ဇောစေတနာ (၇) ချက် အကျိုးပေးပုံ

ဇောစေတနာ (၇) ချက်

ကုသိုလ်လုပ်သည်ဖြစ်ဖြစ်၊ အကုသိုလ်လုပ်သည်ဖြစ်ဖြစ် ဇေစေတနာ (၇)ချက်ကို သိရန် လိုအပ်ပါတယ်။ ဇောစေတနာ (၇) ချက်ကို သေချာမသိပါက မိစ္ဆာဒိဋ္ဌိဖြစ်သွားရပေမည်။

ပထမဇော (ဒိဋ္ဌဓမ္မဝေဒနိယကံ) သည်  ပထမဘ၀ (ယခုဘ၀) တွင် ကောင်းကျိုး၊ မကောင်းကျိုးပေးသည်။ ထိုကံ၏သတ္တိသည် ၇ရက်၊ ၇လ၊ ၇နှစ် အတွင်း အကျိုးပေးခွင့်မရပါက အဟောသိကံ ဖြစ်သွား၏။ ကံသတ္တိအားနည်းသောကြောင့် ဖြစ်သည်။

ယခုဘ၀တွင် ကောင်းကျိုး၊ မကောင်းကျိုး မပေးသော် သတ္တမဇော (ဥပပဇ္ဇဝေဒနီယကံ) က ဒုတိယဘ၀ ကောင်းကျိုး၊ မကောင်းကျိုးပေးသည်။ ဒုတိယဘ၀အတွင်း အကျိုးပေးခွင့်မကြုံပါကလည်း အဟောသိကံ ဖြစ်သွား၏။ပထမဇော နှင့် သတ္တမဇောသည် မထက်သန်ခြင်း၊ အင်္ဂါမပြည့်စုံခြင်း ဟူသော အကြောင့်များကြောင့် အကျိုးမပေးနိုင်ဘဲ ပျက်သွားသောအခါ (အဟောသိကံ) များရှိ၏။

သတ္တဇောအကျိုးမပေးလျှင် အလယ်ဇော ငါးချက်ကား (အပရာပရိယ ဝေဒနိယကံ) တတိယဘ၀မှစပြီး နိဗ္ဗာန်မရောက်မချင်း လိုက်ပြီး ကောင်းကျိုး၊ မကောင်းကျိုးပေးသည်။

ဇောစေတနာ (၇) ချက် အကျိုးပေးပုံ သာဓကများကို ဇာတ်တော်တစ်ခုမှ ကောက်နှုတ်ပေးထားပါတယ်။

မဟာနာဒန ဇာတ်တော်လာ ၀ိဒေဟတိုင်း၊ မိထိလာမြို့တွင် အင်္ဂတိမင်းကြီး စိုးစံတော်မူစဉ်က ဖြစ်သည်။ သူ့တွင် အလွန်ချောမောလှပသော ရုစာမင်းသမီးတစ်ပါးရှိတယ်။ ဒါန၊ သီလ၊ ဘာဝနာ သုံးပါးလုံးပြည့်စုံသော မင်းဖြစ်သော်ကြောင့် သူ့သမီးတော်အားလည်း လိုသလိုလှူဒါန်းနိုင်ရန်အတွက် လပြည့်လကွယ်နေ့မှာတွင် ငွေအသပြာတစ်ထောင်ကို ပေးနေကျဖြစ်သည်။ တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့မှာ မှူးမတ်တွေရဲ့အကြံပေးချက်အရ အ၀တ်မ၀တ်သော ပညာရှိအမည်ခံ တိတ္ထိဆရာကြီး ဦးဂုဏ်ထံသို့ ရောက်ရှိသွားလေသည်။ အင်္ဂတမင်းကြီးက သူတော်ကောင်းတရားကို ဟောကြားရန်တောင်းဆိုသော်လည်း ထိုဆရာကြီးက –  “ကုသိုလ် အကုသိုလ်ဆိုတာမရှိ။ ကောင်းကျိုးဆိုးကျိုးဆိုတာလည်းမရှိ။ ထို့ကြောင့် ကုသိုလ်ပြုလည်း ပြုရာမရောက်။ အကုသိုလ်ပြုလည်း ပြုရာမရောက်။ ကမ္ဘာပေါင်းရှစ်သောင်းလေးထောင်ရှိလျှင် သတ္တ၀ါတွေ အလိုလိုစင်ကြယ်ကြ၏” ဟု အယူမှားကြီးကို ဟောပြောလိုက်လေ၏။ (ငရဲကိုပို့မည့် အယူဝါဒကြီးပင် ဖြစ်၏။)

