မာရ်နတ် (၅) ပါး

ကိုနေလင်းဆိုဒ်မှ ကူးယူတင်ပြပါသည်။

မာရ် (၅) ပါး ။ ။

မြတ်စွာဘုရားရှင် တရားဦးဟောရန် ဗောဓိမဏ္ဍိုင်မှ ဗာရာဏသီ မိဂဒါဝုန်သို့ ကြွတော်မူရာလမ်းမှာ ဂဟာမရောက်ခင် တစ်နေရာမှာ ဥပက တက္ကတွန်းကြီးနဲ့ တွေ့ပါတယ်။ ( တက္ကတွန်းဆိုတာလည်း အ၀တ်မ၀တ်ဘဲ ၊ ရေမချိုးဘဲ တရားရှာ ၊ တရားကျင့်တဲ့ ရသေ့ တစိမျိုးပါပဲ ။သူကတော့ နာဋပုတ္တ ဆရာကြီးရဲ့ တပည့် ပါ ။)
အဲဒီ ဥပက မေးလျှောက်တဲ့ မေးခွန်းတွေထဲမှာ ( ယထာ ခေါ တွံ အာဝုသော ပဋိဇာနာသိ ) ငါ့ရှင် ၀န်ခံတဲ့ စကားအရ ( အရဟသိ အနန္တဇိနော ) အဆုံးမရှိ အောင်တော်မူသော အနန္တဇိန ဖြစ်ထိုက်ပါရဲ့လား၊ အနန္တဇိန ဘွဲ့ ခံထိုက်ပြီလား …. ဆိုတဲ့ မေးခွန်းပါ တယ် ။ ဘာကြောင့်ဆိုရင် သူတို့ နိဂဏ္ဌဂိုဏ်းမှာ အကုသိုလ် ကိလေသာ အားလုံးကို ပယ်ဖျက်အောင်မြင်နိုင်သူကို အနန္တဇိန ဖြစ်တယ်လို့ ယူဆကြလို့ပါ။ သူတို့ရဲ့ ဆရာကြီး နာဋပုတ္တ ကို လည်း ဇိန လို့ခေါ်ကြပါတယ်။ အိန္ဒိယ အသံနဲ့ ( ဂျိန) ဖြစ်တယ်။ အဲဒါကနေ ဂျိန်းဘာသာ ဖြစ်လာပါတယ်။ ယနေ့လည်း ရှိနေပါတယ်။ထားပါတော့ ။

မြတ်စွာဘုရား ပြန်ဖြေတာက –

မာဒိသာ ဝေ ဇိနာ ဟောန္တိ၊ ယေ ပတ္တာ အာသ၀က္ခယံ ။

ဇိတာ မေ ပါပကော ဓမ္မာ ၊ တသ္ဓာဟမုပက ဇိနော ။ ….လို့ဖြစ်ပါတယ်။

ဆိုတာတာကို တိုတိုပြောရရင် …

ငါကဲ့သို့ အာသဝေါကိလေသာ ကုန်ခြင်းရောက်တဲ့ သူကိုမှ ဇိန မည်တယ်။ ကိလေသာကုန်အောင် တရားအားမထုတ်ရသေးရင် ဇိန မခေါ်ရဘူး ။

ငါ သည် ယုတ်မာသော အကုသိုလ် ကိလေသာ တရားအားလုံးကို အောင်နိုင်ပြီး ဖြစ်လို့ ငါ သည် ဇိန ဖြစ်တယ် လို့ မိန့်ကြားပါတယ်။

ဒီနေရာမှာ ထပ်ဆင့် ရှင်းထားတာက ဇိန ဆိုတာ .. မာရ် (၅) ပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား လို့ အဓိပ္ပါယ်ရပါတယ် ။ ဇိန ဂုဏ်တော်လို့ လဲ သုံးကြပါတယ် ။

ဘုန်းတော် (၆)ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား လို့ နားလည်နေကြတဲ့ ဘဂ၀ါ ဂုဏ်တော်ရဲ့ အခြား အဓိပ္ပါယ်တစ်ခုကလည်း မာရ် (၅) ပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား ပဲဖြစ်ပါတယ် ။

ဒါတွေကတော့ –
(၁) ဒေ၀ပုတ္တ မာရ် ၊
(၂) ကိလေသ မာရ် ၊
(၃) အဘိသင်္ခါရ မာရ် ၊
(၄) ခန္ဓ မာရ် ၊
(၅) မစ္စု မာရ်
တို့ဖြစ်ပါတယ် ။

