စည်းစိမ်ဥစ္စာ အနှစ်ရှာ၊ ပြုပါ ဒါန

ဗုဒ္ဓက ဒါနပြုကြဖို့ တိုက်တွန်းခြင်းသည် ဘ၀အဆက်ဆက်က ပါလာသော လောဘတဏှာကို ကုန်းခမ်းစေလိုခြင်း အဓိကဖြစ်ပြီး ဖြစ်ရာဘ၀ ပစ္စည်းဥစ္စာချမ်းသာဖို့ ရည်ရွယ်ချက်သည် သာမညသာ ဖြစ်သည်။

ပထမရည်ရွယ်ချက်သည် ပါရမီရင့်ကျက်သူများအတွက် ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်သည် ပါရမီနုသူများ အတွက် ဖြစ်သည်။

 

သတ္တ၀ါတို့သည် သန္ဓေတည်ကတည်းကပင် ကောင်းသောဘ၀ကိုပင်ဖြစ်စေ၊ မကောင်းသောဘ၀ကိုပင်ဖြစ်စေဘ၀ကို စွဲလမ်းတပ်မက်သော လောဘ ဘ၀နိကန္တိကလောဘဇော ဟုခေါ်သည်။

ထိုလောဘနှင့်တကွသော ကိလေသာဆယ်ပါးကို ဗုဒ္ဓက မာတိကာတွင် သံကိလိဋ္ဌသံ ကိလေသိကာ = ပူပန်စေတတ်၊ နှိပ်စက်တတ်သောတရားများ ဟု နာမည်ပေးပြီး ဟောကြားတော်မူခဲ့၏။

အစွဲအလမ်းလောဘသည် သူ့ကိုလက်ခံထားသူအား တကယ်လည်း ပူပန်စေတတ်ပါသည်။ တကယ်လည်း နှိပ်စက်တတ်ပါသည်။ မည်မျှအထိ ပူပန် နှိပ်စက်စေလဲဆိုရင် အသက်သေသည်အထိ ပူပန်စေပါသည်။ အသက်သေသည်အထိ နှိပ်စက်ပါသည်။

 

လူသားတို့သည် လောဘကို သားအရင်းကဲ့သို့ သဘောထားပြီး အလောဘကို မွေးစားသားကဲ့သို့ သဘောထား၏။ ဘ၀အဆက်ဆက်တွင် လောဘနှင့် အလောဘ တိုက်ပွဲတွင် လောဘကသာချည်းအနိုင်ရခဲ့သောကြောင့် ယခုအချိန်ထိ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေပွင့်ခဲ့သော်လည်း ယခုအချိန်တိုင်အောင် နိဗ္ဗာန်သို့မရောက်ခြင်းတည်း။

ဒါနဖြင့် ကိလေသာပယ်သတ်ရာတွင် သိသင့်သော လောဘ၏အဆင့်သုံးဆင့်ဖြင့် တည်နေပုံကို ဦးစွာသိရမည်။

၁)  အစွဲလမ်းအတပ်မက်ဆုံး အရာ သည် အသက်ဝိညာဉ် ဖြစ်၏။

၂)  အစွဲလမ်းအတပ်မက်ဆုံး အရာ သည် အသွေးအသား ဖြစ်၏။

၃)  အစွဲလမ်းအတပ်မက်ဆုံး အရာ သည် ပစ္စည်းဥစ္စာငွေကြေး ဖြစ်၏။

စွဲလမ်းမှု အသေးဆုံးအဆင့်မှ စ၍ လောဘဓါတ်ကို စွန့်ကြရမည် ဖြစ်သည်။

 

ကချင်ပြည်နယ် မင်္ဂလာရာမကျောင်း နမ္မားဆရာတော် အရှင်ဉာဏက –

“ကမ္ဘာပေါ်မှာ ဒါန အပြုဆုံးကလဲ မြန်မာပဲ။

ဒါပေမယ့် အမွဲဆုံးကလဲ မြန်မာပဲဖြစ်နေတယ်။

အဲဒါ ဘာကြောင့်လဲဆိုရင် သဒ္ဓါအချိုးမကျလို့ကွဲ့။”
 
