဲအကျိုးနည်းပြီး လင်ကောင်းသားကောင်းရတော့မည် မဟုတ်ပေ။

အကြောင်းကား ယောကျာ်းတို့၏ သဘာဝသည် အညှာလွယ်သောမိန်းမများကို တခြားယောကျာ်းလည်း ဒီလိုပဲ လိုက်လျောနေမှာ ဟုယူဆပြီး အထင်အမြင်သေးကာ အပျော်သာ ကြံတတ်ကြသောကြောင့်တည်း။ အရလွယ်သောပစ္စည်းကို တန်ဖိုးမထားတတ်သည်မှာ လူတို့၏ ဓမ္မတာသာတည်း။

ကမာရွတ်မှ အမျိုးသမီးတစ်ယောက်သည် သူမ၏ အမျိုးသား၏ သံသယမှုကို အမြဲတမ်းခံနေရသည်။ အဘယ်ကြောင့်ဆိုသော် ချစ်သူဘ၀၌ ချစ်သောစိတ်ဖြင့် ချစ်သူ၏အလိုကို လိုက်ခဲ့လေသည်။ ထိုကြောင့် ထိုအမျိုးသားသည် အပျိုတုန်းကငါခွင့်တောင်းတိုင်း လိုက်လျောသေးတာ။ ယခုအအိုဘ၀ဆိုရင် ကာမေသုမကြောင့်တဲ့ ယောကျာ်းတွေက အခွင့်တောင်းရင်း လိုက်လျောမှာပဲဟု စိတ်တွင် စွဲနေသောကြောင့်တည်း။ ထို့ကြောင့် အညှာမလွယ်ကြပါနှင့်။

တစ်ခါက ဇာတ်တော်တွင် ပညာရှိသော မိဖုရားကြီးကို စွဲလန်းမိသော ပုရောဟိတ်ပုဏားကြီးသည် စွဲလန်းစိတ်ဖြင့် အိပ်ရာထဲလဲလေသည်။ ပညာရှိသော မိဖုရားကြီးသည်  ပုရောဟိတ်ကြီးသည် သူ့ကြောင့် အိပ်ရာထဲ လဲသည်ကို သိသည်။

ထို့ကြောင့် သူနှင့်  ပုရောဟိတ်ကြီး နားလည်သောစကားဖြင့်တရားဟောသည်။  မိဖုရားကြီး က  “ပုရောဟိတ်ကြီး တိုက်မယ့်ဆေးကတော့ တစ်မျိုးတည်းပါ။ ဒါပေမယ့် ခွက်သုံးမျိုးနှင့် ခွဲတိုက်မယ်။ လျှာပေါ်မှာပေါ်လာတဲ့ အရသာကို မှတ်သားပြီး ပြောပြရမယ်” ဟု ပြောပြီး ပထမ ကြေးခွက်ကို ဆေးထည့်ပြီးတိုက်လေသည်။

ပုရောဟိတ်ကြီးသောက်ပြီးသောအခါ မိဖုရားကြီးက

“ပုရောဟိတ်ကြီး ဘယ်လိုအရသာရှိပါသလဲ။”

“မှန်ပါ။ ဖန်တန်တန်ပါ ဘုရား”

“ဟုတ်ပြီ။ နောက်တစ်ခါ ငွေခွက်နဲ့ဒီဆေးကိုပဲ ထပ်တိုက်မယ်။”

ပုရောဟိတ်ကြီးသောက်ပြီးသည်နှင့်

“အရသာ ဘယ်လိုနေသလဲ ပုရောဟိတ်ကြီး “

“မှန်ပါ။မထူးပါဘူး။ ဖန်တန်တန်ပါပဲ ဘုရား။”

“နောက်တစ်ခါ ရွှေခွက်နဲ့တိုက်မယ်”

“ဒီတခါရော ဘယ်လိုနေလဲ ပုရောဟိတ်ကြီး “

“ပညာမသေးသော ပုရောဟိတ်ကြီးကား မိဖုရား၏ လက်တွေ့ကျသောတရားကို သဘောပေါက်ပြီး ရောဂါသက်သာလာသည်။  “ဖန်တန်တန်ပါပဲ မိဖုရားခေါင်ကြီး။ ခွက်သာပြောင်းရင် ဆေးကမှမပြောင်းဘဲနှင့် အရသာမပြောင်းနိုင်ပါဘူး “ဟု မိဖုရားကြီးကို ကျေးဇူးတင်သောမျက်နှာဖြင့် လှမ်းကြည့်ပြီး လျှောက်တင်၏။