တနှစ်က ပလန်းနက်မှာ ဖြစ်တာလေး သတိရသေးတယ်။ ဘာသာခြား ညီအစ်ကို တစ်ယောက်က ဗုဒ္ဓအောင်မြင်ခဲ့တဲ့ မာရ် (၅) ပါးကို ဖော်ပြပေးပါ ဆိုလို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမတွေ ဖြေပေးကြတယ် ။ အစုံပဲ ၊ ရှင်းလင်းချက်တွေ ရော ရေးကြတာ။ ဒါပေမဲ့ အဲဒီ့ ဘာသာခြား ညီအစ်ကို နားကို မလည်ပါဘူး။ နောက်တော့ သူ က ကျွန်တော်တို့ သခင်ယေရှုမှာ လည်း မာရ် (၅) ပါးရှိပါတယ် ..တဲ့။ဘာတွေလဲ ဆိုတော့ –
လိုတရမာရ် = ပေါင်မုန့် နဲ့ ၀ိုင် နည်းနည်းလေးကို သူဝေပေးတာ အများကြီးဖြစ်တယ် ။ . မြစ်ရေကြီးတာကို တားပေးနိုင်တယ် ။ မြို့ကို ရေလွှမ်းအောင် လုပ်နိုင်တယ် ၊ သေပြီးပြန်ထလာတယ်…… စသဖြင့် ဒါမျိုး အချက် (၅) ချက် ရေးသွားပါတယ်။
ဒါတွေဖြစ်နိုင်တာ မဖြစ်နိုင်တာ ပြောစရာ မရှိ ပါဘူး ။
ပြောချင်တာက ဗုဒ္ဓဘာသာ ရဲ့ စာလုံး အသုံးအနှူံးတွေကို နည်းမလည်ဘဲ နဲ့ ခိုးချကြတာ ၊ ရောချကြတာ တွေဟာ ရယ်စရာပါ ။

မာရ် ဆိုတာ .. မာရ …ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာ ဝေါဟာရ တစ်ခုပါ။ မာရ ဆိုတာ သေခြင်း ၊သေစေခြင်း လို့ အဓိပ္ပါယ်ရပါတယ် ။ သေတတ်တဲ့ သဘော ၊ သေအောင် သတ်တတ်တဲ့ သဘော ကို လည်း မာရ ( မာရ် ) လို့ ခေါ်ပါတယ် ။ လူကို သတ်တတ်တဲ့ မာရ် ၊ စိတ်ကို သတ်တတ်တဲ့ မာရ် (၅) ပါးကို ဗုဒ္ဓမြတ်စွာကအောင်နိုင်ခဲ့တာပါ ။

တခြား ဘုန်းတော်တွေ ၊အားတော်တွေ ၊ တန်ခိုးတော်တွေ ၊ ပေါင်မုန့် ဝေတာတွေနဲ့ အဓိပ္ပါယ်အားဖြင့်ကို မသက်ဆိုင်ပါ ။

(၁) ဒေ၀ပုတ္တ မာရ် ။ ။ မာရ် (၅)ပါးမှာ တစ်ခုတည်းသော သက်ရှိ မာရ်ဖြစ်ပါတယ် ။ ကျန်တာ သက်မဲ့ မာရ်တွေ ပါ ။
ဒေ၀ပုတ္တ မာရ် = ဒေ၀ပုတ္တ ( နတ်သား ) + မာရ် (သေအောင် သတ်တတ်တဲ့ ) = သေအောင် သတ်တတ်တဲ့ နတ်သား ဆိုတဲ့ အဓိပ္ပါယ်ရပါတယ် ။

မာရ်နတ် ကတော့ နတ်ပြည် ၆-ထပ်မှာ အပေါ်ဆုံးထပ် ( ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည် – ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ ) မှ နတ်ဆိုးတစ်ဦင်္းပဲ ဖြစ်ပါတယ် ။ အဲဒီ့ နတ်ပြည်ရဲ့ အဓိပတိခေါင်းဆောင်က ၀သ၀တ္တီ နတ်မင်းကြီး ပါ ။ မာရ်နတ် ကတော့ ပွကြီးပေါ့ ။ ၃၁-ဘုံမှာ သူတန်ခိုးကြီးတယ် ၊ကာမဂုဏ်ဆိုတာ သတ္တ၀ါတွေ အတွက် သူကပဲ ဖန်ဆင်းပေးထားတာ မျိုး အထင် ရောက်နေသူပါ။ သတ္တ၀ါတွေ သံသရာမှာ ဘ၀မျိုးစုံ ကျင်လည်ရင်း သူဖန်တီးပေးထားတဲ့ လောကီအာရုံ ကာမဂုဏ်တွေကို ခံစားနေကြတာပဲ သူကကြိက်ပါတယ် ။ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမဲ့ ဘုရားလောင်းတွေဆိုရင် သူနှောက်ယှက်တာပါပဲ ။

