သာသနာနှင့် နတ်ကိုးကွယ်မှု

လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါးကို ကိုးကွယ်နေမိကြပြီဖြစ်သော ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကိုးကွယ်ရာအပိုမရှာသင့်တော့ပါ။

 ရိုးရာအစဉ်ရှိနေသောကြောင့် မိမိလက်ထက်မှ ထူးချွန်ပြီး ပွဲမတင်ဘဲနေမိသဖြင့် နတ်ကိုင်မှာကြောက်လျှင် ကိုးကွယ်ခြင်း၊ ပသခြင်းနှစ်မျိုးတွင် ဒါနသဘော ပသခြင်းမျိုးကား ပြုကောင်းပါသည်။

 

သာသနာဖျက်နတ်များ

နတ်ဟုဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်အများစုက ကိုးကွယ်ဆည်းကပ်စရာ သူတော်ကောင်းနတ်များဟုသာ ထင်နေကြသည်။ တကယ်တော့ သာသနာဖျက် သူယုတ်မာနတ်များ အများအပြားရှိသည်။

၁)

တခါက မိုးကုတ်မြို့တွင် စာသင်နေသော ကိုရင်တစ်ပါးမှာ ရဟန်းဒကာပေါ်သဖြင့် မြင်းခြံမြို့ကမိဘများထံ စာရေးမှာလိုက်သည်။ သို့သော ဖခင်သာလာသည်. မိခင်ပါမလာ။ အကြောင်းမှာ ကိုးကွယ်သောနတ်က မသွားရ။ သွားလျှင် အလောင်းပဲ တွေ့ရမည်ဟု ပူးဝင်ခြိမ်းခြောက်သောကြောင့် မလာနိုင်ခြင်းကြောင့်ဖြစ်သည်။

၂)

ပါရာဇိကဏ် ပါဠိတော်၊ တတိယပါရာဇိက၊ စာမျက်နှာ ၈၆-၈၇ တွင် –
မြတ်စွာဘုရား ဝေသာလီပြည်၊ မဟာဝုန်တော ပြသာဒ်ဆောင်ပေါက်သောကျောင်းကြီးတွင် သီတင်းသုံးတော်မူနေစဉ် ဖြစ်သည်။

ရဟန်းများအား ခန္ဓာကို မတင့်တယ်သော ညစ်ညမ်းဖွယ်ရာအဖြစ် ရှုဆင်ခြင်ရသော အသုဘကမ္မဋ္ဌာန်းကို ဟောကြားပြီးနောက် ဆွမ်းပို့သောရဟန်းမှတစ်ပါး မည့်သူ့ကိုမှလက်မခံဘဲ တစ်ပါးတည်းတောသို့ဝင်၍ ၁၅ရက်ခန့် သီတင်းသုံးနေထိုင်တော်မူသည်။ ထိုအချိန်တွင် အတိတ်တစ်ခုက မုဆိုးဘ၀ဖြင့် သူတပါးတို့၏ အသက်ကို သတ်ဖြတ်ခဲ့ကြသော ရဟန်းငါးရာတို့သည် မိမိကိုယ်ကိုလည်းသတ်ကြသည်။ အချင်းချင်းလည်း သတ်ကြ၏။ ရဟန်းတို့ကိုကပ်၍စားနေသော မိဂလဏ္ဍိက အမည်ရှိ လူကြမ်းကြီးကိုလည်း သင်္ကန်းပရိက္ခရာများပေး၍ သတ်ခိုင်းကြသည်။ 

ရဟန်းအနည်းငယ်ကိုသတ်ပြီးသောအခါ ၀ဂ္ဂုမုဒါမြစ်ကမ်းတွင် သန်လျက်ကိုဆေးကြောနေသော  မိဂလဏ္ဍိက သည် နောင်တများဝင်လာကာ “ငါတော့ရဟန်းကောင်းတွေကို သတ်မိပြီ။ ကြီးမားများပြားလှသော အကုသိုလ်တွေကို ဆည်းပူးမိပြီ။ ငါရတဲ့ လူ့ဘ၀ကြီးကတော့ မကောင်းတော့ပါဘူး” ဟု တွေးတောကာ စိတ်မကောင်းဖြစ်နေရရှာသည်။

ထိုအခါ နတ်သားတစ်ယောက် ရေပေါ် ပေါ်လာကာ “အချင်း  မိဂလဏ္ဍိက စိတ်မကောင်း ဖြစ်မနေနဲ့။ သင်ဟာများစွာသော ကုသိုလ်တွေကို ဆည်းပူးမိပြီး သံသရာက မကူးမြောက်ရသေးတဲ့ရဟန်းတွေကို သင်က ကူးမြောက်ပေးလိုက်ပြီ။ သင်ဟာ လူ့ဘ၀ကို အရတော်သွားပြီ။ သင်၏ အလုပ်များသည်ကား ကောင်းလေစွ။ ကောင်းလေစွ။” 