ထိုတရားကိုနာသောအခါ အင်္ဂတိမင်းကြီးမှာ တွေဝေပြီး ငါရဲ့ သီလကုသိုလ်တွေဟာ အလကားဖြစ်သွားပြီးလား။ ဒီအတိုင်းမှန်ရင်တော့ လူ့ဘ၀ရခိုက် ဘာမှရှောင်မနေဘဲ ကာမဂုဏ်မှန်သမျှကို တင်းပြည့်ကျပ်ပြည့်ခံစားသင့်တယ်ဟု တွေးမိ၏။ အင်္ဂတိမင်းကြီးမှာ ၅၀% မိစ္ဆာအယူကို နှစ်သက်သွား၏။

ထိုအချိန်တွင်ပင် ပရိတ်သတ်အတွင်းမှ အလာတအမည်ရှိ စစ်သူကြီးသည် တိတ္ထိဆရာကြီး၏အယူဝါဒကို ကိုယ်တွေ့တစ်ခုဖြင့် ထောက်ခံလိုက်၏။ “အကုသိုလ်လုပ်ပေမယ့်၊ မကောင်းကျိုးခံစားစရာမလိုဘူးဆိုတဲ့အယူဝါဒဟာ အလွန်မှန်ကန်ပါတယ်။ ကျွန်ုပ်ကိုယ်တွေ့ကိုပြောပြပါ့မယ်။ ကျွန်ုပ်ဟာ အတိတ်ဘ၀တစ်ခုကို ပြန်အမှတ်ရနိုင်တဲ့ ဇာတိဿရဉာဏ်ရှိပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ကျွန်ုပ်ဟာ ပိင်္ဂလအမည်ရှိတဲ့ နွားသတ်သမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နွားသတ်တဲ့အကုသိုလ်ကံကို တစ်ဘ၀လုံးလုပ်ခဲ့ပါတယ်။ ကုသိုလ်ဆိုလို့ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီဘ၀ကသေခဲ့လို့ ဒီဘ၀မှာ အခုလို စစ်သူကြီးရာထူးရပြီး ကြွယ်ဝချမ်းသာနေပါတယ်။ သူ့အသက်သတ်ခဲ့တဲ့အကုသိုလ်ကံတွေရဲ့ဆိုးကျိုးကို မခံစားရပါဘူး။ ဒါ့ကြောင့် အကုသိုလ်ဆိုတာမရှိဘူး မကောင်းကျိုးဆိုတာလည်း မရှိဘူးဆိုတဲ့တရားဟာ အင်မတန်မှန်ပါတယ်။”

(အမှန်မှာ – နွားသတ်သမားဘ၀မရောက်ခင် အရင်ဘ၀တစ်ခုက သူသည် ကဿပဘုရားဓါတ်တော်ကို ဌာပနာထားသည့်စေတီတော်တွင် ရွှေပန်းတစ်ခိုင်လှူခဲ့၏။ ထိုကုသိုလ်များ၏ အလယ်ဇောငါးချက်စေတနာက ယခုတတိယဘ၀တွင် ချမ်းသာကြွယ်ဝသော စစ်သူကြီးအဖြစ်သို့ ပို့ပေးခြင်းဖြစ်သည်။ နွားသတ်သမားဝက ပြုခဲ့သောအကုသိုလ်ကံစေတနာတွေက မကောင်းကျိုးပေးရန် စောင့်နေဆဲသာဖြစ်၏။)

အင်္ဂတိမင်းကြီးမှာ လည်း ပိုပြီး နှစ်သက်သွားရာ ၇၅% ထိရောက်သွားလေသည်။

ထိုအချိန်မှာ တရားနာပရိတ်သတ်ထဲမှ ဗီဇအမည်ရှိ ကျွန်တစ်ယောက်ကလည်း တိတ္ထိဆရာကြီး၏တရားမှန်ကန်ကြောင်း ထောက်ခံပြန်၏။  “ဆရားကြီးရဲ့တရားဟာမှန်ပါတယ်။ ကျွန်ုပ်အရင်ဘ၀က ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားမျိုးစုံကို ပြုခဲ့တဲ့သူသူတော်ကောင်းတစ်ယောက်ပါ။ အခုဘ၀ကျတော့ တစ်နေ့စာ တစ်နေ့တောင် မမှန်ကန်တဲ့ကျွန်ဘ၀ကို ရောက်ရပါတယ်။ ဒါ့ကြောင့် ကုသိုလ်တရားဆိုတာမရှိဘူး ကောင်းကျိုးဆိုတာလည်း မရှိဘူးဆိုတာ အလွန်မှန်ကန်ပါတယ်။”