တောထွက်မယ်ဆိုလဲ တားတာပဲ ။ဘုရားလောင်း တောထွက်ခါနီးမှာ…. အသင်မင်းသား…..တောမထွက်ပါနဲ့ ။ နောက် (၇)ရက်ကြာရင် စကြာရတနာ ဆိုက်ရောက်လာပါမယ် ။ အသင်မင်းသား…..စကြာမင်းဖြစ်တော့မယ်။အခုလို ငယ်တုန်းမှာ ကာမဂုဏ်တွေ ခံစားပါဦး ၊ တရားအားထုတ်တယ်ဆိုတာ အသက်ကြီးပြီး ကာမဂုဏ်တွေ မခံစားနိုင်တော့မှ လပြိရမှာလေ ။ နောက်ကြောင်းပြန်လှည့်ပါ ၊အသင်မင်းသား…..တောမထွက်ပါနဲ့ ။ …လို့ တားပါတယ်။

ဘုရားဖြစ်ခါ နီးတော့ လဲ နှောက်ယှက်တာပါပဲ။
အဲဒီ.ညနေစောင်း မာရ်နတ်နဲ့ တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်တယ်ပြောကြတာပဲ ။ဘုရားလောင်းရဲ. အနားမှာ ဘုရားဖြစ်တာနဲ့ ခရူသင်းမှုတ်မယ်ဆိုပြီး ခရူသင်းကြီးကိုင်ပြီးစောင့်နေတဲ့ သက္ကမင်း (သိကြားမင်း) နဲ့ ဗြဟ္မာတွေ၊နတ်တွေလဲ တိုက်ပွဲစတာနဲ့ အကုန်ပြေးကြတာပဲတဲ့။ မပြေးခံနိုင်ရိုးလား ။ သူသုံးတာတွေက မုန်တိုင်းလက်နက် ၊ မိုးလက်နက် ၊ ကျောက်ခဲလက်နက် ၊ ဓားလှံမိုးလက်နက် ၊ မီးကျီမိုး လက်နက် ၊ ပြာပူမိုးလက်နက် ၊ သဲပူမိုးလက်နက် ၊ ညွန်ပူမိုး လက်နက် ၊ အမှောင်တိုက် လက်နက် စတဲ့ လက်နက်(၉)ပါး ၊ စစ်သည်အင်အား များစွာ တို့နဲ့ ပြင်းပြင်းထန်ထန်ကို အကြမ်းဖက် တိုက်ခိုက်ပါတယ် ။

ဘုရားရှင်က မဟာပထ၀ီ မြေကြီးကို တိုင်တည်တော့ မာရ်နတ်ကြီးလည်း ဂိရီမေခလာဆင်တော်ပေါ်က ပြုတ်ကျပြီး ထွက်ပြေးရပါတယ်။

အဲဒီမှာ မာရ်နတ်ကြီးကိုင်လာတဲ့ ရွှေဆောင်းတော်ကြီးဟာ ဗောဓိပင်နားမှာ ကျန်ခဲ့တယ်…တဲ့။ အဲဒီဆောင်းကို သိကြားမင်းကကောက်ပြီး ပဉ္စသင်္ခနတ်သားကို ပေးထားတာလို့ ပြောပါတယ်။ အခု ပဉ္စသင်္ခနတ်သားကိုင်ထားတာ မာရ်နတ်ကြီးရဲ့ဆောင်းပါ။ ကျွန်တော်ပြောတာ မဟုတ်ဘူးနော် (ဆရာတော် အသျှင်ဥာဏိသာရ ဟောတာ )….တော်ကြာနတ်ကိုင်တာ ခံနေရမှာ စိုးလို့။
ဘုရားရှင် ဒီတိုက်ပွဲကို မေတ္တာပါရမီ ၊ အဓိဌာန် ပါရမီ တန်ခိုးတွေနဲ့ နိုင်ခဲ့ပါတယ် ။

ဘုရားဖြစ်တော့လဲ ကြံဖန်ပြီးတားတာပဲ ။
အရှင်ဘုရား ၊ ဘုရားဖြစ်ချင်လို့ ပါရမီတွေ ဖြည့်ခဲ့ရတာ ၊ ကြိုးစားခဲ့ရတာ …..အခု ဘုရားဖြစ်ပြီလေ ။ သိစရာအားလုံးလဲ သိနေပြီ ။ တော်ပြီပေါ့ ။ ဘာလို့ လှည့်လည်ပြီး တရားဟောဦးမှာလဲ ။ ကိုယ် ဖြစ်ချင်တာလဲ ဖြစ်ပြီးပြီ ဆိုတော့ ပရိနိဗ္ဗာန် ပြုပါတော့ .……….တဲ့ ။