သာသနာဖျက်နတ်၏ အားပေးမှု၊ နတ်ဆိုလျှင် ကိုးကွယ်ရာဟု ထင်မြင်သော  မိဂလဏ္ဍိက၏ အမှားယုံကြည်မှုပေါင်းစပ်လိုက်သောအခါ မဟာဝုန်တော်ကြီးအတွင်းရှိ ရဟန်းပေါင်းငါးရာတို့၏ လည်ချောင်းသွေးများမှာ ချောင်းစီးခဲ့ရပါတော့သည်။

၃)

အနာထပိဏ်နှင့် သာသနာဖျက်နတ်

ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးသည် ချေးထားသော အသပြာ ၁၈ကုဋေ တို့ကလည်း ပြန်မရ။ မြစ်ကမ်းပါးမှာ မြှုပ်ထားသော ၁၈ ကုဋေကလည်း မြစ်ရေတိုက်စားမှုကြောင့် သမုဒ္ဒရာထဲသို့ မျောပါသွားကာ ရဟန်းတို့အား ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းကိုသာ လောင်းလှူနိုင်လေသည်။

ထိုအခါ မိစ္ဆာဒိဋ္ဌိ သာသနာဖျက် တံခါးမုခ်စောင့်နတ်က အနာထပိဏ်သူဌေးကြီးကား ကိုယ်ရောင်ထင်ပြကာ “ရတနာသုံးပါးကိုစွန့်ပြီး အလှူဒါနကိုမလုပ်ပါက အရင်ကဲ့သို့ချမ်းသာအောင် မ-စမည် ဖြစ်ကြောင်း” သွေးဆောင်ဖြားယောင်းပြောဆိုလေသည်။ ဥပါသကာ ဒွန်းစဏ္ဍားဖြစ်ခဲ့လျှင် ရတနာသုံးပါးကို ဧကန်စွန့်မည် ဖြစ်သည်။ အနာထပိဏ်ကား ဥပါသကာရတနာဖြစ်သောကြောင့် ယခုကဲ့သို့ ပြောဆိုနှင်ထုတ်လိုက်ပါလေသည်။

ဥပါသကာရတနာဖြစ်သော ငါ့ကို သင်နတ်ကဲ့သို့ ယုတ်မာသောသဘောရှိသော သူတို့၏ အရာ အထောင် အသိန်းဖြင့်လည်း ကြောက်လန့်တုန်လှုပ်စေခြင်းငှာ မတတ်နိုင်။ သင်သည် ဗုဒ္ဓဘာသာတို့၏ နားနှင့်မသင့်သော စကားတို့ကို ပြောဆို၏။ ငါ၏အိမ်၌သင်နေခြင်းဖြင့် ဘာမှအကျိုးမရှိ လျင်လျင်မြန်မြန် ငါ့အိမ်မှ ထွက်သွားလော့

အိမ်စောင့်နတ်မှာ နှင်ထုတ်ခံရပြီး နေစရာ နေရာမရှိသည်ဖြစ်ရာ မြို့စောင့်နတ်ကို အကူအညီတောင်း၏။ မြို့စောင့်နတ်ကြီးကလည်း မကူည်ီရဲချေ။

စတုမဟာရာဇ်နတ်မင်းကြီးလေးပါးကို အကူအညီတောင်းသော်လည်း အကူအညီမပေးရဲကြ။ နောက်ဆုံး နတ်တို့အရှင် သိကြားမင်းထံထိသွားကာ အသနာခံပါတော့သည်။

သိကြားမင်းက သင်သည်မိုက်လေစွ။ မြတ်စွာဘုရား၏ သာဝကအရင်းကိုမှ သွားပြီးဖျက်ဆီးလေသည်။ ငါလည်းသင့်ကို အနာထပိဏ်သူဋ္ဌေးကြီးပြန်လက်ခံနိုင်တော့ တာဝန်မယူနိုင်။ သို့သော်လက်ခံနိုင်သည့် အကြံတစ်ခုတော့ ပေးလိုက်မည်။ သူဋ္ဌေးကြီးထံမှ ချေးထားသော အသပြာ ၁၈ကုဋေကို ပြန်ဆပ်ကြအောင် သင်တန်ခိုးနဲ့ ဆောင်ရွက်ပါ။ သမုဒ္ဒရာထဲမျောသွားသော ရွှေ ငွေ ၁၈ကုဋေကို ပြန်ရအောင် လုပ်ပြီး သူဋ္ဌေးကြီးရဲ့ဘဏ္ဍတိုက်ထဲ ရောက်အောင်ထည့်ပေးပါ။ အဲ့ဒီအပြစ်နှစ်ခုထမ်းဆောင်ပြီးတဲ့အခါ ရတနာသုံးပါးကို ဘယ်တော့မှ မပုတ်ခတ်။ မဖျက်ဆီးပါဘူးဆိုတဲ့ ကတိကိုပေးပြီး ပြန်နေခွင့်တောင်းပါ။