(အမှန်မှာ – ဗီဇသည် သူတော်ကောင်းဘ၀မရောက်ခင်က အရင်ဘ၀တစ်ခုက သာမန်လယ်သမားတစ်ယောက်ဖြစ်ခဲ့၏။ တစ်နေ့တွင် နွားတစကောင်ပျောက်သွားသဖြင့် လိုက်ရှာရာတော်တော်နှင့်မတွေ့သဖြင့် ဒေါသထွက်နေ၏။ ထိုအချိန်မှာပင် လမ်းမှားလာသော ရဟန်းတစ်ပါးက လမ်းမှန်ကိုမေး၏။ ဒကာက မဖြေချင်သဖြင့် မကြားချင်ယောင်ပြု၏။
ရဟန်းက ဒုတိယအကြိမ်ဆက်မေးသောအခါ ရဟန်းတွေက ကျွန်တွေအတိုင်းပဲ တော်တော်အမေးအမြန်းထူတယ် ဟူသောစကားဖြင့် ရေရွက်လိုက်၏။ ထိုကဲ့သို့ ရဟန်းတစ်ပါးအား ကျွန်ဟူသောအသုံးအနှုန်းဖြင့် ပြောဆိုခဲ့သော ၀စီကံအကုသိုလ်အလယ်ဇောငါးချက်စေတနာက ယခုတတိယဘ၀တွင် ကျွန်ဖြစ်အောင် ဆိုးကျိုးလာပေးခြင်းဖြစ်၏။)

ထိုအခါ အင်္ဂတိမင်းကြီးမှာ ၁၀၀% မိစ္ဆာအယူကို ကြိုက်သွားလေ၏။ အင်္ဂတိမင်းကြီးမှာ ပြန်သောအခါ လာတုန်းက တိတ္ထိဆရာကြီးကိုရှိခိုးသော်လည်း အပြန်တွင် ရှိမခိုးတော့။ ထိုအချိန်မှစ၍ ငါးပါးအာရုံကာမဂုဏ်တွေကိုခံစား၊ လှပသောမိန်းကလေးဖြစ်လျှင် လင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဓမ္မသိမ်းယူပျော်ပါးတော့လေသည်။ တတိုင်းပြည်လုံးလည်း ကြိမ်မီးအုံးမျှ ပူလောင်ကြ၏။

ရုစာမင်းသမီးသည် ငွေထုတ်ရက်တွင် ဖခမည်းတော်ထံ ရောက်လာသောအခါ အင်္ဂတိမင်းကြီးပ – “သမီးတော် ငွေတစ်ထောင်လည်း မယူနဲ့တော့။ ဒါနလည်း မပြုနဲ့တော့။ လူပါးလူနပ်တွေက အလှူခံပြီး လူနုံလူအတွေက လှူတာတဲ့။ ကုသိုလ် အကုသိုလ်ဆိုတာလည်း မရှိဘူး။ ကောင်းကျိုးဆိုးကျိုးဆိုတာလည်းမရှိဘူး။ ကမ္ဘာပေါင်းရှစ်သောင်းလေးထောင်ရှိလျှင် သတ္တ၀ါတွေ အလိုလိုစင်ကြယ်သွားတယ်ဆိုတော့ ကုသိုလ်လုပ်လဲ အပိုပါပဲ သမီးတော်။ ဒီတော့ လူဖြစ်သခိုက် လူဖြစ်ရကျိုးနပ်အောင် ငါးပါးအာရုံတွေကို အမြဲတမ်းခံစားပေတော့။ အခုခမည်းတော်လည်း အာရုံငါးပါးတွေနဲ့ အမြဲတမ်းခံစားနေတယ်။ ဘာကုသိုလ်မှ မလုပ်တော့ဘူး။”