ဒါ့ အပြင် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စူံတစ်ယောက် သံသရာ ပြတ်ကြောင်း ကျင့်ကြံနေပြီဆိုရင် သူက ကာမဂုဏ်မျိုးစုံနဲ့ နှောက်ယှက်တတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူ့ကို မာရ်နတ် = သတ်ဖြတ်သူ ၊ ညှုဉ်းပန်းနှိပ်စက်သူ လို့ ခေါ်နိုင်ပါတယ်။

ဘုရားရှင်တွေကတော့ သူ့ကို မေတ္တာနဲ့ ပဲ အနိုင်ယူပါတယ်။ ကလေးဆိုးကြီးလို ခွင့်လွတ်ကြတယ် ။ သူ့ကို ခွေးသေကောင် ပုပ်ကြီး လည်ပင်းမှာ ဆွဲပေးပြီး ဒဏ်ပေးတာတော့ ပိဋကတ်တော်မှာ ရဟန္တာ တစ်ပါးရှိပါတယ် …. ( ရှင် ဥပဂုတ္တ မဟုတ်ဘူး..နော် … ရှင် ဥပဂုတ္တဆိုတာပိဋကတ်တော်မှာ မပါဘူး) အဲဒီ ရဟန္တာ ကတော့ သဋိမတ္တိယ လို့ ဘွဲ့တော် ခေါ်ပါတယ်။ ( ဓမ္မစေတီ ဦးကောသလ္လ ဟောတဲ့ ….. မာရ်နတ်ရဲ့ လည်ပင်း ခွေးသေကောင် ပုပ် ဘယ်သူဆွဲလဲ တရားမှာ နာကြည့်ပါ ။ )

သူရှိနေတဲ့ နတ်ပြည်ရဲ့ သက်တမ်း ( ၁၆ ၀၀၀ ) …လူနှစ်နဲ့ ဆို ( ၉၂၁၆ ၀၀၀ ၀၀၀ ) နှစ် ကြာမှ စုတေပြီးရင် ကမ္ဘာတစ်သိန်းအကြာမှာ အာထိတ်သရ အမည်နဲ့ ပစ္စေကဗုဒ္ဓ ဖြစ်မယ်လို့ ဗျာဒိတ် ရထားသူပါ။ ခုတော့ လိမ္မာနေပြီ ထင်တာပဲ ။ ဘာသံမှ မကြားဘူး ။ နောက်ဘုရားပွင့်မှ ဘာလုပ်ဦးမလဲတော့ မသိဘူး။

—————————————-

( ဆက်ရန် )

(၂) ကိလေသမာရ် ။ ။ ကိလေသာ ဆိုတာကတော့ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့ တရားတွေပဲ ဖြစ်ပါတယ်။ ဒီ ကိလေသာရှိနေသမျှ သံသရာက မလွတ်ဘဲ တ၀ဲလည်လည် ကျင်လည် ပြီး သေပြီးရင်း သေ နေရဦးမှာ မို့လို့ ကိလေသ ကိုလည်း သတ်တတ်တဲ့ မာရ် လို့ခေါ်ပါတယ်။ ကိလေသ အကျဉ်း(၁၀)ပါးရှိပါတယ်။

၁- လောဘ = လိုချင်တပ်မက်ခြင်း

၂- ဒေါသ = အမျက်ထွက်ခြင်း ။
( စိတ်ထဲမှာ တနှံ့နှံ့နဲ့ အသားထဲဆူးဝင်သလို မျက် နေတာ ၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically ဘာမှ မလုပ်သေးတာကို ကောဓ (အမျက်) လို့ ခေါ်ပါမယ် ။အဲဒီ ကောဓ အပြင်ထွက်ပေါက်ကွဲရင် ဒေါသ ဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍဇာတ်တော်မှာ ကဏ္ဍရသေ့ကြီးက ကောဓမဖြစ်ရပါလို၏ ၊ ဒေါသမဖြစ်ရပါလို၏ လို့ ခွဲပြီး ဆုတောင်းအဓိဌာန်ပြုပါတယ်။)