ဆိုလိုသည်မှာ “ဒါန မပြုတတ်ကြသေး” ဟု လိုရင်းဖြစ်သည်. တကယ်လိုအပ်သော နေရာတွင် လှူရမည်ကို ဗုဒ္ဓဘာသာဝင်အများစု မသိကြ။

အလှူဒါန ပျက်စီးကြောင်း (၃) မျိုး

၁) ပုထုဇဉ်တွေ ဘယ်အချိန်တွင် သေရမယ်လို့ မသိနိုင်ပါ။

၂) စည်းစိမ်ဥစ္စာများဟာ ရန်သူမျိုးငါးပါး ( မီး၊ မင်း၊ သူခိုး၊ အမွေခံဆိုး၊ ရေ) တို့ကြောင့် မမြဲခြင်း။

၃) အရိယာတို့၏ သဒ္ဓါတရားသည် မြေထဲကို အတောင်အစိတ်၊ နှစ်ဆယ်ဝင်အောင် ရိုက်သွင်းထားတဲ့ ကျောက်တိုင်ကြီးနှင့် တူပါတယ်။ အရပ်လေးမျက်နှာက ဘယ်လိုလေမုန်တိုင်းတွေ တိုက်ခတ်လို့လာလာ ယိမ်းယိုင်ပြိုလဲခြင်းဆိုတာ မဖြစ်နိုင်ပါ။ ပုထုဇဉ်တို့ရဲ့သဒ္ဓါတို့သည် အမြဲတမ်း မရှိခြင်း။

တစ်ခါက လူပြည့်တင်လာသော လှေတစ်စင်းသည် ပုဂံညောင်ဦးနားအရောက်မှာ လှိုင်းပုတ်ပြီး လှေမှောက်ကာ ထိုထဲမှ လူလေးယောက်သည် ကံကောင်းထောက်မစွာ မှောက်နေသောလှေကို ပြန်၍တွယ်ဖက်မိကြသည်။ လှိုင်းကလည်းထန်၊ ကမ်းကလည်းဝေးနေသောကြောင့် သေမည် ရှင်မည်ကို မသိသေး။

ထိုချိန်တွင် အသက်ကြီးသော တစ်ယောက်က ရွှေစည်းခုံဘုရားကို အာရုံပြုကာ – ရွှေစည်းခုံဘုရားကြီး၊ ဘုရားတပည့်တော်တို့၏အသက်ကို ကယ်တော်မူပါ။ တပည့်တော်အသက်ဘေးမှလွတ်ခဲ့လျှင် ရှိသမျှဥစ္စာအားလုံးထုခွဲ၍ ရွှေသင်္ကန်းကပ်လှူပါမည်ဘုရား ဟု အသံကျယ်ကျယ်ဖြင့် အဓိဋ္ဌာန်ပြုလိုက်ကာ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့အဓိဋ္ဌာန်ပြုပြီးသည်နှင့်တပြိုင်နက် လှိုင်းထန်တာတွေရပ်ပြီး ကောင်းကင်လည်း ကြည်လင်ကာ ကမ်းနားဘက်သို့ တဖြည်းဖြည်းမျောပါသွားလေသည်။

ထိုအချိန်တွင် ထိုသူကြီး၏ အဓိဋ္ဌာန်မှာ တစ်မျိုးပြောင်းသွားလေသည်။ တပည့်တော် မရှိဆင်းရဲသားမို့ ရှိသမျှဥစ္စာထဲက တစ်ဝက်လောက်နဲ့ပဲ ရွှေချပါရစေဘုရားဟု ပြောင်းသွားလေသည်။

ကမ်းသို့ရောက်ရန် ၀ါးသုံးပြန်လောက်အလိုတွင်ကား – စိတ်နိုင်ကိုယ်နိုင်ရွှေဆိုင်းတစ်ဆိုင်းလောက်ပဲ လှူပါရစေဘုရား။

ကမ်းပေါ်သို့လည်းရောက်ရော- ထိုလူကြီးပြောလိုက်သောစကားကား- အင်း ကျုပ်လည်း ကြောက်အားလန့်အား ဘာတွေပြောမိလိုက်မှန်းတောင် မသိတော့ပါဘူးဗျာ။

 

ပညာပါသော သဒ္ဓါ (သြကပ္ပနသဒ္ဓါ)