သိကြားမင်းလမ်းညွှန်အတိုင်း ဆောင်ရွက်တော့မှသာလျှင် အိမ်စောင့်နတ်သည် ပြန်နေခွင့်ရသွားလေသည်။

 

 

သိကြားမင်းက ရှိခိုးခြင်း

ဥပါသကာရတနာတို့ကား နတ်တို့အရှင် သိကြားမင်း၏ ရှိခိုးခြင်းကို ခံယူသည်။

သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ဂဟဋ္ဌ၀န္ဒနာသုတ်တွင်-

တခါက သိကြားမင်းသည် ဥယျာဉ်ခြံမြေသို့သွားရန် မာတလိနတ်သားအား အာဇာနည်မြင်းတစ်ထောင်သော ရထားကို ပြင်ဆင်ခိုင်းလေသည်။ ထို့နောက် ဝေဇယန္တာပြာသာဒ်မှ ဆင်းလာသော သိကြားမင်းသည် လက်အုပ်ချီ၍ အရပ်လေးမျက်နှာကို ရှိခိုးလိုက်လေသည်။ သိကြားမင်းကပင်ရှိခိုးရသော ပုဂ္ဂိုလ်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်ဟု

မာတိလနတ်သားက –  “သိကြားမင်း – ဗေဒင်သုံးပုံတတ်သူ ဗြဟ္မဏတို့သည်လည်ကောင်း၊ မြေပြင်၌နေသူအားလုံးတို့သည်လည်းကောင်း၊ မင်းတို့သည်လည်ကောင်း၊ အရှင်သိကြားမင်းကို ရှိခိုးကြပါသည်။ သိကြားမင်း ထိုသို့ဖြစ်ပါလျက် အရှင်သိကြားမင်းရှိခိုးသော နတ်မင်းကား အဘယ်အမည်ရှိသော နတ်မင်းဖြစ်ပါသနည်း” ဟု မေးလေသည်။

သိကြားမင်းက – “မာတလိ၊ ငါသည်ကား သီလနှင့်ပြည့်စုံ၍ နေ့ရက်များစွာ တည်ကြည်သောသမာဓိရှိသော မြတ်သောအကျင့်ကိုသာလျှင် လဲလျောင်းရာရှိသော ရဟန်းတော်တို့ကို ကောင်းစွာရှိခိုးပါ၏။” ထို့ပြင်

“ပစ္စည်းလေးပါးကိုလှူခြင်း အစရှိသော ကောင်းမှုကိုပြုသော၊

ရတနာသုံးပါးကိုသာလျှင် ဆည်းကပ်ကိုးကွယ်သော၊

ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲသော၊

သမ္မာအာဇီဝဖြင့် သားမယားကို လုပ်ကျွေးသော လူဝတ်ကြောင် ပုဂ္ဂိုလ်များကိုလည်း ငါရှိခိုး၏” ဟု ပြောလိုက်ရာ မာတလိနတ်သားလည်း သဘောကျကာ သိကြားမင်းနည်းတူ လိုက်၍ ရှိခိုးပါသည်။

 

နတ်ထက်သာသော အစွမ်းသတ္တိများ

ရဲရင့်ခြင်း – သူရတရား

အောက်မေ့ဆင်ခြင်နိုင်ခြင်း – သတိတရား

မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း – ဗြဟ္မစရိယတရားသုံးပါးတို့ဖြင့် သာလွန်မြင့်မြတ်ကြောင်း

 

အရှင်ပညိန္ဒာဘိဝံသ – ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ် ကျမ်းမှ –

လူကောင်း၊ သူကောင်းတို့သည် သိကြားစသော နတ်များ၏ ရှိခိုးပူဇော်ခြင်းကို ခံကြရကုန်၏။

လူဆိုး၊ လူညစ်တို့သည်ကား နတ်တို့၏ရှိခိုးပူဇော်ခြင်းကို မခံရရုံမက နတ်များကိုပင် ပြန်လည်၍ ရှိခိုးပူဇော်နေကြရကုန်၏။ လုယက်သတ်ဖြတ်၊ မုဒိမ်းကျင့်ခြင်း၊ ပြန်ပေးဆွဲခြင်းစသော လောက၌ အဆိုးရွား အယုတ်မာဆုံးသော အဓမ္မကို မပြုလုပ်မီ လူဆိုးဓားပြတို့သည် နတ်တင်ကြကုန်၏။ နတ်ကို ပူဇော်ပသကုန်ကြ၏။