မိဖုရားကြီးက  “ပုရောဟိတ်ကြီးကိုလည်း ဒီအချက်ပဲ သိစေချင်တာပါ။ ကာမဂုဏ်အားလုံးဟာ အတူတူချည်းပါပဲ။ မိမိစိတ်က လှည့်စားလို့သာ အထူးအဆန်းထင်ပြီး စွဲလန်းနေကြတာပါ” ဟု ပုရောဟိတ်ကြီးမျက်နှာကို အဓိပ္ပါယ်နှင့်လှမ်းကြည့်ပြီး ပြောလိုက်၏။

 

လူတို့သည် သောက်ရေအိုးစင်ကရေကို သောက်ရုံသာသောက်သည်။ ဘယ်တော့မှ ခြေမဆေး။

ခြေဆေးရေအိုးကရေကိုလည်း ခြေဆေးရုံသာဆေးကြ၏။ ဘယ်တော့မှ မသောက်ကြ။

ထို့ကြောင့် ယောကျာ်းအများစုတို့သည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံသော ဣနြေ္ဒရှိသော မိန်းကလေးကို ရာသက်ပန်အတည်သာကြံ၏။ အပျော်မကြံ။

အညှာလွယ်၍ ကိုယ်ကျင့်သီလမရှိသောမိန်းမကို သာယာမှုရှာရုံ အပျော်သာကြံ၍ ရာသက်ပန်အတည် မကြံပေ။

 

 
ကျန် ၁၂ယောက်သည်ကား ကာမပိုင်ယောကျာ်းရှိသော အအိုများ ဖြစ်သည်။ ယင်းတို့ကား –

၉) ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ

၁၀) ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့်ထုတ်ထားသော မိန်းမ

၁၁) ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းနေသောမိန်းမ။ (ပြည့်တန်ဆာမအား အချိန်ကန့်သတ်ဖြင့် ငွေပေး၍ပျော်ပါးသည်ကို ဆိုလိုသည်။ ထိုအချိန်တွင်း ပျော်ပါးပါက ထိုပြည့်တန်ဆာမနှင့် ထိုယောကျာ်း ၂ဦးလုံးပါ ကာမေသုမိစ္ဆာစာရ ဖြစ်၏။)

၁၂) အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ

၁၃) ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသော မိန်းမ

၁၄) အ၀တ်တန်ဆာပေး၍ ပေါင်းသင်းနေသော မိန်းမ

၁၅) လူကြီးစုံရာနှင့် လက်ထပ်ပေါင်းသင်းနေသော မိန်းမ

၁၆) ထင်းခွေ ရေခပ်လုပ်ကိုင်နေသောမိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ ပေါင်းသင်းနေသော မိန်းမ

၁၇) မယားပြုထားသော မိန်းမ

၁၈) မယားအဖြစ် ပေါင်းသင်းနေသော သုံ့ပန်းမိန်းမ

၁၉) မယားပြုထားသော အလုပ်သမ

၂၀) ခေတ္တငှားရမ်းပေါင်းသင်းနေသော မိန်းမ တို့ ဖြစ်သည်။

 ဤမိန်းမများနှင့် ကျူးလွန်းလျှင် ထိုမိန်းမရော ယောကျာ်းရော ကာမေသု ကံ ထိုက်၏။

 

နောက်ကျမှသိရသော တန်ဘိုးသုံးခု

ကျန်းမာရေးတန်ဘိုးကို မကျန်းမာသောအခါကျမှ သိသည်။

လွတ်လပ်ရေးတန်ဘိုးကို သူ့ကျွန်ဘ၀ရောက်မှ သိသည်။

လူ့ဘ၀တန်ဘိုးကို ငရဲပြည်ရောက်မှ သိသည်။

 
ဗုဒ္ဓလက်ထက်တော်က သာဝတ္ထိပြည့်ရှင် ကောသလမင်းကြီးသည် တဏှာရမ္မက်၏စေခိုင်းမှုကြောင့် လင်ရှိမယားတစ်ယောက်ကို သိမ်းပိုက်ရန် နည်းလမ်းအမျိုးမျိုးကို ကြံစည်လျက်ရှိသည်။ ညသန်းခေါင်ခန့်ရှိသောအခါ မြေကြီးအောက်မှထွက်ပေါ်လာသော ဒု၊ သ၊ န၊ သော ဟူသော အသံနက်ကြီးများကို ကြားလိုက်ရသဖြင့် ကြက်သီးမွေးညှင်းများထပြီး ထိတ်လန့်တုန်လှုပ်ကာ အိပ်မရတော်ချေ။