ထိုအခါ ရုစာမင်းသမီးက”ဖခမည်းတော့ အလာတနဲ့ဗီဇတို့လို လူမိုက်တွေက ဦးဂုဏလို တိတ္ထိဆရာရဲ့အယူဝါဒကိုယူတာ မဆန်းပါ။ ဖခင်ကား အတွေးခေါ်ရှိသူဖြစ်ပါတယ်။ ဦးဂုဏရဲ့မိစ္ဆာကို မယူသင့်ပါ။ ကမ္ဘာကြီးရှစ်သောင်းလေးထောင်ပြည့်ရင် လူတွေဟာ အလိုလိုစင်ကြယ်တယ်ဆိုရင် ဦးဂုဏကရော ဘာဖြစ်လို့ အ၀တ်မတတ်တဲ့အကျင့်ကို ကျင့်နေသလဲ။ သူကိုယ်တိုင် သူဟောတဲ့တရားကို မယုံကြည်လို့ဆိုတာ ထင်ရှားနေပါတယ်။ ဒါ့ကြောင့် ခမည်းတော်အနေနဲ့ အယူမှားကြီးကို စွန့်လွှတ်ပါလို့ တောင်းပန်ပါတယ်။”

“မစွန့်လွှတ်နိုင်ဘူး သမီးတော့။ ဦးဂုဏရဲ့အယူဝါဒကိုပဲ ခမည်းတော် နှစ်သက်တော်မူပါတယ်။ “

“လျှောက်ထားပါဦးမယ် ခမည်းတော့။ အလာတနဲ့ဗီဇတို့ဟာ သူတို့ရဲ့အတိတ်ဘ၀ တစ်ခုကိုပဲ သတိရတာပါ။ သမီးတော်ဟာ (၁၄) ဘ၀ ထိ သတိရနေပါတယ် ခမည်းတော့။ သမီးတော်ရဲ့အတိတ်ဘ၀ကို ခမည်းတော်သေချာဆန်းစစ်ကြည့်လိုက်တာနဲ့ ကုသိုလ် အကုသိုလ် ထိုကုသိုလ် အကုသိုလ်တို့ရဲ့ကောင်းကျိုး ဆိုးကျိုးတွေရှိတယ်ဆိုတာကို ခမည်းတော် သေချာသိလာမှာပါ။”

“ဟုတ်ရဲ့လား သမီးတော်။ ခမည်းတော်တစ်ခါမှ မကြာ:ဘူးပါလား။”

“အကြောင်းမတိုက်ဆိုင်လို့ လျှောက်ထားခြင်း မပြုတာပါ ခမည်းတော့။ အခု မလျှောက်တင်ရင် မဖြစ်တော့ဘဲ အခြေအနေကြောင့် လျှောက်တင်ရခြင်းဖြစ်ပါတယ်။”

“ကဲ- ဒါဆိုရင် လျှောက်တင်စေ။”

“နားဆင်တော်မူပါ ခမည်းတော်။ သမီးတော်ဟာ ဘ၀တစ်ခုက ရွှေပန်းထိမ်သည်သား ဖြစ်ခဲ့ပါတယ်။ မိတ်ဆွေယုတ်နဲ့ပေါင်းဖော်မိတာကြောင့် သူတစ်ပါးရဲ့မယားနဲ့ သမီးပျိုများကို ဖျက်ဆီးခဲ့မိပါတယ်။

အဲ့ဒိဘ၀ကသေတော့ ကောသမ္ဗီမြို့မှာ သူဌေးသားသွားဖြစ်ပါတယ်။ ဒီဘ၀မှာတော့ သူတောင်ကောင်းနဲ့ပေါင်းမိပြီး ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကို ပြုဖြစ်ပါတယ်။ အလာတရဲ့စကားနဲ့ပြောရရင် သမီးတော် ပန်းထိမ်သည်ဘ၀ကပြုခဲ့တဲ့ ကာမေသုမိစ္ဆာစာရအကုသိုလ်ကံတွေက ဆိုးကျိုးမပေးသလို ဖြစ်နေတာပေါ့ ခမည်းတော်။

အမှန်က ဆိုးကျိုးမပေးတာ မဟုတ်ပါဘူး။ အချိန်မကျသေးလို့ စောင့်နေတာပဲဖြစ်ပါတယ်။

အခုသူဌေးသားဘ၀က သေတော့ ကာမေသုမိစ္ဆာစာရအကုသိုလ်ကံတွေက အလှည့်ကျလာပြီး ရောရုငရဲကို ပစ်ချလိုက်ပါတယ်။

ရောရုငရဲကလွတ်ပြန်တော့ ဘိန္နာဂတတိုင်းမှာ ဆိတ်ထီးကြီးတစ်ကောင် ဖြစ်ပါတယ်။ ဆိတ်ထီးဖြစ်ရပေမယ့် ကာမေသုမိစ္ဆာစာရအကုသိုလ်ကံအကျိုးဆက်ကြောင့် သင်းကွတ်ခံရပြီး အထီးမဟုတ် အမမဟုတ်ဘ၀ကို ရောက်ရပါတယ်။

