သာသနာနှင့် နက္ခတ်ဗေဒင်

ဗုဒ္ဓ၀ါဒနှင့် ဗြဟ္မဏ၀ါဒ ခွဲခြားနည်း

 ကိလေသာကုန်ခမ်းရေး၊ နည်းပါးရေးနဲ့ ဆိုင်ရင် ဗုဒ္ဓ၀ါဒ။

ကိလေသာကုန်ခမ်းရေး၊ နည်းပါးရေးနဲ့ မဆိုင်ရင်  ဗြဟ္မဏ၀ါဒ။
 
 
      ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းသည် အရည်းကြီးလူထွက်ဖြစ်၍ ဗေဒင်နှင့် မှော်ပညာကို ကျွမ်းကျင်လိမ္မာသလို နတ်နှင့် နဂါးကိုလည်း ကိုးကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင်မှော်ပညာ အထွတ်အထိပ်သို့ရောက်၍ နတ်နှင့် နဂါးကိုးကွယ်မှုမှာလည်း ယခုထက်တိုင် တွင်ကျယ်လာခဲ့သည်။

     စစ်ကိုင်းဦးဘိုးသင်း၏ သူ့အမြင်အတွေးစာအုပ်တွင် နဂါးကိုးကွယ်မှုသည် ပုပ္ပါးဘက်တွင် အကြီးအကျယ်ဖြစ်နေသဖြင့် နှောင်းခေတ်ဘုရင်များက တိရစ္ဆာန်နဂါးကိုးကွယ်တာနှင့်စာလျှင် လူကဖြစ်သော နတ်စိမ်းကိုးကွယ်တာက တော်သေးသည်ဟု ယူဆကာ ပန်းပဲမောင်တင့်တယ် မောင်နှမအကြောင်းထိုးဇာတ်စတ်ခုရေးပြီး ရုပ်တုနှင့်တကွ ဖောင်ဖြင့်မျှောလိုက်ရာမှ အစပြု၍ နဂါးကိုးကွယ်မှုအစား နတ်ကိုးကွယ်မှု ၀င်ရောက်လာပါတော့သည်။

      အနော်ရထာမင်းလက်ထက်ကွယ်ပျောက်ခဲ့ရသော နဂါးကိုးကွယ်မှုသည် ယခုအချိန်အထိ အမြစ်ပြတ်ခြင်းမရှိချေ။ အထက်မြန်မာပြည်ရှိ တချို့ကျေးရွာများသည် ရှင်ပြုသည့်အခါ နဂါးကိုရှင်လောင်းပြသည်ဟုဆိုတာ ရွာအနောက်ဘက်တံခါးသို့ သွားလေ့သွားထရှိသည်ကို တွေ့နေရခြင်း၊ ခရီးသွား အိမ်ပြောင်းအရွေ့လုပ်သည့်အခါ နဂါးခံတွင်းမ၀င်မိရန် တတ်နိုင်သမျှ ရှောင်ကြဉ်ကြခြင်းပင် ဖြစ်၏။
            

       နဂါးကိုးကွယ်သူတို့၏ အယူအဆအရ နဂါးသည် တစ်နေရာ၌ သုံးလနေပြီး အရပ်လေးမျက်နှာသို့ လက်ယာရစ်လှည့်နေသည်။ နဂါးခေါင်းသည် တပေါင်း၊ တန်ခူး၊ ကဆုန်သုံးလတို့၌ အနောက်ဘက်သို့ လှည့်နေသည်။ နယုန်၊ ၀ါဆို၊ ၀ါခေါင် သုံးလတို့၌ မြောက်ဘက်သို့ လှည့်နေသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲ သုံးလတို့၌ တောင်ဘက်သို့ ခေါင်းလှည့်နေသည်။
       တစ်စုံတစ်ယောက်သောသူသည် နဂါးခံတွင်းသို့ ၀င်သွားပါက ဆင်းရဲဒုက္ခနှင့် တွေ့ရလိမ့်မည်။ နဂါးအကြေးခွံကို လှန်သွားပါက ကံဆိုးမိုးမှောင်နှင့် တွေ့ရလိမ့်မည်။ နဂါး၏၀မ်းကိုဖောက်၍ သွားမှသာလျှင် ကံဆိုးမှလွတ်ပြီး ချမ်းသာသုခနှင့် တွေ့ရလိမ့်မည်။ ဥပမာ- နဂါးခေါင်းအရှေ့ဘက်သို့လှည့်နေသော တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့၌ အရှေ့မှအနောက်သို့သွားခြင်းနှင့် အနောက်မှအရှေ့သို့သွားခြင်းကို ရှောင်ရမည်။ တောင်မှ မြောက်သို့လည်းကောင်း၊ တောင်မှမြောက်သို့လည်းကောင်း သွားခြင်းကိုကား ပြုလုပ်နိုင်သည်။