ရတနာသုံးပါးကို သေချာယုံကြည်မှုမထားဘဲ အလှူသီတင်းဆောက်တည်ခြင်းလည်းမရှိဘဲ နာရေးဖျားတာ စသည်ရှိသောအခါတိုင်း နတ်ကန္နားပေးသော အလေ့အထသည် သူမိုက်တို့၏ကျင့်ထုံးသာဖြစ်သည်။

 

ပြိတ္တာဘုံမှ နတ်များ

နတ်ပြည်ခြောက်ထပ်မှ နတ်မှတစ်ပါး အတွင်း ၃၇မင်း၊ အပြင် ၃၇ မင်း၊ ကိုကြီးကျော်၊ အိမ်တွင်းမင်း မဟာဂီရိ၊ မနှဲလေး၊ ဦးရှင်ကြီး၊ နံကရိုင်းစသော နတ်များသည် ဘုံအရခွဲပါက ပြိတ္တာဘုံ ဖြစ်ပါတယ်။ ပြိတ္တာဘုံသည် အပါယ်လေးဘုံမှာ ပါဝင်သောကြောင့် ဆင်းဆင်းရဲရဲနေရသော နတ်များပင် ဖြစ်ပါသည်။ အစားအစာကိုလည်း လမ်းမှာပစ်ထားသော အညစ်အကြေးများကို ဖြစ်သလိုရှာစားကြရပါသည်။

တခါတရံ ဘယ်လိုမှ အစာမရနိုင်သောအခါ ကလေးငယ်များကို ပူးကပ်ပြီး သူတို့အတွက် အစာတောင်းတတ်ကြပါတယ်။ ဒါ့ကြောင့် လူကြီးများက ခေါစာ (ပြိတ္တာစာ၊ စုန်းစာ) ဟူ၍ ယခုတိတိုင် အလေ့အထရှိနေပါသေးတယ်။ အညစ်အကြေးစားသောပုဂ္ဂိုလ်များကို အုန်းပွဲနှင့်ပင့်ပြီး အိမ်ပေါ်တင်ထားလိုက်သောအခါ တစ်အိမ်လုံးကို ပိုင်ပိုင်နိုင်နိုင် ဒုက္ခပေးပြီးထိုင်နေခြင်းသာ ဖြစ်ပါတော့သည်။

ပြိတ္တာနတ်စိမ်းတို့၏ ရရှိထားသောတန်ခိုးကား လူသားတို့က ၎င်းတို့ကို မမြင်နိုင်ခြင်းဖြစ်သည်။ ဤသည်ကား ဘ၀ကပေးသော တစ်ခုတည်းသော တန်ခိုးသာဖြစ်သည်။

 

ကိုးကွယ်ရာရှာရခြင်း အကြောင်း

ပစ္စုပ္ပန် သံသရာ နှစ်ဖြာတွင် ကောင်းကျိုးလိုချင်သောကြောင့် ဖြစ်သည်။ ထိုနတ်စိမ်းပြိတ္တာများသည် ၎င်းတို့ကိုယ်တိုင် ကောင်းကျိုးချမ်းသာကို ခံစားနေကြသူမဟုတ်သဖြင့် ၎င်းတို့ကို ကိုးကွယ်နေသူများအား မည်သို့မှ ကောင်းကျိုးချမ်းသာ မပေးနိုင်ပါ။

 

လူသတ်၍ နတ်သေ

စတုက္ကနိပါတ်၊ စူဠကာလိင်္ဂဇာတ်တွင် –

ကာလိင်္ဂတိုင်း၊ ဒန္တပူရမြို့တွင် ကာလိင်္ဂမင်း ပြုနေသောအချိန်တွင် အဿကတိုင်း၊ ပါဋလိမြို့တွင် အဿကမင်း မင်းပြု၏။ ကာလိင်္ဂမင်းသည် စစ်သည်ဗိုလ်ပါပြည့်စုံရုံသာမက ဆင်ပြောင်အားကို ဆောင်နိုင်လောက်အောင် အားကောင်၏။ သူ့ကိုစစ်တိုက်ရဲသူမရှိအောင် နိုင်ငံအသီသီးက ကြောက်လန့်ကြသည်။ စစ်မတိုက်ရ မနေနိုင်သောကာလိင်္ဂမင်းသည် ချောမောလှပသော သမီးတော်လေးဦးကို ယာဉ်တစ်ပါးတင်၍ အတိုင်းတိုင်းအပြည်ပြည်သို့လှည့်လည်စေသည်။ ကာလိင်္ဂမင်းနှင့် စစ်တိုက်လိုသောနိုင်ငံသည် သမီးတော်လေးပါးကို သိမ်းပိုက်နိုင်သည်ဟူသော အမိန့်တော်ကိုလည်း တခါတည်းမှတ်ပေးလိုက်ရာ ဘယ်နိုင်ငံမှမသိမ်းပိုက်ရဲဘဲ လက်ဆောင်ပဏ္ဏာကိုသာ ဆက်သ၍ ပြန်လွှတ်လိုက်ရသည်။