ဆိတ်ဘ၀ကသေတော့ တောကြီးတစ်တောမှာ မျောက်ထီးတစ်ကောင်သွားဖြစ်ပါတယ်။ မျောက်ဘ၀မှာလည်း ဖခင်ဖြစ်တဲ့မျောက်ကြီးက ဒီကောင်ကြီးလာရင် ငါ့နေရာဝင်လုလိမ့်ဆိုပြီး မျောက်မတွေ မကပ်ချင်အောင် သူ့ပါးစပ်နဲ့ကိုက်ဖောက်ပစ်ခဲ့တာပါ။

မျောက်ဘ၀ကသေတော့ သုဒဿနာတိုင်းမှာ နွားထီးကောင်တစ်ကောင်သွားဖြစ်ပါတယ်။ အဲ့ဒီဘ၀မှာလည်း သင်းကွတ်ခံရတာပါပဲ ခမည်းတော်။

နွားဘ၀ကသေတော့ ၀ဇ္ဇတိုင်းမှာ ယောကျာ်းအင်္ဂါ၊ မိန်းမအင်္ဂါ၊ နှစ်မျိုးလုံးမပါတဲ့ နပုံးဘ၀ရောက်ခဲ့ရပြန်ပါတယ် ခမည်းတော်။

အကုသိုလ်ကံဆိုးကျိုးတွေ ရှိတယ်ဆိုတာ သေချာပါတယ် ခမည်းတော်။”

“အကုသိုလ်ကံရဲ့ဆိုးကျိုးတွေရှိသလို ကုသိုလ်ကံရဲ့ကောင်းကျိုးတွေဆိုတာလည်းရှိတာပါပဲ ခမည်းတော်။

ကောသမ္ဗီသူဌေးသားဘ၀ပြုခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကံကြောင့် နပုံးဘ၀ကသေတဲ့အခါ သိကြားမင်းရဲ့မိဖုရား နတ်သမီးဘ၀ လေးခါ ဖြစ်ရပါတယ်။

ဇ၀နအမည်ရှိတဲ့ နတ်သားရဲ့မိဖုရား နတ်သမီးအဖြစ် တစ်ဘ၀ဖြစ်ခဲ့ရပါတယ်။

အခုသမီးဟာ အဲ့ဒီနတ်သမီးဘ၀ကစုတေပြီး ခမည်းတော်ရဲ့ရုစာမင်းသမီးလာဖြစ်ရတာပါ။

ဒိဘ၀ကသေရင် တာဝတိံသာမှာ နတ်သမီးတစ်ဘ၀ ဖြစ်ရဦးမှာပါ။

အဲ့ဒီဘ၀ကနောက်မှ မြင့်မြတ်တဲ့ယောကျာ်းဘ၀ကို ပြန်ရောက်ရမှာပါ ဖြစ်ပါတယ် ခမည်းတော်။ “

ဒီလိုအမျိုးသမီးဘ၀မှာ ကျင်လည်နေရတာဟာ ကာမေသုမိစ္ဆာစာရအကုသိုလ်ကံရဲ့ဆိုးကျိုးတွေပါ ခမည်းတော်။ ဒါ့ကြောင့် ကုသိုလ် အကုသိုလ် ဆိုတာမရှိ။ ကောင်းကျိုး ဆိုးကျိုးဆိုတာမရှိဆိုတဲ့ အယူဝါဒဆိုးကြီးကို စွန့်လွှတ်လိုက်ပါ ခမည်းတော်။”

“သမီးတော်ဘယ်လိုလျှောက်လျှောက် ခမည်းတော်ကတော့ မစွန့်လွှတ်နိုင်ဘူး။”

ဒါ့ကြောင့် – ဓမ္မပဒ မှာ အနာထပိဏ္ဍိကသေဋ္ဌိသုတ်တွင် ဗုဒ္ဓက –

ပါပေါပိ ပဿတိ ဘဒြံ၊

ယာဝ ပါပံ န ပစ္စတိ။

ယဒါ စ ပစ္စတိ ပါပံ၊

အထ ပါပေါ ပါပါနိ ပဿတိ။

လူတစ်ယောက်သည် မကောင်းမှုအကုသိုလ်ကို ပြုလုပ်ထား၏။ သူပြုလုပ်ထားသော အကုသိုလ်ကံသည် အကျိုးပေးချိန်မတန်သေလျှင် ကောင်းသောအကျိုးကို တွေ့ကြုံခံစားရ၏။