၃- မောဟ = တွေဝေမိုက်မဲခြင်း ။
( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အ၀ိဇ္ဇာ နဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာ ပဲ ပြောနိုင်ကြတယ်။ ဆရာတော်ဘုရားများ ဟောတဲ့ အရှင်းဆုံးကတော့ သစ္စာ(၄)ပါး ကို မသိခြင်းဟာ အ၀ိဇ္ဇာ ပါပဲ ။ ဒိဌိနဲ့ နွယ်ပါတယ် ။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေေ၀ ငေးငေးငိုင်ငိုင်နဲ့ လုပ်နေတာ ၊ ကိုယ်လုပ်နေတာကုသိုလ်လား ၊ အကုသိုလ်လား မသိတာ …မောဟ ပါပဲ ။ သစ္စာမသိခြင်းလောက်လဲ အဆင့်မမြင့်ပါဘူး။သစ္စာမသိရင်သံသရာလည်မယ်၊ မောဟများရင် အပယ်လားမယ်။

အလှူ လှူတယ် ဘယ်လိုလှူသင့်လဲ မသိ ၊ ဒီအလှူကဘာကုသိုလ်ရမယ်မှန်းမသိ ၊လှူတော့လှူနေတာပဲ ။ ဒါမောဟဖုံးလွှမ်းတာလို့ ဆိုပါတယ်။ မောဟရဲ့ တွေဝေမှုမှာ Action ကရှိနေပါဦးမယ်။ ဘာလို လှူရင်ကုသိုလ်ရမှန်းသိတယ်။ ကုသိုလ်ရအောင်လှူတယ်။ ပြီးမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဆိုတာမျိုးဆုတောင်းလိုက်ရင်တော့ အ၀ိဇ္ဇာပါ သွားပါပြီ။ ဒုက္ခသစ္စာကို မသိလို့ နောက်သမုဒယသစ္စာကို လိုချင်တာ ပါပဲ။

နောက်ဥပမာတစ်ခု- လူတစ်ယောက် အတိတ်ကိုတွေးရင် ဒေါသဖြစ်မယ်။ ဒီတော့ ဘာမှ လုပ်လို့ မရတော့တဲ့ အတိတ်ကို မတွေးပါနဲ့ ။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မယ်။ အနာဂတ်ကမရောက်သေးလို့ ဖြစ်၊ပျက်သံသရာမှာ ကြိုတင်ပြီး လောဘစိတ်မထားနဲ့ ။ ပစ္စုပ္ပန်မှာ တော့ မောဟ နဲ့ မနေနဲ့ လို့ ဆရာတော်များဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသိုလ်၊အကုသိုလ်ခွဲခြားနိုင်တဲ့ ပညာ ရှိနေခြင်းဟာ မောဟကင်းခြင်းပါပဲ ။ ပညာကမြင့်လာ လို့ သစ္စာတရားတွေကို မြင်လာရင်တော့ အ၀ိဇ္ဇာပါ ကင်းပါလိမ့်မယ်။ မောဟရဲ့ တွေဝေမှုမှာ Action ကရှိနေပါဦးမယ်။ ထိနမိဒ္ဓ လို ငိုက်နေတာ တော့ မဟုတ်သေးပါဘူး။

၎- မာန = ထောင်လွှားခြင်း ။
(မာန ဆိုတာ မာန် ပါပဲ ။ မာန်တက်နေတယ် ။ မာနကြီးနေတယ် …ပြောကြပါတယ်။
မာန်(မာန) (၃) မျိုး ရှိပါတယ် ။

1 – သေဌမာန် = ငါသာမြတ်တယ် လို့ မာန်တက်ခြင်း

2 – သဒိသမာန် = ငါနှင့် တန်းတူတွေပါပဲ လို့ မာန်တက်ခြင်း

3- ဟိနမာန် = ငါကား နိမ့်တယ် ၊ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး လို့ မာန်တက်ခြင်း တို့ဖြစ်ပါတယ်။

မာန်တက်ရန် (၃) ချက် ။

1 – ဇာတိမာန် = ဇာတ်ကို စွဲ၍ မာန်တက်ခြင်း

2 – ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း

3 – ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်ပါတယ်။

၅ – ဒိဌိ ( မိစ္ဆာ ဒိဌိ ) = အယူမှားခြင်း ။
( အားလုံး ၆၂-ပါး ။ ဒါပေမယ့် ၃ ပါး ၊ နိယတ (၄) ပါး။ (၁၀)ပါး ၊ (၁၁)ပါး စသဖြင့် ဆရာတော်များ သင့်သလိုဟောပြော ကြပါတယ် ။ မိစ္ဆာ ဒိဌိ လုံးလဲ မရှင်းတော့ဘဲ သမ္မာဒိဌိ (၅) ပါးကို ဟောပြောသည်လည်းရှိပါတယ် ။)
ဒိဌိ ဟာ ရှစ်ပါးသော တရားတွေပေါ်မှာ အမှီပြုပြီး ဖြစ်တတ်ပါတယ်။

ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ …လို့ မှတ်ထားဖူးပါတယ် ။

(က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၄င်း ၊

(ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၄င်း ၊

(ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၄င်း ၊

(ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၄င်း ၊

(င) အကြံအစည် နဲ့ ပတ်သက်၍ ၄င်း ၊

(စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၄င်း ၊

(ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၄င်း ၊

(ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၄င်း ဒိဌိ ဖြစ်လာပါတယ်။

၆- ၀ိစိကိစ္ဆာ =တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော )
( ၀ိစိကိစ္ဆာ ဟာလဲ ရှစ်ပါးသော တရားတွေပေါ်မှာ အမှီပြုပြီး ဖြစ်တတ်ပါတယ်။

(က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဥာဏ်တော်များ နဲ့ ပတ်သက်၍ ၄င်း ၊

(ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၄င်း ၊

(ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၄င်း ၊

(ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၄င်း ၊

(င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊

(စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊

(ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၄င်း ၊

(ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၄င်း ၀ိစိကိစ္ဆာ ဖြစ်လာပါတယ်။

ဒိဌိ နဲ့ ၀ိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပါပြီ ။

(၇) ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း ။
( မြွေ ဘ၀ကနေ ဖြစ်လာတဲ့ လူတွေ ထိနမိဒ္ဓ များတယ်လို့ ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့တယ်။)

(၈) ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။

(၉) အဟိရိက = မကောင်းမှုလုပ်ရမှာ မရှက်ခြင်း ။

(၁၀ ) အနောတ္တပ္ပ = မကောင်းမှုလုပ်ရမှာ မကြောက်ခြင်း

ဒါတွေဟာ ကိလေသ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်ပါတယ်။

ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲလို့ရပါသေးတယ်။

ကိလေသာ (၃)မျိုး

(၁) ၀ိတိက္ကမ ကိလေသာ – အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )

(၂) ပရိယုဌာန ကိလေသာ – မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် )

(၃) အနုသယ ကိလေသာ – သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ ။ ( ၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန် )

ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးမှာ ကိလေသမာရ် ဟာ အဓိက ရန်သူကြီးဖြစ်ပါတယ်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပျက် အောင် နိုင် ပါမယ်။
*************
(၃) အဘိသင်္ခါရ မာရ် ။ ။
ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို ဆိုလိုတာပါပဲ ။ ကုသိုလ်ကံ ကြောင့် ကောင်းရာ သုဂတိ ရောက်မယ် ။ အ ကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘ၀ရောက်မယ်။ ဘယ်ဘ၀ပဲ ရောက်ရောက် သေရ ဦးမယ်။ ဒါကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တွေဟာလည်း တဖန်သေမယ့် ဘ၀ရအောင် ပြုလုပ်ရာ ရောက်နေလို့ သတ်တတ်သော ၊ သေစေတတ်သော မာရ် ပဲ ဖြစ်ပါတယ်

သင်္ခါရ တရားကို (၃) မျိုး ခွဲလို့ရပါတယ်။

(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။

(၂) အ ပုညာဘိ သင်္ခါရ = အ ကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။

(၃) အာနဉ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။

ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ ဆိုတာကတော. လူသား (၀ါ) သတ္တ၀ါရဲ. ကာယ၊၀ါစာ ၊ ဥာဏ လုပ်အား ပါပဲ ။ အဘိဓမ္မာအရလဲ ကံသည်စေတနာ ပဲဖြစ်ပါတယ် ။

မြတ်ဗုဒ္ဓ က –
” စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ ။ ” စေတနာ ကို ကံဟု ငါဘုရားဆို၏ ။ ” လို. ဟောခဲ.တယ်။

ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ – ကုသလာ ၊ကုသလံ – ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ – ကံသည် ၊၀ိပါကာနံ – အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ – နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ – ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ – ဖြစ်၏ ။ …..