သြကပ္ပနသဒ္ဓါ ရှိသောသူသည် ရတနာသုံးပါး၏ အစွမ်းသတ္တိအကျိုးသွားများကို ကိုယ်တိုင်သိရှိအောင် လေ့လာအားထုတ်ပြီးတစ်ကယ်ကြည်ညိုခြင်းသာ ဖြစ်၏။

ရတနာသုံးပါးကို ကြည်ညိုရာ၌ ကြောက်ခြင်းကြောင့်၎င်း၊ လာဘ်လာဘအတွက်ကြောင့်၎င်း၊ ကြည်ညိုလို့ မဟုတ်။

ထို့ကြောင့် ဗုဒ္ဓဆင်းတုတော်ကို ကိုးကွယ်ရာ၌ ကျောက်၊ သံ၊ သစ်၊ ကြေး၊ ပလာစတာ၊ ဘာနှင့်ထုထားထား ကြုံရာ ကိုးကွယ်၏။ ထိုသို့  ဘာနှင့်ထုထားထားဗုဒ္ဓဆင်းတုတော် ကို ကိုးကွယ်လျှင် ကုသိုလ်သာ ဖြစ်၏။
 

 

ပညာမပါသော သဒ္ဓါ (ပသာဒသဒ္ဓါ)

ပသာဒသဒ္ဓါ သည် အညံ့ဆုံး ဖြစ်၏။

အတွေးအခေါ်မပါသည့်အတွက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ လူအုံလျှင် ရှေ့ဆုံးကပြေးတတ်သည်။

ထို့ကြောင့် ဘာသာရေးနှင့်ပတ်သက်၍ အလိမ်ခံရလျှင် ပသာဒသဒ္ဓါရှင်များသည် ထိပ်ဆုံးကပင်။ သူများယောင်လို့ယောင် အမောင်တောင်မှန် မြောက်မှန်းမသိ ဟူသော စကားသည် ထို ပသာဒသဒ္ဓါများအတွက် ထားခဲ့ဟန်တူသည်။

(ဆိုလိုသည်မှာ သူများအလှူဒါနလုပ်လို့၊ ဘုရားတည်လို့ ငါလည်း လှူတယ်၊ တည်တယ်။ သို့ပေမယ့် အဓိက ဒါနပြုရခြင်းအကြောင်းကို မသိတဲ့အတွက် ဉာဏ်မပါသော ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ရ၏။)

 

ပါရမီမထိုက်သောဒါန

အလှူခံကိုတွေ့ပါလျက် အကျိုးကျိုးများများကို မျှော်ကိုးပြီးလှူခြင်းသည် ဒါနပြုသည်နှင့်မတူ။ လောဘအမျိုးမျိုးကို အလဲအလှယ်ပြုခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့် ပါရမီမထိုက်သောဒါနပင်ဖြစ်ပေသည်။

ပုဂ္ဂိုလ်စွဲနဲ့လှူနေလျှင် ငါစွဲ ငါ့ပစ္စည်းစွဲဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေက ဘယ်တော့လွတ်မတုန်း။

ငါ့တော့ ဘယ်အဆရာတော်ကြီးကို ဘာလှူလိုက်ရတာဆိုတဲ့ စွဲစိတ် မျှော်စိတ်တွေ။

ဒီလိုလှူလိုက်ရလို့ နောင်ဘ၀ကျ ငါဘာဖြစ်မှာဆိုတဲ့ အမျှော်စိတ်တွေနဲ့လှူနေသမျှ ဒါနအကျိုးပေးမစင်ကြယ်သေးဘူးလို့ မှတ်ပါ။

ရှာဖွေထားတဲ့ပစ္စည်းကလည်း စင်ကြယ်ရဲ့လားဆိုတာ ပြန်ဆန်းစစ်။

ဒါန ဟာ တဏှာကို ပယ်တာ။ လောဘကိုသတ်တာ။ ရင်ဝမှာ စူးနေတဲ့လှံကို ဆွဲနှုတ်ပစ်တာ။

ငါဒီလို အလှူကြီးလုပ်လိုက်လို့ နောင်ဘ၀ဘာဖြစ်မှာဆိုတဲ့ အမျှော်စိတ်နဲ့လှူရင် နောက်ထပ်စူးဝင်လာမယ့်လှံကို ရင်ကော့ပြီးခံသလို ဖြစ်မှာပေါ့။ ဒါကြောင့် ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်ပဲများတယ်။

