နူနာသည်နှင့်တူသော ကိလေသာ

ဗုဒ္ဓက ကာမဂုဏ်အာရုံခံစားချင်သူတွေကို ကုဋ္ဌနူနာသည်နှင့်တူတယ်တဲ့။

ကာမဂုဏ်ခံစားချင်တဲ့စိတ်ပေါ်လာတာဟာ နူနာရောဂါပိုးတွေထလာတာတဲ့။ နူနာရောဂါပိုးတွေ ထလာတော့ လက်တိုခြေတို့တွေက တအားယားလာတာပေါ့။ ခံစားချင်တဲ့ ကာမဂုဏ်ကို ခံစားနေတဲ့အချိန်ဟာ နူနာရောဂါသည်ကြီး သူ့လက်ခြေတွေကို မီးကင်ပေးနေတာနဲ့ အတူတူပဲတဲ့။ ကာမဂုဏ်ခံစားလို့ ခဏတာ နှစ်သိမ့်မှုရသွားချိန်ဟာ နူနာပိုးတွေ မီးပူကြောင့် ခဏငြိမ်းသွားလို့ အယားပျောက်သွားသလိုပဲတဲ့။

ကာမဂုဏ်ဆိုတာဟာ ဘယ်တော့မှ ခံစားလို့ ၀သွားတယ်ဆိုတာမရှိဘူး။ ခဏကြာတော့ နောက်ကာမဂုဏ်တစ်မျိုးကို ခံစားချင်လို့ ထပ်ခံစားသလို နူနာရောဂါသည်ကြီးဟာလဲ ရောဂါပိုးတွေ ပြန်ထလာပြန်လို့ နောက်တစ်ခါမီးထပ်ကင်ရတာနဲ့ တူပြန်တယ်တဲ့။

ဒီတော့ ပုထုဇဉ်တွေ အဆင်းရူပါရုံကိုကြည့်ပြီး ကာမဂုဏ်ခံစားတယ်ဆိုတာ အနူမီးကင်တာပဲပေါ့။ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဖေါဋ္ဌဗ္ဗာရုံကိုတွေ့ထိပြီး ကာမဂုဏ်ခံစားတယ်ဆိုတာ အနူမီးကင်တာပဲတဲ့။ အတွေးအကြံ ဓမ္မာရုံကို စိတ်ကူးယဉ်ပြီးကာမဂုဏ်ခံစားတယ်ဆိုတာ အနူမီးကင်တာပဲပေါ့။ ရောဂါမပျောက်မခြင်း မီးကင်တဲ့ဒုက္ခ အမြဲရှိနေသလို အန္ဓပုထုဇဉ်တွေမှာလဲ ကာမဂုဏ်ကိုခံစားချင်တဲ့ သိမ်မွေ့တဲ့ လောဘ (ကာမရာဂါ နုသယ)ကို အနာဂါမိမဂ်နဲ့ မပယ်ရသေးသရွေ့ ကာမဂုဏ်ခံစားရတဲ့ ဒုက္ခကို ခံနေရဦးမှာပါ။

 

ဗုဒ္ဓက ကာမဂုဏ်ကို အပြစ်ဆယ်မျိုးနဲ့ ဥပမာပြပြီး ဟောခဲ့ပါတယ်။

၁) အင်္ဂါရကာသူပမာ – မီးကျီးတွင်းနဲ့လည်း တူတယ်တဲ့။ မီးကျီးတွင်းထဲကျရင် ပူလောင်ပြီးသေရသလို ကာမဂုဏ်အာရုံကို လွန်ကဲစွာခံစားချင်ကြောင့် သေသွားရပါတယ်။ (ရင်ခုန်တယ်ဆိုတာ လောဘမီးက နှလုံးကိုတိုက်လို့ ဖြစ်တာပါ။ ဒီထက် လောဘမီးလောင်တာများလာရင်တော့ သေတာပါပဲ။ ဒါ့ကြောင့် ရင်ခုန်မိတာအချစ်လားဆိုတာထက် ရင်ခုန်မိတာ သေမလို့ပဲ လို့ ဆိုသင့်ပါတယ်။

၂) တိဏုက္ကူပမာ  – လေညာသို့ ရှေ့ရှုယူသွားတဲ့ မြက်မီးရှူးနဲ့လည်း တူတယ်။ (လေဆန်ကို မီးရူးကိုကိုင်သွားရင် မီးတွေဟာ ကိုင်စွဲသူကို ပြန်လောင်သလိုပါပဲ ကာမဂုဏ်အာရုံကို စွဲလန်း တွေးပူနေမယ်ဆိုရင် အစွဲအလမ်းကိုမလျော့မခြင်း၊ သောကကို မလျော့မခြင်း ကိုယ့်ကိုလောင်နေမှာပါပဲ။

၃) ယာစိတကူပမာ – ခဏတာငှားရမ်းဝတ်ဆင်တဲ့ အ၀တ်တန်ဆာနဲ့လည်း တူတယ်။ (ငှားရမ်းထားတဲ့ဆန်တာပလာတွေကို တခဏတာပဲ ၀တ်စားနိုင်ပြီး ပိုင်ရှင်ကို ပြန်ပေးရသလို ကာမဂုဏ်ငါးပါးကလည်း မိနစ်ပိုင်း နာရီပိုင်းခံစားပြီး သူ့နေရာကို ပြန်ထားရပါတယ်။