မိုးလင်းသောအခါ ဗေဒင်ဆရာများက ထို အသံနက်ကြီးများသည် ဘုရင်ကြီးကံတော်ကုန်ရန် အတိတ်နိမိတ်များဖြစ်ပါသည်။ ထိုကြောင့် လူများ၊ တိရစ္ဆာန်များကို ခေါင်းဖြတ်သတ်ပြီး ယစ်ပူဇော်ရန် စီစဉ်လေသည်။ မိဖုရားကြီး မလ္လိကာ၏လမ်းညွှန်မှုကြောင့် ယစ်ပူဇော်ပွဲကိုသိမ်း၍ ဘုရားထဲရောက်လာလေသည်။

ဗုဒ္ဓရှင်းလင်းဟောပြသောအခါတွင် ကဿပမြတ်စွာဘုရားလက်ထက် လူ့တိရစ္ဆာန်အဆင့်ရှိသော သူဌေးသားလေးယောက်တို့ လူ့ဘ၀ရှိစဉ်အခါတုန်းက ဘာကုသိုလ်မှမပြုဘဲ သူတစ်ပါးသားမယားများအား ဥစ္စာပေးပြီးဖျက်စီးမှုကြောင့် လောဟကုမ္ဘီငရဲသို့ ကျရောက်သွားပြီး  ဒု၊ သ၊ န၊ သော ဟူသော အသံများကို ထိုငရဲဘုံမှအော်လိုက်ခြင်းဖြစ်သည်။

လူ့ဘ၀ကို ထင်ထင်မြင်မြင်တန်ဘိုးထားသည်ကား ငရဲပြည်ပင်ဖြစ်သည်။ လောဟကုမ္ဘီငရဲ သည် သံရေပူအိုးငရဲ ဟု အဓိပ္ပါယ်ရသည်။ (အဇာသတတ် သည်လည်း ထိုငရဲတွင် ရှိသည်။) ထို သူဌေးသားလေးယောက်တို့သည် သံရေပူထဲတွင် အမြဲတန်းကြိုခံနေရပြီး အနှစ်ခြောက်သောင်းရှိမှ သံရေပူအထက်သို့ ခေါင်းတစ်ခါ ပြူခွင့်ရသည်။ တစ်ခဏတာ ခေါင်းပြူခွင့်ရချိန်ကလေးမှာ သူတို့ရဲ့အမှားတွေကို လူ့ပြည်ကလူသားများသိအောင် ပြောချင်လွန်းသောကြောင့် ပြောချင်သောဂါထာကိုဆုံးအောင်မပြောနိုင်ဘဲ တစ်ယောက်တစ်လုံးစီသာပြောပြီး ငရဲအိုးအတွင်းသို့ ပြန်မြှုပ်သွားခဲ့ရခြင်းဖြစ်သည်။

ငရဲပြည်မှ သူဌေးသားလေးယောက်ပြောချင်သော စကားကို ဗုဒ္ဓက သဗ္ဗညုတဉာဏ်ဖြင့် အကျယ်ဟောပြတော်မူသည်မှာ –

ဒုဇ္ဇီဝိတ မဇီဝိမှာ၊

ယေသံနော် နဒဒါမသေ။

ဝိဇ္ဇမာနေသုဘောဂေသု၊

ဒီပံနာကမှအတ္တနော။

ငါတို့သည် ကာမေသုမိစ္ဆာစာရကံများကို ကျူးလွန်ခြင်းဖြင့် လူ့ဘ၀ကိုအသုံးချခဲ့ပြီ (၀ါ) အသက်မွေးခဲ့ကြပြီ။ စည်းစိမ်ဥစ္စာတို့သည် ထင်ရှားများစွာ ရှိပါကုန်လျက် ဒါနမပြုခဲ့ချေ။ မိမိ၏သံသရာတစ်လျှောက်အားကိုးစရာ၊ မှီခိုစရာ ကျွန်းနှင့်တူသော ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တို့ကို မပြုခဲ့မိကြချေတကား။
 

သဋ္ဌိဿ သဟဿာနိ၊

ပရိပုဏနိသဗ္ဗသော။

နိရယေ ပစ္စမာနာနံ၊

ဘဒါအန္တော ဘ၀ိဿတိ။

လောဟကုမ္ဘီငရဲ အိုး၌ နစ်မြုပ်လောင်ကျက်ရခြင်းသည် ငရဲသက်ပေါင်း အနှစ်ခြောက်သောင်းပြည့်ခဲ့လေပြီ။ အဘယ်အခါမှ ဤငရဲဘေးကြီးမှ လွတ်မြောက်ပါမည်နည်း။