ငါ၊ ငါစွဲအတ္တ၊ ပစ္စည်းမာနရှိနေသမျှ ပါရမီမြောက်တဲ့ဒါန မဖြစ်ဘူး။
 

                     (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဆုံးမ တချို့ကောက်နှုတ်ချက်)

 

ပါရမီထိုက်သောဒါန ကို အပြန်အားဖြင့် သိနိုင်ပါသည်။

(မှတ်ချက်။ ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် ဟိတ်ပုဂ္ဂိုလ်ခွဲခြားသွားပုံများကို နောင်တင်မည့် ဟိတ်သုံးမျိုးတွင် ဖတ်ရှုနိုင်ပါသည်။)

 

သူတော်ကောင်းတို့ ပြုသော ဒါန အင်္ဂါငါးချက်ရှိသည်။ ယင်းတို့မှာ –

– ရတနာသုံးပါးကို ကြည်ညိုခြင်း၊

– အလှူခံပုဂ္ဂိုလ်ကို ရိုသေခြင်း၊

– လိုအပ်သောအရာကို လှူခြင်း၊

– လှူပြီးဝတ္တုကို မစွန်းငြိခြင်း၊

– မိမိအလှူအတွက် သူတစ်ပါးကို မထိခိုက်ခြင်း။

 

 

ဗုဒ္ဓအလိုကျ ဒါနပြုနည်း

“ဏ္ဍဒါနတော ဘောဂ၀ါဏ္ဍ” ဟူသော ဗုဒ္ဓ၏လမ်းညွှန်ချက်အတိုင်း

“ဒါနပြုသောသူအတွက်ကား ဖြစ်လေရာဘ၀တွင် ပစ္စည်းဥစ္စာပေါများမည်းကား ဧကန်မုချတည်း။”

သို့သော် သပ္ပုရိသဒါန အင်္ဂါ၅ရပ်နှင့် ညီညွတ်အောင် လှူဒါန်းနိုင်ခဲ့လျှင်ကား ပစ္စည်းဥစ္စာပေါများချမ်းသာမည့်အပြင် အကျိုး ၅ မျိုးကိုလည်း ပိုမို၍ ရလာပါမည်။
 
 
၁) သဒ္ဓါကြည်ညိုစွာဖြင့် လှူဒါန်းခြင်း – ပစ္စည်းဥစ္စာပေါများချမ်းသာခြင်း +
                                               ရုပ်ရည်ချောမောလှပခြင်း

၂) ရိုရိုသေသေ လှူဒါန်းခြင်း          –  ပစ္စည်းဥစ္စာပေါများချမ်းသာခြင်း +
                                              သြဇာတိက္ကမကြီးမား၍ ထင်ပေါ်ကျော်ဇောခြင်း

၃) လိုအပ်သောအရာကို
     လိုအပ်သောအခါ၌ လှူဒါန်းခြင်း –  ပစ္စည်းဥစ္စာပေါများချမ်းသာခြင်း + ဖြစ်လေရာဘ၀တွင်
                                              မိမိလိုအပ်သောအရာကို တစ်ခဏအတွင်း ရနိုင်ခြင်း၊
                                                 ပထမအရွယ် ငယ်စဉ်ကတည်းက ချမ်းသာခြင်း
၎) ထွေးအပ်သော တံတွေးကဲ့သို့
    ပြန်လည်စွန်းငြိမှု မရှိဘဲ လှူဒါန်းခြင်း  – ပစ္စည်းဥစ္စာပေါများချမ်းသာခြင်း +
                                                  စည်းစိမ်ဥစ္စာ အပြည့်အ၀ ခံစားနိုင်ခြင်း။
၅) မည့်သူ့ကိုမျှ မထိခိုက်စေဘဲ
     လှူဒါန်းခြင်း                     – ပစ္စည်းဥစ္စာပေါများချမ်းသာခြင်း +
                                           ရန်သူမျိုး ၅ ပါး မပျက်စီးနိုင်ခြင်း

   
                 (အင်္ဂုတ္ထိုရ် ပါဠိတော်)