ကောင်းကျိုး ဆိုးကျိုးသည် ကောင်းကံ မကောင်းကံ ဖန်တီးမပေးဘဲ ကိတ်ဂြိုဟ်မှတစ်ပါး ဂြိုဟ်ကြီးရှစ်လုံးက ဖန်တီးပေးသည်ဟူသော ဗေဒင်၊ နက္ခတ်အယူအဆသည်လည်း ဗုဒ္ဓနဲ့အလွန်ဆန့်ကျင်လှပါ၏။

ဤသည်ကို “ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်းဆရာတော် ဦးဉာဏက တရားစစ်တမ်းဆွေးနွေးခန်းစာအုပ်” တွင်- 

    “ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ၊ နမန္တာကျမ်းကိုယုံသူတွေက များပါတယ်။ တစ်နှစ်တစ်ခါထုတ်တဲ့သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးရဲ့ဦးခေါင်းပြတ်ကြီးကို နတ်သမီးများတစ်ယောက်လက် တစ်ယောက်ကမ်းနေတာမြင်တယ်မဟုတ်လား။ မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏ခန္ဓာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင်မီးတောက်သဖွယ်ပျောက်ကွယ်တတ်တာလို့ဟောတယ်။ ဗေဒင်က ယခုထိခေါင်းပြတ်ကြီး မပုပ်သေးဘူး။ မြန်မာပြည်က ယုံကြည်လက်ခံသမျှ ပုပ်မှာမဟုတ်ဘူးကွဲ့။”

  ” ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာနထားသကွဲ့။

 မြတ်စွာဘုရားက ကုသိုလ်နဲ့ အကုသိုလ်ကို ပဓာနထားသကွဲ့။

ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထား၍ ထူသကွဲ့။

 မြတ်စွာဘုရားက သမ္မတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့။

 

မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကိုယုံလျှင် ဘုရားတရားကို မယုံရာကျတာပေါ့။

မြတ်စွာဘုရားဟောတာ “သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ၀ိဘဇ္ဇ” … ကဲ ဘယ်မှာလည်းကွဲ့။

နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်းမပါ။

မသာကို စံချရင် တစ်လောင်းနှင့်ကိစ္စမပြီးတတ်ဘူးလို့လည်းမပါ။

အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စိးတတ်တယ်လို့လည်းမပါ။

မင်္ဂလာဆောင်တာရက်မရွေးမိလို့ ပျက်စီးရတယ်လို့လည်း မပါ။

ဓမ္မသောက အင်းဝရာဇာကျလို့ ပျက်စီးတာလည်းမပါ။

သားဦးစနေမီးလိုမွှေဆိုတာလည်း မပါ။”

        “တနင်္ဂနွေ၊ တနလာင်္၊ အင်္ဂါဆိုတာတွေဟာ ပညတ်သင်္ကေတတွေပဲ။ လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး။ ကုသိုလ်ကံကသာ ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်။ ဒီတော့ အကုသိုလ်ကံဆိုလျှင် မြွေဆိုးကင်းဆိုးကဲ့သို့ကြောက်လန့်ပြီး ကုသိုလ်ကံကို ဣစ္ဆာသယပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိမှာ မဟုတ်ဘူးလား။”

အဘိဓမဇမဟာရဋ္ဌဂုရု စံကင်းဆရာတော်ဘုရားကြီးကလည်း –

   “တစ်ခါတလေ စဉ်းစားကြည့်ရင် ကံတရားဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေတစ်ယောက်နဲ့တစ်ယောက် မတူအောင် စီမံထားတယ်။ တူတဲ့နေရာတူပေမယ့် မတူတဲ့နေရာတွေက အများကြီးရှိတယ်။ ဒါ့ကြောင့် ဘုရားရှင်က “ကမ္မံ သတ္တေ ၀ိဘဇ္ဇ” လို့ ဟောတော်မူတာပဲ။

မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ။

မိမိအလုပ်ကိစ္စ မိမိကံပဲ။

ဘေးရန်အန္တရာယ်တွေဖြစ်အောင် ဘယ်သူလုပ်သလဲ။

မိမိကံက လုပ်တာပဲ။

ဥပမာ – ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်နေတဲ့သူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းတဲ့သူကိုသာ ရေနစ်စေနိုင်တယ်။

ဒီအတိုင်းပဲ ဘေးရန်အန္တရာယ်တွေရှိပေမယ့်လည်း အလုပ်ကောင်းလုပ်သူ၊ ကံကောင်းရှိသူ ဘေးရန်အန္တရာယ် မဖြစ်နိုင်ပါဘူး။

ကံကောင်းမရှိသောသူဟာ ဘေးရန်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် မကောင်းကျိုးကို ဖြစ်စေတတ်တဲ့ မိမိကံညံ့၊ ကံယုတ်များကိုသာ ကြောက်စရာလိုတယ်။ ဘေးရန်အန္တရာယ်တွေ ကြောက်စရာ မလိုပါဘူး။