သူ ပြုခဲ့သောမကောင်းမှုအကုသိုလ်ကံ အကျိုးပေးချိန်ရောက်လျှင်ကား မကောင်းမှုကိုပြုသောသူသည် မကောင်းသောအကျိုးကိုသာ တွေ့မြင်ခံစားရတော့၏။

 

ဘဒြောပိ ပဿတိ ပါပံ။

ယာဝ ဘဒြံ န ပစ္စတိ။

ယဒါ စ ပစ္စတိ ဘဒြံ၊

အထ ဘဒြော ဘဒြာနိ ပဿတိ။

ကောင်းမှုကိုပြုလုပ်သောသူသည် ထိုကောင်းမှုအကျိုးမပေးခင်၊ မကောင်းသောအကျိုးကို တွေ့မြင်ခံစားရ၏။

ပြုခဲ့သောကောင်းမှု အကျိုးပေးချိန်ရောက်လျှင်ကား ကောင်းမှုကိုပြုသောသူသည် ကောင်းသောအကျိုးသာ တွေ့မြင်ခံစားရတော့၏။ လို့ ဟောတော်မူခဲ့ပါတယ်။

ထိုအခါ ရုစာမင်းသမီးသည် ခမည်းတော်အကျိုးအတွက် လောကကို သစ္စာပြုကာတိုင်တည်၏။ “အို လောက၌ရှိကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့ ကျွန်ုပ်သည် သူတော်ကောင်းတရားခုနစ်ပါးကို ကျင့်ကြံအားထုတ်၏။ ဤမှန်ကန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ဖခင်၌ စွဲကပ်နေသောအယူဝါဒဆိုးကြီးကို ပယ်ဖျောက်ပေးရန် ဤနန်းတော်ပေါ်သို့ေ၇ာက်လာပါစေကုန်သတည်း။”

ထိုအသံကိုကြားသောအခါ ဘုရားအလောင်း နာဒရဗြဟ္မာမင်းက ရသေ့အသွင်ဖန်ဆင်းကာ နန်းရင်ပြင်ကောင်းကင်ထက်၌ ပေါ်လာ၏။

“ရသေ့ကိုမြင်ရသည်နှင့် အင်္ဂတမင်းကြီးက – အသင့်ကို အဘယ်သို့ ခေါ်သနည်း။”

” နာဒရဗြဟ္မာမင်းဟု ခေါ်သည်။”

“အသင်သည် အဘယ်ကြောင့် ယခုလို ကောင်းကင်မှာ ရပ်နိုင်သနည်း။”

“လူ့ဘ၀ဖြစ်စဉ်အခါက လောဘ၊ ဒေါသ၊ မောဟစသော အကုသိုလ်ကိလေသာများ အဖြစ်မခံဘဲ သမထဘာဝနာတရားများကို ပွားများခဲ့သောကြောင့် ဈာန်ကုသိုလ်များရပြီး ဗြဟ္မာမင်းဖြစ်ခဲ့ရတယ်။ ဒီဈာန်ကုသိုလ်ကြောင့် ယခုလိုကောင်းကင်မျာ ရပ်တည်သွားလာနိုင်ခြင်းဖြစ်တယ်။”

“ဒါဆိုရင် ကုသိုလ်ဆိုတာရှိတယ်။ ကောင်းကျိုးဆိုတာရှိတယ်။ နောင်ဘ၀ဆိုတာရှိတယ်လို့ အရှင်ရသေ့ဆိုလိုတာလား။”

“ဆိုလိုတယ်။ ဒါဟာ ကျွန်ုပ်ရဲ့ကိုယ်တွေ့ပဲ။”

အရှင်ရသေ့ပြောသလို နောင်ဘ၀ရှိမယ်ဆိုရင် တပည့်တော်ကို ငွေတစ်ထောင်ချေးပါ။ အခုဘ၀တော့ပြန်မဆပ်နိုင်ဘး။ နောင်ဘ၀ကျမှ ပြန်ဆပ်ပါ့မယ်။ ဘယ်လိုလည်း အရှင်ရသေ့ ချေးနိုင်ပါ့မလား။ နောင်ဘ၀ရှိတယ်လို့ အရှင်ရသေ့ယုံကြည်ရိုးမှန်ရင် ချေးကိုချေးနိုင်ရမယ်။

“နောင်ဘ၀ဆိုတာရှိတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ပဲ မချေးနိုင်ဘူး အရှင်မင်းကြီး။”