အဿကဘုရင်တွင် ပညာရှိ၍ လိမ္မာပါးနပ်သော စစ်ပရိယာယ်ကျွမ်းကျင်သော နန္ဒိသေန အမည်ရှိ အမတ်တစ်ယောက်ရှိသည်။ ငါသည်ကား ကာလိင်္ဂမင်း နှင့် စစ်ထိုးအံ့ဟု ကြံစည်ပြီးလျှင် အဿကမင်းအား သမီးတော်လေးပါးကိုသိမ်းပိုက်ပြီး မိဖုရားမြောက်လိုက်ကြောင်းကို ကာလိင်္ဂမင်းအား အကြောင်းကြားခိုင်းလိုက်လေသည်။

ထိုအခါကာလိင်္ဂမင်းသည် စစ်သည်ဗိုလ်ပါအပြည့်အစုံနှင့်ချီတက်လာလေတော့သည်။ နှစ်ဘက်သောစစ်သည်တို့သည် ထိုမင်းနှစ်ပါးတို့၏ နယ်စပ်၌တိုက်ခိုက်ရန် အသင့်ပြင်ကြလေသည်။ နှစ်ဖက်ပြည်သူများ မထိခိုက်စေရန်ဖြစ်သည်။

ထိုအခါ ဘုရားလောင်းသည် ရသေ့ပြု၍ ထိုမင်းနှစ်ပါးတို့၏တိုင်းအကြား၌ ကျောင်းဆောက်နေလေသည်။ ကာလိင်္ဂမင်းသည် စစ်မတိုက်မီစပ်ကြား အရှူံးအနိုင်သိစေရန် ဘုရားလောင်းရသေ့အား သွားမေးရာ ဘုရားလောင်းရသေ့က သိကြားမင်းကိုတစ်ဆင့်မေးရာ ကာလိင်္ဂမင်းနိုင်ပြီး အဿကမင်းရှူံးမည်ဟု ဖြေကြားလိုက်လေသည်။ ထိုသတင်းသည် နှစ်ဘက်စစ်သည်တို့အကြား ဖြန့်နှံသွားလေရာ အဿကမင်းကြီးက နိန္ဒိယသေနကိုခေါ်၍ တိုင်ပင်လေသည်။ နန္ဒိယအမတ်က “အရှင်မင်းကြီး။ အရှူံးအနိုင်ကို မည်သူသည် ကြိုတင်သိနိုင်မည်နည်း။ အရှင်မင်းကြီး မစိုးရိမ်နှင့်။ အကြောင်းစုံသိအောင် အကျွန်ုပ်စုံစမ်းမည်”ဟု လျှောက်ထားပြီး ဘုရားလောင်းရသေ့ထံသို့သွားကာ အကြောင်းစုံကို သေချာမေးလေသည်။
“အရှင်ဘုရား။ နိုင်အံ့ ရှူံးအံ့သောမင်းတို့၏ ပုဗ္ဗနိမိတ်သည် ဘယ်လိုထင်ပါသနည်း။”
ဒါယကာ- စစ်နိုင်လတ္တံ့သောမင်း၏ အစောင့်အရှောက်နတ်သည် ဖြူသောနွားလားဥဿဘအဖြစ် ဖန်ဆင်းကာ စစ်တိုးမည်း။ စစ်ရှူံ:လတ္တံ့သောမင်း၏ အစောင့်အရှောက်နတ်သည် မည်းသောနွားလားဥဿဘအဖြစ် ဖန်ဆင်းကာ စစ်တိုးမည်။ ဦးစွာစစ်ထိုးသော နတ်တို့၏ အရှူံးအနိုင်သည် မင်းနှစ်ပါးတို့၏ အရှူံးအနိုင် ဖြစ်ပေလိမ့်မည်။

နိန္ဒိယအမတ်လည်း ရသေ့ဆီက အရေးကြီးသောစကားကိုရသည်နှင့် မိမိစစ်တပ်သို့ပြန်လာသော အသက်စွန့်ရဲသော လူတစ်ထောင်ကို တောင်ထိပ်မှခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနည်းဖြင့် စမ်းသပ်ရွေးချယ်ခဲ့သည်။