ဂြိုဟ်ကြီးရှစ်လုံး ပူးပူး မပူးပူး ဇာတိ(မွေးဖားခြင်း)၊ ဇရာ(အိုခြင်း)၊ မရဏ(သေခြင်း) စတဲ့ ဘေးရန်တွေ သတ္တ၀ါတိုင်း တွေ့နေကြရတယ်။ သံသရာကျင်လည်ခိုက်မှာ မကောင်းမှုကံပါလိုလို့ ကပ်ကြီးသုံးပါးတွေ့ကြရာ သံသရာဒုက္ခခံကြရတယ်။

ဘေးရန်တွေက မိမိမှာဖြစ်လာတာ မဟုတ်ဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေ ဖြစ်နေကြရတာ။ အတိတ်နိမတ်ဆိုကတော့ တခါတရံတော့ ရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ်ရှိနေပေမယ့် ငရဲကြီးရှစ်ထပ်က ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တယ်။

ဗုဒ္ဓလက်ထက်က – သာဝတ္ထိပြည်၌နေသော အမျိုးသမီးတစ်ယောက်ကို ဇနပုဒ်၌နေသော ဆွေမျိုးမိဘများက မိမိတို့သားအတွက် စေ့စပ်ကြောင်းလမ်း၍ မင်္ဂလာရက်သတ်မှတ်ကာ နေရပ်သို့ ပြန်ခဲ့ကြလေသည်။ နေရပ်သို့ရောက်သောအခါ မိမိတို့ဆရာ အာဇီဝက ကို သတ်မှတ်ထားသော မင်္ဂလာနေ့ရက်သည် နက္ခတ်ကောင်း- မကောင်း မေးမြန်းလေသည်။ ထိုအခါ အာဇီဝက အစက မမေးဘဲ သူတို့စိတ်ကြိုက်ရက်သတ်မှတ်ပြီးမှ ငါ့ကိုလာမေးကြတယ်ဟု အမျက်ဒေါသကြီးပြီး မင်္ဂလာပွဲပျက်စေရန်အကြံနှင့် ၎င်းနေ့လက်ထပ်မင်္ဂလာပွဲပြုလုပ်လျှင် ကြီးစွာသောပျက်စီးခြင်းနှင့် တွေ့ကြုံမည်ဟု ဟောကြားလိုက်လေသည်။ ကိုယ်ပိုင်ဉာဏ်မရှိသောအမျိုးတို့သည် ဆရာဖြစ်သူအာဇီဝက၏ စကားကိုယုံကာ မင်္ဂလာဆောင်မည့်ရက်တွင် မသွားဘဲနေကြလေသည်။ သာဝတ္ထိပြည်မှ သတို့သမီးမိဘများကလည်း မင်္ဂလာအခမ်းအနားပြင်ဆင်ပြီးမှ သတို့သားဘက်မှ မလာသောအခါ မင်္ဂလာပွဲကိုအပျက်မခံဘဲ တခြားအမျိုးသားတစ်ဦးနှင့်လက်ထပ်ပေးလိုက်တော့သည်။ နောက်ရက်မှ သတို့သားမိဘများသွားကြသောအခါ အမျိုးမြတ်၍တင့်တယ်လှပသော အမျိုးသမီးကိုမရတော့ဘဲ သာဝတ္ထိမြိုးသာများနှင့်ရန်ဖြစ်ကာ လာလမ်းတိုင်း ပြန်လာကြလေတော့သည်။ ထိုသည်ကို ရဟန်းများစုဝေး၍ ပြောနေကြစဉ် မြတ်စွာဘုရားကြွတော်မူလာပြီး ဤအာဇီဝသည် ယခုမှသာ ထိုအမျိုးတို့၏မင်္ဂလာကိုဖျက်ဆီးသည်မဟုတ် ယခုဘ၀င်ကလည်း ဖျက်စီးဖူးလေသည်ဟု အတိတ်ကို ဟောတော်မူပါသည်။ လွန်ခဲ့ပြီးသော အတိတ်ဘ၀တစ်ခုက ယခုသတို့သားမိဘများနှင့်အာဇီဝတို့သည် ဗာရဏသီပြည်မှာ ဖြစ်ခဲ့ကြဖူးသည်။ ယခုနည်းအတိုင်း မင်္ဂလာပွဲဖျက်စေရန်အကြံနှင့် နက္ခတ်မကောင်း ဖျက်ဆီးတတ်သည်ဟု ဟောကြားလိုက်လေသည်။ သတို့သားတို့သည် မင်္ဂလာသတ်မှတ်ရက်ပြီးမှ သွားသောအခါ သတို့သမီးမိဘများနှင့် သတို့သားမိဘများခိုက်ရန်စကားများသည်ကို တွေ့မြင်ရသော ဘုရားလောင်းပညာရှိက –

“နက္ခတ္တံ ပဋိမာနေနံ္တ ၊ အထ္ထောဗာလံ ဥပစ္စဂါ၊

အတ္တော အတ္ထဿနက္ခတံ္ထ၊ ကိံကရိဿန္တိ တာရကာ။”