 
နတ္ထိအန္တော ကုတောအန္တော၊

နအန္တော ပဋိဒိဿတိ။

တဒါဟိပကတံပါပံ၊

မမတုယှဉ္စမာရိဿ။

ဤ လောဟကုမ္ဘီငရဲ အိုးကြီးမှ လွတ်မြောက်ရန် အချိန်အဆုံးသည် မရှိပါတကား။ ဤ လောဟကုမ္ဘီငရဲ အိုးကြီးမှ လွတ်မြောက်ရန် အချိန်အဆုံးသည် အဘယ်အခါမှ ဖြစ်ပါလေမည်နည်း။ ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း လူဖြစ်စဉ်အခါက ကာမေသုမိစ္ဆာစာရ မကောင်းမှုတို့ကို ပြုခဲ့ကြလေပြီ။

 
သောဟံနုနကုတောဂန္တာ

ယောနိလဒ္ဓါမာနုသိံ

ဝဒညူသီလသမ္ပန္ဒော

ကာဟာမိကုသလံဗဟုံ။

ငါသည် ဤငရဲဘေးကြီးမှ လွတ်မြောက်၍ အလွန်ရခဲသောလူ့ဘ၀ကို ပြန်ရခဲ့လျှင် အလှူခံသူတော်စင်တို့၏ စကားကိုသိပါ (လှူပါ)တော့မည်။ ငါးပါးသီလ၊ ရှစ်ပါးသီလကိုလည်း စောင့်ထိန်းလျှက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များစွာကို ပြုလုပ်ပါတော့မည်။
 
ထိုဟောကြားချက်ကို နာကြားပြီးနောက် ကောသလမင်းကြီးသည် ငါးပါးသီလ လုံခြုံသူဖြစ်ခဲ့သည်။

 

 
၎) မုသာဝါဒ သိက္ခာပုဒ်

ဗုဒ္ဓက “ချစ်သား ရာဟုလာ။ မုသားကို ရယ်စရာအဖြစ်ပင်မပြောအပ်၊” အဘယ်ကြောင့်နည်း။ မုသားပြောသောသူ မလုပ်ရဲသည့်အကုသိုလ်မရှိသောကြောင့်ပင် ဖြစ်၏။

ဘုရားရှင် ပါရမီဖြည့်ခဲ့တဲ့ ဘ၀ပေါင်းမှာလည်း မုသာဝါဒကံကို တစ်ဘ၀မှ မကျူးလွန်ခဲ့ပါဘူး။

မုသားသည် သေးငယ်သည်ဟု ထင်ရသော်လည်း ကောင်းဂုဏ်အားလုံးကို ဖျက်ဆီးနိုင်ကြောင်း သတိပြုအပ်ပါသည်။

မုသားစကားကို ရှောင်သူသည် သစ္စာစကားကို ဆောင်ရမည်ဖြစ်၏။ လောက၌ ဓမ္မက အဓမ္မကို လွှမ်းမိုးနိုင်ဖို့ သူတစ်ပါးနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ မှန်ကန်ပြီး အကျိုးရှိသောစကားကို ရဲဝံ့စွာ ပြောသင့်၏။

 
မုသာဝါဒ ကံ ပျက် မပျက်

၁) မဟုတ်မမှန်ပြောသော အကြောင်းအရာဖြစ်ခြင်း

၂) မဟုတ်မမှန် ပြောလိုစိတ်ရှိခြင်း

၃) ပြောလည်းပြောခြင်း

၎) လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း

 
ဆိုးကျိုးများ

မုသားစကား ပြောဆိုငြားမှု

စကားမပီ၊ သွားမညီတည်း (ဖြစ်လေရာဘ၀တွင် စကားမပီခြင်း၊ သွားများ ညီညီညာညာမပေါက်ခြင်း။)

ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ (ပါးစပ်မှ အပုပ်နံ့ထွက်ခြင်း၊ အသားအရည်ခြောက်ကပ်ခြင်း။)

ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။ (ဣနြေ္ဒဖောက်ပြန်ခြင်း၊)

မရောက်သြဇာ နှုတ်လျှာကြမ်းထော်၊ (သြဇာမညောင်းခြင်း၊ နှုတ်လျှာကြမ်းတမ်းခြင်း။)

လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ (လျှပ်ပေါ်လော်လီခြင်း၊ တည်ကြည်သော သမာဓိမရှိခြင်း)

