ပိဋကတ်သုံးပုံ သူရဿတီစောင့်

ဗုဒ္ဓမရှိတဲ့နောက်ပိုင်းမှာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ပိဋကတ်တရားတော်များကို ပထမသင်္ဂါယနကနေ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ သံဃာတော်များက မပျောက်မပျက်အောင် စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ၊ နောင်လည်း စောင့်ရှောက်ထိန်းသိမ်းမည်သာ ဖြစ်သည်။

ယခုတော့ အသက်အသေခံ ရွတ်အံသရဇ္ဈာယ်ပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များမျက်နှာကိုမှမထောက်ဘဲ ပိဋကတ်သုံးပုံ သူရဿတီစောင့်သည်ဆိုကာ စိတ်ကူးယဉ်လောကမှ ဟိန္ဒူနတ်သမီးရုပ်ကို ဘုရားရုပ်ပွားတော်ရှေ့တည့်တည့်မှာလာထားကြသည်။

အထားခံသည် ဂေါပကလည်း အထားခံကြသည်။ ဘုရားမျက်နှာ၊ သံဃာတော်မျက်နှာထက် ငွေမျက်နှာကို ကြည့်ကြဟန်တူသည်။

 

သူရဿတီ ဖြစ်လာရခြင်း အကြောင်းရင်း

အိန္ဒိယနိုင်ငံ၌ သူရသွတီအမည်ရှိသော မြစ်ကလေးတစ်စင်းရှိသည်။ နွေအခါတွင် သောင်များပေါ်သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များ စိုက်ကြရာ အလွန်ဖြစ်ထွန်းသည်။ ဒါလောက်ဖြစ်ထွန်းရင် ဒီမြစ်ကိုစောင့်နေတဲ့နတ်က မ-တာဖြစ်မယ်ဟူသော စိတ်ကူးယဉ်အတွေးပေါ်လာကြသည်။

သာယာညင်းပျောင်းစွာ စီးဆင်းသောမြစ်ရေကိုကြည့်၍ နတ်သမီးသာဖြစ်ရမည်ဟု ဆုံးဖြတ်ကြကာ မြစ်ကမ်းနားတွင် နတ်သမီးတစ်ရုပ်ထုလုပ်ပြီး ကိုးကွယ်ကြလေတော့သည်။

နောက်တဖြည်းဖြည်း နယ်ကျယ်လာရာမှ ဗေဒင်သုံးပုံကို သူရဿတီလက်ထဲထည့်ပေးလိုက်သောအခါ သူရဿတီသည် ဟိန္ဒူဘာသာဝင်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီးအဖြစ်သို့ ရောက်ရှိသွားလေသည်။

ထိုမှတဆင့် မြန်မာနိုင်ငံသို့ ၀င်လာသောအခါ ဘာသာရေးလုပ်ကြံလိုသူတစ်စုက ဗေဒင်သုံးပုံစောင့်တာဆိုလျှင် ဗုဒ္ဓဘာသာကိုးကွယ်မည်မဟုတ်။ သို့အတွက် ဗုဒ္ဓဘာသာများက အလေးထားကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံစောင့်ည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓဘာသာ၏တရားရတနာ ပိဋကတ်သုံးပါးကို ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအများစုကား သံဃာရတနာကို စော်ကားသော ဘာသာရေးလုပ်ကြံမှုဟူ၍ မသိရုံသာမက ခေါင်းရင်းခန်းတင်၍ ကိုးကွယ်ပင် ထားလိုက်ကြသေးသည်။

သုရဿတီကား ထေရ၀ါဒဗုဒ္ဓကျမ်းဂန်များတွင် လုံးဝမပါသော ဘာသာရေးလုပ်ကြံမှု စစ်စစ်သာဖြစ်သည်။

အရဟံ ထဲတွင် ဥုံ ပိဋိကတ္တယသမ္ပုဏ္ဏံ စသော သူရဿတီဂါထာမှာလည်း ပါဠိဘာသာတတ် တစ်ယောက်ယောက်က တီထွင်ရေးသားချက်သာ ဖြစ်သည်။

တကယ်ပိဋကတ်သုံးပုံကိုစောင့်သော နတ်သား၊ နတ်သမီးတို့ကို တွေ့လိုပါက မြန်မာပြည်အရပ်ရပ်ရှိ ရဟန်း၊ သီလရှင်၊ စာသင်တိုက်ကြီးများသို့ သွားရောက်ဖူးမြော်နိုင်ကြောင်း အကြံပေးရပါသည်။

အညွှန်း – မျက်ရည်မကျခင်သိစေချင်စာအုပ်။

 

 

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a comment