“နက္ခကောင်းကို စောင့်မျှော်နေသောလူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်၍ သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသောနက္ခတ်ဖြစ်၏။ ကောင်းကင်မှာသွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားကိုမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။”

လှိုင်မြို့နယ် စာချဘုန်းကြီးတစ်ပါးအား ဗေဒင်ဆရာတစ်ယောက်က ခန္ဓာပျက်ကိန်းရှိသည်ဟု ဟောခဲ့သော်လည်း မကျန်းမမာ ရောဂါဆိုးဘေးမတွေ့ခဲ့သည့်အပြင် စာချဘုန်းကြီးမှ ကျောင်းထိုင်ဘုန်းကြီးသို့ ရောက်ရှိသွားလေသည်။ ဤသည်မှာ အသက်ဂါထာကြောင့် ဖြစ်သည်။ ၎င်းမှာ –

“ဓနာ ပုညာ မိလာဘေန

ကာလံခိယျတိ ပဏ္ဍိတော၊

ကီဠနေနစ ဒုမ္မေ ဓော၊

နိဒ္ဒါယ ကလဟေန၀ါ။”

ပညာရှိ သူတော်ကောင်းဟာ ဥစ္စာ၊ ကုသိုလ်၊ ပညာဗဟုသုတ တစ်ခုခုကို ရခြင်းဖြင့် အချိန်ကို ကုန်လွန်စေတယ်။

ပညာမဲ့လူမိုက်ကတော့ မြူးတူးပျော်ပါးကစားခြင်း၊ အိပ်ခြင်း၊ ငြင်းခုန်ခိုက်ရန်စကားများခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေတယ်။

အချိန်ကာလကနေ ဥစ္စာ၊  ပညာဗဟုသုတကို ရအောင်လုပ်တာတော့ ဟုတ်ပါပြီ။ ကုသိုလ်တရားကိုရော ဘယ်လိုရအောင် ယူရမလဲလို့ မေးစရာရှိသေးတယ်။ ဗုဒ္ဓဘာသာအများသောအားဖြင့် ဒါနနှင့် သီလကိုသာ သတိထားမိပြီး ဘာဝနာကို သတိမထားမိကြဘူး။ တကယ်ကျတော့ ဘာဝနာကုသိုလ်ဟာ ဒါန၊ သီလကုသိုလ်ထက်သာတယ်။

“သွားရင်းလာရင်း၊ ချက်ရင်းပြုတ်ရင်းနှင့် လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေလို့ ပွားများလိုက်တာနဲ့ မေတ္တာဘာဝနာကုသိုလ် ဖြစ်တာပဲ။”

“အရဟံ – လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇောအထူးကို ခံယူတော်မူထိုက်ပါပေ၏ လို့ အာရုံပြုလိုက်တာနဲ့ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများပြီးသား ဖြစ်သွားတာပဲ။ “

“ကံ” ဆိုတာ ကောင်းအောင်လုပ်လို့ရတယ်။ ဒါန၊ သီလ၊ ဘာဝနာ လုပ်တာဟာ ကံကောင်းအောင် လုပ်တာပဲ။

“မကောင်းကျိုး ပေးမရအောင် အကောင်းဆုံးယတြာတွေ ချေချင်တယ်ဆိုရင်လည်း  ဒါန၊ သီလ၊ ဘာဝနာ ကြိုးစားအားထုတ်ဖို့ပဲ လိုပါတယ်။”

“ကုသိုလ်ကံသစ်များကို မမေ့မလျော့ ကြိုးစားအားထုတ်နေသမျှ အကုသိုလ်ကံဆိုးများ ခေါင်းထောင်မလာနိုင်ဘဲ နောက်ဆုတ်သွားရမည်ဟု ဆိုလိုပါသည်။ အကုသိုလ်ကံများ နောက်ဆုတ်သွားရန်အတွက် ကုသိုလ်ကံများကိုမမေ့မလျော့ဖို့အရေးကြီးလှပါတယ်။

 

ဗေဒင်ဆရာ၊ လက္ခဏာဆရာ၊ နက္ခတ်ဆရာ အဟောမှားခြင်း အကြောင်း နှစ်ခု –

၁) သူတို့ကိုယ်တိုင် ပုထုဇဉ်ပီပီ အတွက်အချက်မှားပြီး အဟောမှားတာ။

၂) အဟောခံရသူက ကောင်းတဲ့ကံသစ်တွေ အမြဲမပြတ်ပြုလုပ်နေလို့ ဟောကြားချက် မှားသွားရခြင်း။

 

ဗေဒင်၊ နက္ခတ်၊ အတိတ်နိမိတ်၊ တဘောင် စသည်ကို ကောတုဟလမင်္ဂလာ ဟုခေါ်သည်။ ထိုကောတုဟလမင်္ဂလာကို ယုံကြည်ခြင်းသည် မိမိကိုယ်ကို အညံ့ဆုံး၊ အညစ်ဆုံးဥပါသကာထဲ ဆွဲချလိုက်ခြင်းနှင့် တူပေသည်။