ရှောင်ကြဉ် အပြန်အကျိုးတည်း။

ဝစီဒုစရိုက်

မုသာဝါဒ = လိမ်ညာပြောခြင်း

ပိသုဏ၀ါစာ = ကုန်းတိုက်စကားပြောခြင်း

ဖရူသ၀ါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောခြင်း

သမ္မပ္ပလာပ = အကျိုးမရှိသော စကားကိုပြောခြင်း

 
 

၅) သုရာမေရယ သိက္ခာာ

သုရာမေရယ ကံ မြောက်ရန် အင်္ဂါလေးချက်

၁) သုရာစသည် တစ်ပါးပါးဖြစ်ခြင်း၊

၂) သောက်စားလိုသော စိတ်ရှိခြင်း၊

၃) သောက်ဖြစ်အောင် လုံ့လပြုခြင်း၊

၎) သောက်စားခြင်း။

 
ဆိုးကျိုးများ

သေရည်သောက်လင့် သင့်မသင့်၌

ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး (မိရမည့်အခွင့်များ မသိခြင်း၊ ပျင်းရိခြင်း၊ မေ့ခြင်း၊ ရူးခြင်း၊)

ကျေးဇူးမဆပ် ဟိရောတ္တပ်ကင်း

ခပင်းများထို၊ အကုသိုလ်ကို (မကောင်းမှု အကုသိုလ်ကို ပြုလွယ်ခြင်း။)

မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်

ရှောင်ခါအပြန်အကျိုးတည်။

 
သေရည်သောက်သူသည် အပါယ်လေးဘုံသို့ ကျရောက်တတ်သည်။ သေရည်သောက်ခြင်း၏ အပေါ့ဆုံးအကျိုးကား လူဖြစ်လျှင် အရူးသာဖြစ်ရသည် ဟူ၍ ဗုဒ္ဓက သုရာမေရယပါနံဘိက္ခဝေ (ပ) မနုဿတဿဥမ္မတ္တဘာဝသံဝတ္တနိကောဟောတိ။ (အင်္ဂုတ္တိုပါဠိတော်)
 

အရက်သောက်သောအဆင့် (၃)ဆင့်
 
– လူက အရက်ကို သောက်ခြင်း (လူကို ဒုက္ခမပေးသေး။)

– အရက်က လူကိုသောက်ခြင်း (စီးပွားရေး၊ လူမှုရေး ထိခိုက်လာသည်။)

– အရက်က အရက်ကို သောက်ခြင်း (အရက်မှတပါး ဘာမှစိတ်မ၀င်စားတော့။) တို့ဖြစ်၏။

 

တကယ့်အဖြစ်အပျက်ဖြစ်သည်။ တခါက ယောကျာ်း အရက်သမားကို သူ့မိန်းမက ရှာဖွေကျွေးမွေး အရက်ဖိုးရှာပေးရသည်။ သူတို့တွင် သမီးတစ်ယောက်ရှိသည်။ ထိုမိန်းမသည် နှစ်ရှည်ကာလကြာသောအခါ ဆင်းရဲမှုဒဏ်ကြောင့် သေသွားခဲ့ရပြီး သမီးအပျိုလေးက သူမ မိခင်အစား ဖခင်အား အရက်ဖိုးရှာပေးရ၏။

တစ်နေ့သော် ထိုအရက်သမားသည် အရက်မူးလွန်ပြီး အိမ်ရှေ့ကွပ်ပစ်တွင် လှဲနေပြီး သမီးက အိပ်ခန်းထဲကို ခေါ်သွင်းသွားရာ ဖခင်က သမီးအားစော်ကားလိုက်သည်။ သမီးမှာလည်း ရှက်လွန်း၍ မည်သူ့ကိုမှ မပြောရဲချေ။ ထိုသို့ ကြာလာသော်အခါ အိမ်နီးနားချင်းတွေက သိလာသောအခါ သမီးအား စော်ကားတဲ့ဖခင် လူမဆန်တဲ့ တိရစ္ဆာန်ဆိုပြီး ၀ိုင်းရိုက်ရာမှ ထွက်ပြေးရသည့်အဖြစ်တည်း။ အပြင်ကကြည့်တော့ ဖခင်က သမီးကို စော်ကားတယ်။

တကယ်တမ်းကျတော့ အရက်သည်သာ တရားခံတည်း။
 
 

 

အညွှန်း -စာအုပ်များ – မြန်မာတို့၏ အသက်၊ သီလအစွမ်းအံ့မခန်း၊  စာရိတ္တသတ္တိ။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s