“ဘယ်လိုကြောင့်ဆိုတာရှင်းပြပါဦး အရှင်ရသေ့။”

“ဟယ်. မိစ္ဆာဒိဋ္ဌိအရှင်မင်းကြီး။ ဤလူ့လောက၌ပင် လိမ်ညာကောက်ကျစ်။ သောက်စားမူးယစ်နေသောသူကို အဘယ်သူသည် ယုံကြည်စွာ ပိုက်ဆံချေးမည်းနည်း။ အဘယ်ကြောင့်မချေးနည်းဆိုသော် ပြန်ရဖို့မျှော်လင့်ချက်လုံးလုံးမရှိသောကြောင့် ဖြစ်၏။ ထို့နည်းအတူ ယခုဘ၀တွင် သင်မင်းကြီးသည် မကောင်းမှုမှန်သမျှကို ထင်သလိုပြုလုပ်နေ၏။ ထို့ကြောင့် သင်သေလျှင် ငရဲကျဖို့ရန်သေချာနေ၏။ ငရဲရှစ်ထပ်မှာ ပထမဆုံးထပ်ငရဲသည် သဇ္ဈင်းငရဲ။ လူသက်အားဖြင့် အနှစ်ကိုးသန်းမပြည့်မချင် သင်ကားသေခြင်းမရှိ။ လွတ်ခြင်းမရှိဘဲ အသည်းခိုက်အောင် နာကျင်သော ဒုက္ခဝေဒနာကို အဆက်မပြတ်ခံစားနေရ၏။ ထိုသို့ငရဲခံနေရသောသင်သည် ငါ၏ကြွေးတစ်ထောင်ကို ဘယ်လိုနည်းဖြင့် ပြန်ဆပ်နိုင်မည်နည်း။ ထိုကြောင့်ငါသည် မချေးနိုင်ဟု ဆိုခြင်းဖြစ်၏။

ရေများရေနိုင်၊ မီးများမီးနိုင်ဟူသောစကားအတိုင်း အကုသိုလ်မီးများကနိုင်နေသောအခါ သင်ဘ၀အဆက်ဆက်ကပြုခဲ့သော အကုသိုလ်ကံများသည် အလုံးအရင်းနှင့်လာ၍ ဤငရဲဘုံ၌ မကောင်းကျိုးများကို ဖြစ်စေ၏။  ငရဲမှာ မလွတ်တန်းခံနေရဲတဲ့ သင့်လိုလူမျိုးဆီက ငါ့ရဲ့အကြွေးတစ်ထောင် ဘယ်လိုပြန်ရနိုင်မှာလဲ အရှင်မင်းကြီး။”

“တပည့်တော်နားလည်ပါပြီ။ အမြင်လဲရှင်းပါပြီ။ မိစ္ဆာအယူကို စွန့်လွှတ်ပါတော့မယ်။”

“ကောင်းလေစွ ကောင်းလေစွ အရှင်မင်းကြိး။”

 

ဗုဒ္ဓက အပဏ္ဏကဇာတ်တွင် တမလွန်ဘ၀ကို လက်မခံလျှင် –

သေလျှင် ပြတ်တာပဲ။ နောင်ဘ၀ဆိုတာမရှိဘူးဟူ၍ တမလွန်ဘ၀ကို လက်မခံသောသူသည် ကိုယ့်ကျိုးကိုယ့်စီးပွားတစ်ခုတည်းကိုသာကြည့်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ရဲလာသည်။ ထို့ကြောင့် ပညာရှိသူတော်ကောင်းတို့၏ ကဲ့ရဲ့ရှုတ်ချမှုကိုခံရ၏။ ဤကားတမလွန်ဘ၀ကို လက်မခံသူတွေ၏ ယခုဘ၀ဆိုးကျိုးကား။ သူထင်သလို တမလွန်ဘ၀ မရှိလျှင် တော်ပါသေး၏။ အကယ်၍ တမလွန်ဘ၀ရှိခဲ့လျှင် မကောင်းမှုကိုသာလုပ်ခဲ့သူဖြစ်သောကြောင့် မကောင်းသောဘုံသို့ရောက်ပြီး မကောင်းကျိုးကိုသာ ခံစားရ၏။ ထို့ကြောင့် တမလွန်ဘ၀ကို လက်မခံသောသူအတွက် ပစ္စက္ခရော သံသရာအတွက်ပါမကောင်းပါ။