ဗုဒ္ဓက  အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ၊ စဏ္ဍလသုတ်၌

၁) ယုံကြည်မှု သဒ္ဓါတရားလည်း မရှိ။

၂) စောင့်ထိန်းမှု သီလလည်း မရှိ။

၃) ကောတုဟလမင်္ဂလာ ကို ယုံကြည်၏။

၎) မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်။

၅) ဤသာသနာတော်မှ အပြင်ဘက်၌လည်း အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏။

 

ဤငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာ (ဆည်းကပ်သူ) သည် ဥပါသကာဒွန်းစဏ္ဍားလည်း မည်၏။ ဥပါသကာညစ်လည်းမည်၏။ ဥပါသကာညံ့လည်းမည်၏ ဟူ၍ ဟောကြားခဲ့ပါသည်။

စဏ္ဍလသည် လူ့လောကတွင် အောက်တန်းအကျဆုံး လူတန်းစားဖြစ်၏။ များသောအားဖြင့် စဏ္ဍလများကို မြို့ထဲရွာထဲတွင် နေခွင့်မပေးကြပါ။ သူတို့၏အဓိက အသက်မွေးဝမ်းကျောင်းမှာ လူသောကို သယ်ယူမြှုပ်နှံသဂြိုဟ်ခြင်းများပင် ဖြစ်သည်။ ဓမ္မသတ်ကျမ်းများအရ စဏ္ဍလမျိုးတို့သည် ယင်းတို့မြှုပ်နှံသဂြိုဟ်ရသော အလောင်းကောင်များမှ အ၀တ်အထည်များကိုသာ ၀တ်ဆင်ကြသည်ဟု ဆိုသည်။ အစားအစာများကိုလည်း ခွက်ပဲ့ခွက်ကျိုးများ၌သာထည့်၍ စားသုံးကြရသည်။ ရွှေထည်ငွေထည်ပစ္စည်းများကို မ၀တ်ဆင်ရဘဲ သံထည်ပစ္စည်းများကို ၀တ်ဆင်ကြရသည်။ အထက်တန်းလွှာ အမျိုးမြတ်သူတို့သည် ထိုစဏ္ဍလများနှင့် အဝေးမှသာ ဆက်ဆံကြသည်။ စဏ္ဍလတို့လက်နှင့်ထိပြီးသော အစားအစာများကိုလည်း မစားသုံးကြပေ။

အရှင်ပညိန္ဒာဘိဝံသ (ဘီအေ) က မြန်မာနိုင်ငံထေရ၀ါဒဗုဒ္ဓဘာသာစစ်ထမ်းကျမ်းသာတွင် –

စောင့်ထိန်းမှု သီလလည်း မရှိ ဟူသော ဒုတိယအင်္ဂါအရ  ဥပါသကာဒွန်းစဏ္ဍားသည် ယုံကြည်မှုသဒ္ဓါတရားမရှိခြင်းကြောင့် ကံ၏အကျိုးနှင့် တမလွန်လောကနောက်ဘ၀ကို လေးလေးနက်နက် မယုံကြည်လှပေ။ သို့ဖြစ်၍ သူသည်နောက်ဘ၀တွေကို ငဲ့ကွက်ထောက်ထားပြီး မကောင်းမှုဒုစရိုက်များမှ ရှောင်ရှားနေဖို့ မလိုတော့ပေ။ လက်ရှိဘ၀ကောင်းစားရေးကိုသာ အဓိကထားကား ဟိရီနှင့် သြတ္တပ္ပတည်းဟူသော လောကပါလတရားနှစ်ပါးကိုလည်း လေးလေးနက်နက်စိတ်ရောကိုယ်ပါကျင့်သုံးတော့မည် မဟုတ်ပေ။ ထို့ကြောင့်သူ့အား  ဥပါသကာဒွန်းစဏ္ဍားစာရင်းထဲ ထည့်သွင်းထားရခြင်း ဖြစ်သည်။

 ကောတုဟလမင်္ဂလာ ကို ယုံကြည်၏  တတိယအင်္ဂါအရ  ဥပါသကာဒွန်းစဏ္ဍားသည် အတိတ်ကောင်း၊ နိမိတ်ကောင်း (ကိုယ်ဝန်ဆောင်မိန်းမ၊ ရေပြည့်သော အိုး၊ အောင်ပါစေ ချမ်းသာပါစေ စသောအသံများကြားလျှင်) စသည်တို့ဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာဖြစ်လတ္တံဟု အသိလိမ္မာ ဉာဏ်ပညာမရှိသူတို့ တွေးတောကြံဆအပ်သည့် ကောတုဟလ (ခေါ်) ဒိဋ္ဌသုတမင်္ဂလာကို လေးလေးနက်နက်ယုံကြည်စွဲလမ်း၏။ သူသည် သဒ္ဓါမရှိခြင်းကြောင့် သီလနှင့် ပညာလည်းမရှိပေ။ ထို့ကြောင့် ဒိဋ္ဌုပါဒန်နှင့် သီလဗ္ဗတုပါဒါန်တို့ဖြင့် အနှစ်သာရ ဘာမျှရှာမရသည့် မြေခံ၊ နဂါးလှည့်၊ ပြဿဒါး၊ ရက်ရာဇာ၊ အင်းအိုင်၊ လက်ဖွဲ့၊ ဂါထာမန္တရား၊ ကာယသိဒ္ဓိ၊ ၀ိဇ္ဇာမဟိဒ္ဓိပညာ၊ မှော်အတတ်စသည့် တန္တရ၀ါဒ၊ မန္တရ၀ါဒတို့ကို မျက်ကန်းသဖွယ် ယုံကြည်စွဲလန်း၏။ ထို့ကြောင့် သူ့အား  ဥပါသကာဒွန်းစဏ္ဍားစာရင်းထဲ ထည့်သွင်းထားရခြင်း ဖြစ်သည်။

မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်ဟူသော စတုတ္တအင်္ဂါအရ ဥပါသကာဒွန်းစဏ္ဍားသည် ပြဿဒါး၊ ရက်ရာဇာ စသည်တို့ကို အသေအလဲ ယုံကြည်စွဲလန်းလျက် မှော်အတတ်ကို လေ့လာလိုက်စားသဖြင့် ကုသိုလ်ကံသည် ကောင်းကျိုးကို ဖြစ်စေပြီး အကုသိုလ်ကံသည် မကောင်းကျိုးကို ဖြစ်စေသည်ဟု ကံနှင့် ကံ၏အကျိုးသွားကို ပြတ်ပြတ်သားသားမယုံကြည့်တော့ဘဲ ရက်ရာဇာနေ့သည် ကောင်းကျိုးချမ်းသာမင်္ဂလာဖြစ်စေ၏။ ပြဿဒါးနေ့သည် ဆင်းရဲမွဲတေ အမင်္ဂလာဖြစ်စေ၏။ စသော ကောတုဟလမင်္ဂလာကို ဒိဋ္ဌုပါဒါန်ဖြင့် အပြင်းအထန်စွဲလန်းသည်။ တမာစေ့မှ သရက်ပေါက်လိမ့်မည်ဟု အထင်အမြင်မှားနေသောသူကဲ့သို့ သူသည် အကုသိုလ် ဒုစရိုက်အလုပ်မှ နတ်၊ ၀ိဇ္ဇာ၊ ဇော်ဂျီ တန်ခိုးတို့ကြောင့် ကောင်းကျိုးချမ်းသာ မင်္ဂလာများ ဖြစ်ပွားလာလိမ့်မည်ဟု မျှော်လင့်စောင့်စားအယူမှားနေ၏။ ထို့ကြောင့် သူ့အား  ဥပါသကာဒွန်းစဏ္ဍားစာရင်းထဲ ထည့်သွင်းထားရခြင်း ဖြစ်သည်။

ဤသာသနာတော်မှ အပြင်ဘက်၌လည်း အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏  ပဉ္စမအင်္ဂါအရ ဥပါသကာဒွန်းစဏ္ဍားသည် အင်း၊ အိုင်၊ လက်ဖွဲ့၊ ဂါထာ၊ မန္တရား၊ နတ်၊ ၀ိဇ္ဇာ၊ ဇော်ဂျီစသည်တို့၏ တန်ခိုးဣဒ္ဓိများကို ယုံကြည်လေးစားအားကိုးအားထားပြုလုပ်နေရသဖြင့် မိမိကိုယ်ပိုင်ဖြစ်သော ဆန္ဒဒ္ဓိပါဒ်၊ ၀ီရိယဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ၀ီမံဒ္ဓိပါဒ်၊ တည်းဟူသော ဣဒ္ဓိပါဒ်လေးပါးတို့သည် အားနည်းသွားကြတော့၏။

ထိုသူသည် ရဟန္တာရှစ်ပါးနှင့် မြတ်စွာဘုရား၏ရုပ်ပွားတော်များကို ရှေ့ထားပြီး အကာအကွယ်ပြုလုပ်ကာ ဂြိုဟ်ကိုးလုံးနှင့် သူရဿတီ၊ မဟာပိန္နဲ၊ ပိဿနိုးတည်းဟူသော ဟိန္ဒူနတ်ကြီးငါးဦးတို့ကို နောက်ကထားလျက် ဘုရားကိုးဆူပူဇော်ပွဲဟု အမည်တပ်ပြီး ဂြိုဟ်နှင့် နတ်များကို ပူဇော်ပသ၏။ ထိုနတ်ကြီးငါးဦးထဲက သူရဿတီတန်သမီးကို အထူးရွေးချယ်ပြီး ဘုရား၏အနီးအပါးတွင် သီးခြားစင်ပြုလုပ်ကာ ပူဇော်ပဿ ခယ၀ပ်တွားနေ၏။