စစ်မြေပြင်တွင် နွားလားဥဿဘကို မင်းနှစ်ပါးမှတစ်ပါး တခြားသူ မည်သူမှမမြင်ရပေ။

နန္ဒိယအမတ် –  “အရှင်မင်းကြီး အစောင့်အရှောက်ဖြစ်သောနတ်တို့ကို မြင်ရ၏လော။”

အဿကမင်း – “မြင်ရပေ၏။”

နန္ဒိယအမတ်- “အဘယ်အချင်းအရာကို မြင်ပါသနည်း”

အဿကမင်း-  “ကာလိင်္ဂမင်း၏အစောင့်အရှောက်နတ်သည် ဖြူသောနွားလားဥဿဘအသွင်ဖြင့်မြင်ရသည်။ ငါ၏ အစောင့်အရှောက်နတ်သည် မည်းသောနွားလားဥဿဘကို မြင်ရသည်။ သို့သော် ငါ၏အစောင့်အရှောက်နွားလားကား ညှိုးနွမ်းသောအသွင်ရှိသည်။”

နန္ဒိယအမတ် – “အရှင်မင်းကြီး မစိုးရိမ်နှင့်။ အင်္ဂလိကမင်းကြီး ရှူံးစေရမည်။ အရှင်မင်းကြီး သိန္နောမြင်းထက်မှဆင်းသက်၍ လက်ဝဲလက်ဖြင့် မြင်းကိုကိုင်ကာ လက်ယာလက်ဖြင့် လှံတံကိုဆွဲပြီး လျင်မြန်စွာသွားကာ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကိုလှံနှင့်ထိုးပါ။ အကျွန်ုပ်နှင့်တကွ သူရဲကောင်းတစ်ထောင်လည်း အရှင်မင်းကြီးထိုးသည့်အတိုင်းလိုက်ပြီး လှံတစ်ထောင်ဖြင့်ထိုးပါမည်။ ထိုအခါ ကာလိင်္ဂမင်း၏အစောင့်အရှောက်နတ်သေ၍ ကာလိင်္ဂမင်းလည်း စစ်ရှူံးပါလိမ့်မည်။”

နန္ဒိယအမတ်ပြောတဲ့တိုင်း လှံဖြင့်ဝိုင်းထိုးကာ ကာလိင်္ဂမင်း၏နတ်သည် သေလေသည်။ အစောင့်အရှောက်နတ်သေသည်ကို ကာလိင်္ဂမင်းမြင်သောအခါ လန့်ဖျပ်သွားကာ မြင်းဇက်ကြိုးကို နောက်ပြန်လှည့်အောင် ဆွဲမိလျက်သားဖြစ်သွားလေတော့ရာ မြင်းလည်းနောက်လှည့်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းကာ ပြေးလေတော့သည်။ စစ်သည်ဗိုလ်ပါတို့သည်လည်း ဒရောသောပါးနောက်လိုက်ပြေးကြရာ တပ်ပျက်၍ အဿကမင်းကို အရှူံးပေးရလေတော့သည်။

ဘုန်းကံကို ၀ီရိယဖြင့် ကြိုးစားအားထုတ်သောကြောင့် အနိုင်ရခြင်း ဖြစ်ပေသည်။

 

နတ်ဗြဟ္မများသည် ရှေးဘုန်းကံကိုသာ မှီခိုအသက်မွေးရသော ပုညူပဇီဝီပုဂ္ဂိုလ် ဖြစ်သည်။

တိရစ္ဆာန်ကား ၀ီရိယကိုသာ အားကိုးရသော ဘုန်းကံမရှိသည့် ၀ီရိယူပဇီဝီပုဂ္ဂိုလ်များ ဖြစ်သည်။

ငရဲနှင့် ပြိတ္တာကား ဘုန်းကံဝီရိယတစ်ခုမှ အားထား၍မရဘဲ အကုသိုလ်ကံကုန်မှသာ လွတ်မြောက်နိုင်သော ပုဂ္ဂိုလ်များဖြစ်သည်။

လူသားသည်ကား ဘုန်းကံ ၀ီရိယနှစ်မျိုးလုံးကို အားထား၍ အသက်မွေးရသော ဥပယဇီဝီပုဂ္ဂိုလ်များဖြစ်သောကြောင့် ရှေးဘုန်းကံကိုသာအားကိုးပြီး ၀ီရိယစွန့်လွှတ်ပါက တက်လမ်းမရှိတော့ပေ။

 