၎) သုပိနကူပမာ – အိမ်မက်နဲ့လည်းတူတယ်။ (အိမ်မက်ထဲမှာ အစားကောင်း၊ အတွေ့အထိကောင်းတွေရတယ်လို့ မက်နေပေမယ့် အိပ်ရာကနိုးတော့ ပျောက်ကွယ်သွားသလိုပဲ အာရုံငါးပါးကို ခံစားနေတုန်းမှာတော့ လူဖြစ်ရကျိုးနပ်တယ်လို့ထင်နေရပေမယ့် ခံစားလည်းပြီးရော ကိုယ့်ဘ၀အနှစ်သာရတစ်ခုမှ မကျန်တဲ့အပြင် အကုသိုလ်ဇောတွေပဲ ထပ်နေတော့တာပါပဲ။)

၅) အဋ္ဌိကင်္ကလူပမာ – အသားမရှိတဲ့ အရိုးနဲ့လည်းတူတယ်။ (ခွေးတွေဟာ အရိုးတွေကနေ အသားတွေ ထွက်လာနိုးနိုး တကိုက်ကိုက်နဲ့ ကိုက်နေတာပဲ။ အရိုးကနေ ဘာမှမထွက်လာပဲ သူ့ပါးစပ်ကသွားရည်တွေ ထွက်လာတော့ သူ့သွားရည်နဲ့ သူပြန်ကောင်းနေတယ်။ ပုထုဇဉ်တွေ အာရုံငါးပါးခံစားတာလည်း အာရုံငါးပါးထဲကနေ ဘာမှထွက်မလာပါဘူး။ ပုထုဇဉ်ရဲ့သန္တာန်ကထွက်လာတဲ့ တဏှာသွားရည်ကြောင့်သာ ကောင်းတယ်လို့အထင်မှားနေကြတာပါ။ ဥပမာအားဖြင့် ပုထုဇဉ်နဲ့ ရဟန္တာတို့ ထမင်းစားတဲ့အခါ ရသာရုံကိုခံစားတာကြခြင်းတူပါတယ်။ ပုထုဇဉ်က တဏှာဆိုတဲ့သွားရည်ထွက်လာတော့ ကောင်းတယ်ထင်ပြီးစွဲလမ်းတော့တာပေါ့။ ရဟန္တာကတော့ တဏှာသွားရည်မရှိတော့ ဘယ်လိုမှ မဖြစ်တော့ပါဘူး။)

၆) မံသ ပေသူပမာ – လုယူရတဲ့အသားတစ်နဲ့လည်းတူတယ်။ (ကျီးတစ်ကောင်ဟာ သားတစ်တစ်ခုကို ရသွားပြီးဆိုရင် တခြားကျီးတွေက အသားတစ်ကိုမလွှတ်မချင်း ထိုဆိတ်ကြတယ်။ သားတစ်ကိုချီထားတဲ့ကျီးကလည်း နှုတ်ကမအားတော့ တခြားကျီးတွေကိုမခုခံနိုင်ဘဲ ထိုးဆိတ်သမျှသွေးချင်းချင်းနီအောင်ခံရတယ်။ နာလွန်းမက နာတဲ့အခါကျမှ သားတစ်ကိုလွှတ်ချလိုက်တယ်။ ဒီသားတစ်ကို နောက်ထပ်ချီတဲ့ကျီးကလည်း အခြားကျီးတွေက ဆက်ပြီးထိုးဆိတ်ကြပြန်တယ်။)

၇) ရုက္ခဖလူပမာ – အသီးသီးတဲ့သစ်ပင်နဲ့လည်း တူတယ်။ (အသီးသီးတဲ့အပင်နဲ့ အသီးမသီးတဲ့အပင်ရှိရာမှာ အသီးသီးတဲ့အပင်ကတော့ ခူးလည်းခံရ၊ ချိုးတာလည်းခံရ၊ ခုတ်တာလည်းခံရ၊ ပုတ်ချတာလည်းခံရတော့ ခဏနဲ့သေရတယ်။ အသီးမသီးတဲ့အပင်ကတော့ ဘယ်သူမှ ဂရုမစိုက်ဘူး။ ပစ္စည်းဥစ္စာမရှိတဲ့ဆင်းရဲသားတွေ၊ ရဟန်းသံဃာတွေကိုတော့ ဘယ်သူကမှ ဒုက္ခမပေးပါဘူး။

၈) အသိသူနုပမာ – စင်းနှီးတုံးနဲ့လည်း တူတယ်။ ( ငါးတွေကိုစင်းနှီးတုံးအပေါ်မှာ ခုတ်ဖြတ်တဲ့အခါ နောက်ဆုံးစင်းနှီးတုံးဟာ ပဲ့ရွဲ့ကျန်နေသလို ကာမဂုဏ်ခံစားတဲ့အခါမှာ ရေဂါဖြစ်ပြီး ဘ၀တုံး၊ ဘ၀ဆုံးသွားတဲ့လူတွေလို့ ဥပမာပေးခဲ့ပါတယ်။)

၉) သတ္တိသူလူပမာ – လှံနဲ့လည်း တူတယ်။ ( ချွန်ထက်တဲ့လှံဟာ ရင်ဝကိုစူးဝင်ရင် သေဆုံးရသလို ကာမဂုစ်ကိုတပ်မက်တဲ့တဏှာဟာလည်း နှလုံးသားကိုဝင်စူးရင် သေဆုံးရတာပါ။)

၁၀) သပ္ပသိရူပမာ – မြွေဦးခေါင်းနဲ့လည်းတူတယ်။ (မြွေဦးခေါင်းကိုကိုင်မိရင် အကိုက်ခံရပြီး မြွေဆိပ်တက်ကာ ဒုက္ခရောက်ရသလို၊ ကာမဂုဏ်ကြောမှာနစ်မြောမိရင်လည်း ကာမအဆိပ်တက်ပြီး ဒုက္ခရောက်ရတာပါပဲ။

 

 

အညွှန်း – လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၁ နှင့် ၂ စာအုပ်၊ အရှူံးမရှိသောဒဿနစာအုပ်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s