ဥပါသကာဒွန်းစဏ္ဍားသည် ဤသာသနာတော်နှင့် ဘာမှမသက်ဆိုင်ဘဲ

သာသနာ့အပြင်ဘက်၌ ဖြစ်ကြကုန်သော ၃၇မင်းတို့ကိုလည်းကောင်း၊

အိမ်တွင်း မဟာဝီရိနတ်တို့ကိုလည်းကောင်း၊

ရေငံပိုင်ဦးရှင်ကြီးကိုလည်းကောင်း၊

ဒေသအလိုက်နတ်များကိုလည်းကောင်း၊

ဝိဇ္ဇာ၊ ဇော်ဂျီ၊ ထွက်ရပ်ပေါက်များကိုလည်းကောင်း၊ ရိုသေမြတ်နိုးလက်စုံမိုးကာ ရှိခိုးဝပ်တွား အသနားခံတတ်၏။ ထမင်း၊ ဟင်း၊ မုန့်၊ သောက်တော်ရေချမ်း၊ ပန်းနံ့သာ၊ ဆီမီး၊ ဖယောင်းတိုင်၊ အမွှေးတိုင် စသည်တို့ဖြင့် ပူဇော်သက္ကာရပြုကြ၏။ ထို့ကြောင့် သူ့အား  ဥပါသကာဒွန်းစဏ္ဍားစာရင်းထဲ ထည့်သွင်းထားရခြင်း ဖြစ်သည်။

 

ဥပါသကာ ရတနာ

၁) ယုံကြည်မှု သဒ္ဓါတရားလည်း ရှိခြင်း။

၂) စောင့်ထိန်းမှု သီလလည်း  ရှိခြင်း။

၃) ကောတုဟလမင်္ဂလာ ကို မယုံကြည်ခြင်း။

၎) ကံကိုယုံကြည်၍ မင်္ဂလာကို မယုံကြည်။

၅) ဤသာသနာတော်မှ အပြင်ဘက်၌လည်း အလှူခံပုဂ္ဂိုလ်ကို မရှာမှီးတတ်။

ဤတရားငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာသည် ဥပါသကာရတနာလည်းမည်၏။ ဥပါသကာ ပဒုမာလည်းမည်၏။ ဥပါသကာ ပုဏ္ဍရိကလည်းမည်၏။

 

ဗေဒင်၊ နက္ခတ်၊ ဂြိုဟ်၊ ဘေးရန်တွေကြောင့် ဆိုးကျိုး ကောင်းကျိုးကို ခံစားရတာဟု ယူဆလိုက်လျှင် ကံ- ကံ၏ အကျိုးကို ယုံကြည်လက်ခံသော ကမ္မာဿကထာ သမ္မာဒိဋ္ဌိအဖြစ်မှ သွေဖည်၍ မိစ္ဆာအယူသို့ သက်ဝင်သွားလေပြီ။

တည်တောဆရာတော်ဘုရားကြီးက မင်္ဂလိကဒိဋ္ဌိကျမ်းစာ မှာ – မဂ္ဂင်ရှစ်ပါးမှာ အခြေခံ ကမ္မာဿကထာ သမ္မာဒိဋ္ဌိ ကင်းလွတ်သွားလျှင် ကျန်တဲ့မဂ္ဂင်တရားတွေလည်း မရှိတော့ဘူး။ မဂ္ဂင်တရားမရှိလျှင် ဗုဒ္ဓဘာသာလို့ ဘယ်လိုပဲ ကျိန်တွယ်၍ပြောစေဦးတော့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာမဟုတ်တော့ဘူး။ 

စစ်မှန်တဲ့ ဗုဒ္ဓဘာသာသာ မဟုတ်ခဲ့လျှင် ဘုရားရှင်ရဲ့စကားတော်ဖြစ်တဲ့ ပရိယတ္တိသာသနာတော်ကို မငဲ့မျှော်ခဲ့လျှင် ယခုဘ၀ကောင်းစားဖို့အတွက် လုပ်ချင်ရာကိုလုပ်မှာပဲ။ မင်္ဂလိကဒိဋ္ဌိဟာ မူလကတော့ ရိုးရိုးမင်္ဂလာအယူရှိတာပါပဲ။ နောက်ပိုင်းကျတော့ ဗုဒ္ဓဘာသာနာတော်နှင့် ဆန့်ကျင်တဲ့နိမိတ်ဖက်တာတွေ ဗေဒင်ဟော၊ လက္ခဏာဟောတာတွေ၊ နတ်ဟောတာတွေ၊ နတ်ပူဇော်တာတွေကစပြီး များပြားလှတဲ့ တန္တရ၀ါဒ၊ ၀ိဇ္ဇာယာ အတတ်အမျိုးမျိုးတွေဖြစ်ပေါ်လာပြီး အိန္ဒိပြည်မှာလို သာသနာပျောက်ကွယ်သွားစေနိုင်တယ်။

 

အသိဉာဏ်ရှိမရှိ ခွဲကြည့်နည်း – အရှင်ပညိန္ဒာဘိဝံသ၊ ပထမကျော်၊ ဓမ္မစရိယ၊ ဘီအေ)