အလိမ်ခံရသူ နှစ်ဦး

ပထမအလိမ်ခံရသူမှာ – နတ်ကိုးကွယ်မိသူများ ဖြစ်သည်။

ဒုတိယအလိမ်ခံရသူမှာ – နတ်ကတော်များကိုယ်တိုင်ပင်။

မျိုးစေ့မမှန် ပင်မသန်ဟူသောစကားအတိုင်း နတ်ကတော်များမှာ များသောအားဖြင့် အတိတ်ဘ၀က ပါရဒါန- သူတစ်ပါးမယားကိုပြစ်မှားခဲ့သော အကုသိုလ်အကျိုးဆက်ကြောင့် ယောကျာ်းမဟုတ်၊ မိန်းမ-မဟုတ်သူများသာ များပါ၏။ ထို့ကြောင့် အမျိုးသမီးထုထဲကို ရင်းနှီးခင်မင်မှုဖြင့် ပေါက်ရောက်အောင်တိုးနိုင်ပြီး ယောကျာ်းအစစ်မဟုတ်တဲ့အတွက် ခင်ပွန်းဖြစ်သူတွေကလည်း အသာတကြည်လွှတ်ထာလေသည်။

 

နတ်မ-စခြင်း

ရွှေပြည်သာမြို့မှ ပင်စင်စားတပ်ကြပ်ကြီးတစ်ဦး မြေရောင်းရတဲ့ငွေကို လင်ဖြစ်သူက သံဃာတွေကို ပင့်ပြီးဆွမ်းကပ် တရားနာချင်တယ်။ မယားဖြစ်သူက နတ်ကန္နားပေးချင်တယ်။ နောက်တော့ ငွေသုံးပုံနှစ်ပုံကို နတ်ကန္နားအတွက်ပေးရပြီး ကျန်တစ်ပုံကို သံဃာဆွမ်းကမ်းဖို့အတွက် ရရှိသည်။ နောက်တစ်နေ့တွင် သံဃာတော်များကို အိမ်ပေါ်ထပ်တွင် ဆွမ်းကပ်နေစဉ် အောက်ထပ်မှ နတ်ကန္နားကလည်း တဗြုန်းဗြုန်းတီးလျက် ကလျက်ရှိကြသည်။ ယောကျာ်းဖြစ်သူကလည်း အိမ်အောက်ထပ် နတ်ကန္နားပွဲကို ဆင်းမလာသလို မိန်းမကလည်း အိမ်ပေါ်ထပ် သံဃာဆွမ်းကပ်ရာကို မော်၍မကြည့်။ နောက်တစ်နေ့တွင် နတ်မ-စပါတော့တယ်။

အဲ့ဒါကတော့ တပ်ကြပ်ကြီးကတော်ကို နတ်ကတော်က ခိုးပေးသွားခြင်းဖြစ်ပါတယ်။ တပ်ကြပ်ကြီးမှာလည်း အိမ်ထောင်ကလည်းပြိုကွဲ၊ သားသမီးတွေကလည်း ပြန်မကြည့်တော့ အိမ်ခန်းကိုရောင်းကာ ဘိုးဘွားရိပ်သာသို့ရောက်လေသည်။ တပ်ကြပ်ကြီးကတော်မှာလည်း အငယ်အနှောင်းတို့ထုံးစံအတိုင်း သုံးလအကြာမှာ အိမ်ပြန်ခဲ့ရပါတယ်။ အားကိုးစရာ ခင်ပွန်းနှင့် အိမ်ရာလည်းမရှိ၊ ဖောက်ပြားသောမိခင်မို့ သားသမီးတွေကလည်း မကြည်ဖြူ။ ထိုအမျိုးသမီး၏နောင်ရေးကို တွေး၍သာကြည့်ပါတော့။

 

လက်ပွားခြင်း

လှိုင်မြို့နယ် ၅ရပ်ကွက်တွင် လက်ပွားမြင့်ဥိးအမည်ရှိ အခြောက်နတ်ကတော်ည် မကောင်းဆိုးဝါးနှင့်တကွ လက်လှည့်မျက်လှည့်များကို အသုံးပြုပြီး အချီကြီးလိမ်သွားခဲ့ဖူးသည်။ စစချင်း ရာတန်တစ်ရွက်ကို ပုဝါနဲ့အုပ်ပြီးနောက် ပုဝါကိုလှန်လိုက်သောအခါ ရာတန်အပုံလိုက်ဖြစ်နေလေသည်။

တစ်ဖန် ကန့်တော့ပွဲမှ ဌက်ပျောသီးများကို ဝေပေးပြန်ရာ ကံကောင်းသောသူအချို့မှာ ရွှေစလေးများကို ရကြသည်။