စေတနာ – စေတနာသည် ၊ သမ္ပယုတ္တကာနံ – ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ – တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ – ထိုစေတနာကြောင်.ဖြစ်ကုန်သော ရူပါနံစ – စိတ္တဇရုပ်တို.အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ – ဖြစ်၏ ……လို.ပါနေတယ်။

ဒီတော. ကောင်းတာလုပ် ကောင်းတာဖြစ် ၊ မကောင်းတာလုပ် မကောင်းတာဖြစ် ၊ ကောင်းတာလုပ် ပြီး ကောင်းတာမဖြစ် ၊ မကောင်းတာလုပ် ကောင်းတာဖြစ် နေတဲ. အခြေအနေတွေ ရှိပါမယ်။

အောက်ပါ ကံ ( ၄ ) ချက် ပေါ်မူတည်ပါတယ်။

ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်-

၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဌဓမ္မ ဝေဒနိယ ကံ )

၂- နောင်ဘ၀မှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ )

၃- ချက်ချင်းလက်ငင်း ယခုဘ၀ရော ၊ နောင်ဘ၀မှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘ၀မှသည် ကံပိုင်ရှင် ထိုလူသား နိဗ်ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်. ( အပရာပရိယ ဝေဒနိယ ကံ )

၎- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …..… တို.ဖြစ်သည်။

အဘိဓမ္မာနည်းအရ ၀ီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဒိဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘ၀) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို. မရင်.ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။

(က)မကောင်းသောကံ တွေ ရှိပေမယ်. ကောင်းသောကံ အားကြီးအောင် ကိုယ် က လုပ်နိုင်တာလဲ ရှိတယ်။( ဥပမာ အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံတွေ ရဟန္တာဘ၀ ကို အကျိုးပေးခွင်.မရ ဘဲ အဟောသိကံ ဖြစ်သွားကြရတယ်။ )

(ခ) ကောင်းသောကံ တွေ ရှိပေမယ်. မကောင်းသောကံ အားကြီးလွန်းလို.အကျိုးပေးခွင်.မရ အောင် တားလို. မရတော.တာလဲ ရှိတယ်။ ( ဥပမာ – ပထမသံဃာယနာ ရဲ့ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်တဲ့အကုသိုလ် ကြောင့် ဘုရားကို ကြည်ညိုတဲ့ ပုထုဇဉ်တွေထဲမှာ အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲမှာ လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမယ်။ဒါပေမဲ့ အဲဒီ ငရဲကလွတ်ရင်တော့ ၀ိစီတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်ပါမယ် )

အရေးကြီးတဲ. သင်ခန်းစာ ကတော. အကုသိုလ် လုပ်မိရင် မတိုးပွားအောင် တိုတိုဖြတ် ၊ ဒါမှ အကျိုးပေးခွင်.မရ ဘဲ အဟောသိကံ ဖြစ်သွားကြမယ်။ ကုသိုလ် လုပ်ရင် တိုးပွားအောင် အားဆင့်ပေး ၊ ဒါမှ ကောင်းကျိုးပေးခွင်.ရမယ်။

ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ ဘာဖြစ်ချင်တယ် ၊ ညာ ဖြစ်ချင်တယ်ဆိုတဲ့ တဏှာ မကပ်ငြိရဘူး။(မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောပါတယ်။ နတ်သမီး ၅၀၀ နဲ့ သုဗြဟမ နတ်သားဇာတ် တို့ ၊ ဘယ်ဘ၀ရောက်ရောက် သေရဦးမယ် ဆိုတာ ထင်ရှားတဲ့ ဇာတ်တော်တွေ နာယူကြည့်ပါ)

နောက် ဒါန ၊သီလ ၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမမစေတီ ဦးကောသလ ရဲ့ ဒသနသမ္ဗဒါ နည်း နဲ့ ရှင်းတဲ့ ဒါန ၊ အ မြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗာန်ဆီသို့ စတဲ့တရားတွေမှာ မှတ်သားကြပါ ။

ဒါမှ အဘိသင်္ခါရ မာရ် ကို အသိနဲ့ တားရာရောက်မယ်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက် အောင် နိုင် ပါမယ်။

(၅) မစ္စုမာန် ။ ။ ဒါကတော့ သေခြင်းပါပဲ ။ သေခြင်းအတွက် Reason မျိုးစုံ ရှိပါတယ်။ အခြားသော ဘာသာဝင် တွေကလည်း ဘာလို့သေရတယ်ဆိုတာကို အမျိုးမျိုး အကြောင်းပြကြပါတယ်။ အခြားသော ဘာသာတွေရဲ့ သေခြင်းအပေါ် သုံးသပ်ချက်တွေကို မတင်ပြလိုပါ ။ ဘုရားသခင် စိတ်ကောက်သွားလို့ သေရတာပဲ ဖြစ်ဖြစ်၊ အပြစ်ပေးတာပဲ ဖြစ်ဖြစ် အရေးမကြီးပါ။ ဗုဒ္ဓဘာသာအလိုအရတော့ မွေးလို့ သေရပါတယ်။ မသေချင်ရင် နောက်တစ်ခါ မွေးဖွားခြင်းမခံရအောင် ဒီဘ၀ဟာ နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရပါမယ်။