       ရဟန်းတော်များ၏ ပညာတည်းဟူသော အလင်းရောင်သည် ဒကာ၊ ဒကာမများ၏ အမှောင်ထုကို ခွင်းမိသောအခါ အမှားကြာ၍ အမှန်ဖြစ်နေကြသော ပြဿဒါး၊ ရက်ရာဇာ၊ ၀ါရမိတ္တူ၊ နဂါးလှည့်၊ မြေခံ၊ ကိုးန၀င်း၊ အင်းအိုင်၊ လက်ဖွဲ့၊ ခါးလှည့်၊ မန္တာန် စသော အမှားများသည် ဘာမျှအဓိပ္ပါယ်မရှိသော အရာများဟု ပြတ်သားထင်ရှားလာကြပေလိမ့်မည်။

       လူတစ်ယောက်အား သူတော်ကောင်း ဟုတ်- မဟုတ် ချိန်ထိုးသောအခါ ကိုယ်ချင်းစာတရား မေတ္တာဓါတ် ခို- မခိုအားဖြင့် ချိန်ထိုးရသကဲ့သို့။ ထို့အတူပင် အသိဉာဏ်ရှိ-မရှိ ချိန်ထိုးသောအခါ ယုတ္တိကင်းမဲ့၍ အဓိပ္ပါယ်မရှိသော အရာများကို ယုံ-မယုံအားဖြင့် ချိန်ထိုးရပေမည်။

ပယ်ရမည့်အယူ – ရွှေဟင်္သာတောရတိုက်၊ စံကျောင်းဆရာတော်ဘုရားကြီး၏ အပရိဟာယနိယကျမ်းအဖွင့်မှ

– ပြဿဒါး၊ ရက်ရာဇာ၊ နဂါးလှည့်၊ မြေခံ၊ ကိုရွေးခြင်း၊

– အဂ္ဂိရတ်ထိုးခြင်း၊

– အောင်-ပါသော စကား၊ ကိုး-ပါသောစကား ကိုမှ မင်္ဂလာရှိသည်ဟု ယူခြင်း၊

– အသက်ကိုတည် ခုနစ်နှင့်စား၍ ဆေးကုခြင်း၊

– လပြည့်ကျော်တစ်ရက်နေ့စသည်၌ကျသောနေ့ကို တိုင်ထူ၍ ဆေးကုခြင်း၊

– မည်သည့်သစ်ပင်ကို မစိုက်ကောင်းဟု ယူခြင်း၊

– အိမ်ကို ခွေးတက်၊ ဗျိုင်းနား၊ ဠင်းတနား၊ ပျားစွဲလျှင် မည်သို့ဖြစ်လိမ့်မည်ဟု ယူခြင်း၊

– အိမ်ဆောက်ဆဲ အိမ်ရှင်သေလျှင် မီးကျော်သည်ဟုယူ၍ မည်သူမှ မနေ၀ံ့ခြင်း၊ အိမ်ခိုက်သည်။ ကျောင်းခိုက်သည်ဟု ယူဆတတ်ခြင်းတို့သည် ကံ-ကံ၏အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာတို့၏အယူမဟုတ်၍ စွန့်ပယ်အပ်ကုန်၏။

 

ပြဿဒါးယုံလျှင် ဗြဟ္မာဏဘာသာ

“ပြဿဒါးနေ့မှာ ထန်းလျက်ခဲကို စားရင် မချိုဘူးလား။”

“ချိုပါတယ် ဘုရား။”

“ကုသိုလ်လုပ်ရင် ကုသိုလ်မဖြစ်ဘူးလား။”

“ဖြစ်ပါတယ် ဘုရား။”

“ကုသိုလ်ကံသည် အကျိုးပေးခွင့်ရသော်လည်း ပြဿဒါးနေ့မှာ အကျိုးမပေးသေးဘဲ ဆိုင်းငံ့နေတယ်လို့ ဘုရားဟောပါသလား။”
“မဟောပါ ဘုရား။”

“ဒီလိုဆိုရင် ကံကောင်းထောက်ပံ့နေသောသူသည် ပြဿဒါးနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် မကောင်းကျိုးကို ရဦးမှာလား။”
“မရပါ ဘုရား။”

“ဒီလိုဆိုရင် ပြဿဒါးနေ့က ကြောက်စရာမဟုတ် အကုသိုလ်ကိုသာ ကြောက်ရမယ် မဟုတ်လား။”
“မှန်ပါ ဘုရား။”

“အဲဒါကြောင့် အကုသိုလ်ကိုမကြောက်ဘဲ ပြဿဒါးကို ကြောက်လျှင် ဗြဟ္မဏဘာသာ၊

ပြဿဒါးကို မကြောက်၊ အကုသိုလ်ကိုကြောက်မှ ဗုဒ္ဓဘာသာလို့ မှတ်ကွဲ့။

 

         ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်းဆရာတော် ဦးဉာဏ

    

အညွှန်း – မျက်ရည်မကျခင် သိစေချင်စာအုပ်။

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s