ပရိတ်သတ်များရဲ့ယုံလောက်ပြီတော့မှ ရွှေတိုးချင်သူတို့ ရွှေယူလာကြ။ ယနေ့ညပဲ လုပ်ပေးနိုင်သည်ဟု ပြောလိုက်သောအခါ နိုးနေသောလောဘများတကလာပြီး ရှိသမျှရွှေထည်လေးများကို ယူ၍ နတ်ကတော်ရှေ့ရောက်လာလေသည်။ မယုံကြည်သူများကိုတော့ ရွှေထည့်ထားတဲ့အိုးလေးများကို ကိုယ့်အိမ်မှာပဲ ကိုယ်ထားရမှာပါ။ နတ်ပွဲမှာထားခဲ့ရမှာ မဟုတ်ပါဘူး ဆိုပြီး စကားလုံးကို ပစ်သွင်းပေးလိုက်လေသည်။ အ၀တ်များဖြင့်စည်းထားသော အိုးထဲမှရွှေများကို လက်လှည့်ပညာဖြင့်နှိုက်ယူပြီး ပြန်ပေးလိုက်တော့သည်။

နတ်ကတော်၏ ဖိန့်လုံးလှိမ့်လုံးများ မည်မျှကောင်းသနည်းဆိုလျှင် နတ်ကန္နားသိမ်းပြီး တစ်ပတ်ခန့်ကြာသောအခါမှ အလိမ်ခံကြရမှန်း သိကြလေသည်။

 

နတ်ကတော်သေလျှင် နတ်ပြည်ရောက်

မြတ်စွာဘုရားလက်ထက်က ရာဇဂြိုဟ်မြို့မှ ကာလပုဋအမည်ရှိ ဇာတ်ဆရာကြီးက ဗုဒ္ဓအား တပည့်တော်တို့ ကချေသည်များသေလျှင် ပဟာသ (ပျော်ရွှင်စရာကောင်းသော) နတ်ဘုံတစ်ခု၌ ရောက်ရသည်ဟု ဆရာအဆက်ဆက်ပြောဆိုခဲ့ကြပါသည်။

ထိုစကားမှန်-မမှန် ဖြေကြားပေးပါ ဘုရား ဟု မေးရာ ဗုဒ္ဓက ဒီမေးခွန်း မမေးပါနဲ့ဟု သုံးကြိမ်တိုင်တားမြစ်သော်လည်း ဆက်နေသဖြင့် ပဟာသနတ်ပြည်မဟုတ်။ အ၀ီစိငရဲတွင်ပါဝင်သော ပဟာသငရဲသို့ သွားရောက်ခြင်းခံရမည်ဟု ဖြေကြားတော်မူလိုက်ရာ ဇာတ်ဆရာကြီး ချုံးပွဲချ ငိုကြွေးပါတော့သည်။ ငိုရခြင်းအကြောင်းမှာ ငရဲပြည်ရောက်မှာသည်ကိုပင် ပဟာသနတ်ပြည်ရောက်မည်ဟု လိမ်လည်လှည့်စားခြင်း ခံရသောကြောင့် ဖြစ်သည်။

ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ ၁၄၇ တွင် – ရာဇဂြိုဟ်မြို့အနီး ကိဇ္ဈကုဋ်တော်တွင်ရှိသော အရိုးပေါ်အရေတင် ပိန်လှီနေသော ပြိတ္တာများဖြစ်၏။ အူနှင့်ဝမ်းတွင်းကလီစာအားလုံးကို အပြင်ဘက်မှ မြင်နေရသည်။ သူတို့၏ပါးစပ်မှလည်း ပိုးလောက်များ တဖွားဖွားထွက်ကျလျက်ရှိသည်။ ကိုယ်လုံးတစ်ခုလုံးမှလည်း အပုပ်နံ့များ တထောင်းထောင်းထပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့လျက်ရှိသည်။ ၀မ်းတွင်းမှကလီစာများကို ကျီးများ၊ ဠင်းတများ ၀ိုင်းဝန်းဖောက်ဆိတ်ကာ စားသောက်ကြသည်။ ကလီစာများကုန်သောအခါ လဲကျသေဆုံးကြသည်။ အကုသိုလ်ကံ မကုန်သေးသောကြောင့် ချက်ချင်အသက်ပြန်ရှင်ကာ ယခင်အတိုင်း ဆက်လက်ခံစားနေရသည်။

ဤသည်မှာ လိမ်ညာ ခြောက် မြောက်ပြီး စားသောက်ခဲ့သော နတ်ကတော်များ ပင်ဖြစ်၏။

နတ်ကိုးကွယ်ကြသော တပည့်များလည်း လားရာဂတိကို မှန်းဆ၍ ကြည့်နိုင်လောက်ပေသည်။

 

 

 အညွန်း- မျက်ရည်မကျခင် သိစေချင် စာအုပ်။

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s