ထိုအင်္ဂါငါးချက်မှ တစ်ခုခုပျက်ခဲ့သော် လှူဒါန်းခဲ့သော် ကုသိုလ်ကြောင့် ပစ္စည်းဥစ္စာပေါများချမ်းသာခြင်း ဖြစ်သော်လည်း အဆစ်ရသော ချမ်းသာခြင်းကား ဆန့်ကျင်ဘက် ဟု သတ်မှတ်နိုင်ပေသည်။
 
 

မည့်သူ့ကိုမျှ မထိခိုက်စေဘဲ လှူဒါန်းခြင်းကား (၃) မျိုး ရှိသည်။

၁) သည်အလှူမျိုးကို ငါသာလျှင် လှူနိုင်၏။ တခြားသူများ မလှူနိုင်ဟူ၍ မာနထောင်ခြင်း။

၂) သူတစ်ပါးကို သတ်ဖြတ်၍ (သို့) ခိုးဝှက်လိမ်ညာလာဘ်စား၍ရလာသော ဥစ္စာဖြင့် ပေးလှူခြင်း။

၃) အလှူပြုခါနီးတွင် သား ငါးတို့ကို ရက်ကြို၍ မှာထားခြင်း။

ထို ၃ ချက်မှ တစ်ချက်ချက်နျင့် ငြိ၍ လှူဒါန်းခဲ့သော မိမိဥစ္စာပစ္စည်းများကို ရန်သူမျိုး ငါးပါးပျက်စီးနိုင်၏။
 
 

အလှူဒါန၏ မျက်မှောက်အကျိုး ၅ ပါး

အလှူဒါန၀တ္တု လှူဒါန်းသော အလှူရှင်သည် –

၁) လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း

၂) သူတော်ကောင်းတို့ မှီခိုဆည်းကပ်လာခြင်း

၃) ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ကြားခြင်း

၎) ပရိသတ် ၄ပါးသို့ ရွံ့ရှာခြင်းကင်း၊ ရဲတင်းစွာချဉ်းကပ်နိုင်ခြင်း

၅) သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ခြင်း ဟူသော အကျိုးကျေးဇူးတို့ကို ရရှိခံစားရ၏။
 
 

အလှူခံ ၁၄ ယောက်

သမ္မာသမ္ဓုဒ္ဓ ဘုရားရှင် ( ကို ပေးလှူလျှင် မရေမတွက်နိုင်အောင် ချမ်းသာမည်။)

ပစ္စေကဗုဒ္ဓါ ခေါ် ဘုရားငယ် (ကို ပေးလှူလျှင် မရေမတွက်နိုင်အောင် ချမ်းသာမည်။)

အရိယာပုဂ္ဂိုလ် ရှစ်ယောက် (ကို ပေးလှူလျှင် ဘ၀ပေါင်း မရေမတွက်နိုင်အောင် ချမ်းသာမည်။)

သာသနာပတွင် ကိလေသာကင်းအောင် ကျင့်သောရသေ့ ( ကို ပေးလှူလျှင် ဘ၀တစ်ကုဋေ ချမ်းသာမည်။)

သီလရှိသော လူသူတော်ကောင်း ( ကို ပေးလှူလျှင် ဘ၀တစ်သောင်း ချမ်းသာမည်။)

သီလမရှိသောလူမိုက် ( ကို ပေးလှူလျှင် ဘ၀တစ်ထောင် ချမ်းသာမည်။)

တိရစ္ဆာန် ( ကို ပေးလှူလျှင် ဘ၀တစ်ရာ ချမ်းသာမည်။)

 

ယခုဘ၀အကျိုးပေးမည့် အင်္ဂါလေးချက်

အလှူရှင်က မလှူခင်၊ လှူဆဲ၊ လှူပြီး စေတနာသုံးတန်စလုံး ကောင်းမွန်နေခြင်း၊

လှူဖွယ်ဝတ္ထုက ဓမ္မိယလဒ္ဓ၊ တရားသဖြင့် ရတာဖြစ်ခြင်း၊

အလှူခံပုဂ္ဂိုလ်က ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်ရခြင်း၊

ထိုအလှူခံပုဂ္ဂိုလ်သည် သာမာန်အချိန်မဟုတ်ဘဲ နိရောဓသမာပတ်က ထလာကာစဖြစ်ခြင်းတို့ဖြစ်သည်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s