မွေးလာပြီးရင် အကြောင်း (၄) ချက်နဲ့ ပြန်သေကြရပါတယ်။ ဒါတွေကတော့ –

(၁) အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )

(၂) ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )

(၃) ဥဘယက္ခယ = အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း )

(၄)ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) ….. တို့ဖြစ်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် သေရမှာကို သတ္တ၀ါတွေ ကြောက်ကြပါတယ်။ကြောက် ရခြင်း မှာလည်း သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်ပါမယ်။

(၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။

(၂) မိမိ၏ အမြတ်တနိုး သုံးစွဲခဲ့သောသိမ်းစည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊

(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနုာများကို တွေး၍ကြောက်ခြင်း၊

(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း …. တို့ဖြစ်ပါတယ်။

သေခါနီးသတ္တ၀ါတွင် ဆိုးဝါးလွန်းသော ဝေဒနာများ ခံစားရလေ့ရှိသည် ဆို၏။
လူတစ်ယောက်၏ နောက်ဆုံးအချိန်တွင် သေဆုံးသွားအောင် နှိပ်စက်သော ဝေဒနာ တို့သည် လေ (၃) မျိုး ကြောင့် ဖြစ်လာရသည်ဆို၏။ ( မှတ်ချက် ။ ။ ပုံမှန် အချိန်တွင် လေ (၆) မျိုးရှိသည်။ အကျယ် အားဖြင့် လေမျိုး (၈၀)ဆိုတာလည်းရှိသေးတယ်)
ထို သေစေသော လေ (၃) မျိုး မှာ-
(၁) သတ္ထက ၀ါဓ – ဓားငယ် နှင့်တူသောလေ ( ကိုယ်တွင်း၌ ဓားငယ်ဖြင့် မွှန်းနေသကဲ့သို့ နာကျင်စေသော လေ )
(၂)ခုက္တက ၀ါဓ – သင်တုန်းဓားနှင့် တူသောလေ ( အူ ၊အသဲများကို ပိုင်းဖြတ်နေ သကဲ့သို့ နာကျင်စေသော လေ )
(၃) ဥပလ္လက ၀ါဓ – နှလုံးသားကို ပင် အပြင်ထုတ်ပစ်နိုင်လောက်အောင် ပြင်းထန်စွာတွန်းကန်သော လေ ( ၀မ်းတွင်းမှ အူကလီစာများ ၊ ငယ်ချီးများပါ အပြင် ထွက်ကျလာအောင် နာကျင်စေသော လေ )
ဤလေများကို ကြံ့ကြံ့ခံနိုင်ရန် ဝေဒနာနုပဿနာ ကို လေ့ကျင်ကြရသည်။

သေခြင်းနှင့် ပတ်သက်ပြီးရေးရင် အများကြီး ဖြစ်နေပါမယ်။သေချိန်မှာ ဘယ်လိုကံတွေ ၊ဇောစိတ်တွေ ဖြစ်တယ်ဆိုတာလည်း ၀ိပဿနာ ဆိုင်ရာ ခေါင်းစဉ်တွေမှာ အများကြီး ရေးပြီးကြပါပြီ ။ ဒီနေရာမှာ ဆိုလိုရင်းက သေခြင်းမာရ်ကိုအောင်နိုင် ခြင်း ဖြစ်တော့ ဘယ်လို အောင်နိုင်တယ် ဆိုတာကိုပဲ အလေးထားဖေါ်ပြပါမယ် ။ တခြားဘာသာဝင်တွေကတော့ သေခြင်းကို အောင်နိုင်ဖို့ သေကြည့်ရမယ် …ပြီးလို့ ပြန်ရှင်လာမယ် ဆိုရင် သေခြင်းကိုအောင်နိုင် ပြီ လို့ ဆိုကြပါတယ် ။
ဗုဒ္ဓဘာသာ အလိုအရကတော့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ ၊ နိရောဓဖြစ်နေတဲ့ အသစ်တဖန် မွေးဖွားခြင်း၊သေဆုံးခြင်း ကင်းရာ နိဗ္ဗာန် ကို အရဟတ္တဖိုလ် ဖြင့် ဆိုက်ရောက်ရခြင်းဟာ သေခြင်းမာရ်ကိုအောင်နိုင် ခြင်း ဖြစ်ပါတယ် ။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s