တမလွန်ဘ၀ကိုလက်ခံသူသည်ကား မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရမည်။ မကောင်းသောဘုံသို့ရောက်မည်ဟု ယုံကြည်သောကြောင့် မကောင်းတာမှန်သမျှမလုပ်ဖြစ်တော့။ ကောင်းတာလုပ်လျှင်ကောင်းကျိုးရမည်။ ကောင်းသောဘုံရောက်မည်ဟူ၍ ယုံကြည်သောကြောင့် လောကကိုကောင်းကျိုးပြုသော ပရဟိတအလုပ်ကို များများလုပ်၏။ ထို့ကြောင့် သူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကို ခံရ၏ ဤကားတမလွန်ဘ၀ကို လက်ခံသူတွေ၏ ယခုဘ၀ကောင်းကျိုးကား။ ထိုသေူသေလျှင် နောင်ဘ၀မရှိလျှင်လည်း ဘာမှမဖြစ်။ နောင်ဘ၀ရှိခဲ့လျှင်လည်း ကောင်းတာကို ပြုလုပ်ခဲ့သောသူဖြစ်သောကြောင့် ကောင်းသောဘုံရောက်ပြီး ကောင်းသောအကျိုးကိုသာ ခံစားရပါမည်။ ဤသည်ကား တမလွန်ဘ၀ကို လက်ခံသူအတွက် သံသရာကောင်းကျိုးဖြစ်၏။

 

 (ရုစာမင်းသမီး – အရှင်အာနန္ဒာအလောင်း။ နာဒရဗြဟ္မာမင်း- ဘုရားအလောင်း။ အလာတ စစ်သူကြီး – ဒေ၀ဒတ်အလောင်း။ ဗီဇ ကျွန် – အရှင်မောဂ္ဂလာန်အလောင်း။ အမတ် – အရှင်သာရိပုတ္တရာ အလောင်း။)

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

2 Responses to ဇောစေတနာ (၇) ချက် အကျိုးပေးပုံ

  1. lagoneein1985@gmail.com says:

    စောက်တလွဲတွေရေးထားတာပဲဗျ
    မိန်းမ အင်္ဂါအကြောင်းရေးတဲ့ထဲမှာ ဘယ်က ဘုရားပုံတော်နဲ့ ဘုရားအကြောင်းရာဇ၀င်က ပါလာတာလဲ
    နောက်ဆို ဆင်ခြင်စေချင်တယ်

    • mettayate says:

      အကြံပေးတဲ့အတွက် ဒီက အစ်ကိုကို ကျေးဇူးတင်ပါတယ်။

      ဒီ ဇောစေတနာ (၇)ချက် ပို့စ်ကို လောကီဘက်ကမကြည့်ဘဲနဲ့ လောကုတ္တရာဘက်ကနေ ကြည့်စေချင်ပါတယ်။

      ကျမ ဒီပို့စ်မှာ ဒီဇာတ်တော်အကြောင်းရွေးရခြင်းကတော့ ကံ ကံ၏အကျိုးကို မယုံကြည်သူများ၊ ကံများ၏အကျိုးပေးပုံတွေနဲ့ ရှေ့ဘ၀ နောက်ဘ၀တွေရှိတယ်ဆိုတာကို မယုံကြည့်သူများအတွက် ဥပမာပေးဖို့ အကောင်းဆုံးသော ဇာတ်တော်ဖြစ်လို့ပါ။
      ဒီဇာတ်တော်ထဲမှာ အရှင်အာနန္ဓာအလောင်းဖြစ်တဲ့ ရုစာမင်းသမီးဟာ သူဋ္ဌေးသားဘ၀က ကာမေသုမိစ္ဆာကံကျူးလွန်းမိလို့ အကုသိုလ် ဇောစေတနာလိုက်ပုံတွေနဲ့ ကုသိုလ်တွေရဲ့အကျိုးပေးမှုတွေ၊ ထိုကံတွေကြောင့် နောင်ဘ၀တွေရှိပုံတွေကို သူမ၏ဖမည်းတော်ကို လမ်းမှန်ရောက်ရန် ပြောပြခြင်းသာ ဖြစ်ပါတယ်။

      ကျမရဲ့မေတ္တာရိပ်ဘလော့်ထဲမှာ မြတ်ဗုဒ္ဓရဲ့ဓမ္မတရားတော်တွေကို တထောင့်တနေရာကနေ ကျမတတ်နိုင်သလောက် ပံ့ပိုးကူညီပေးခြင်းသာ ဖြစ်ပါတယ်။

      အစ်ကို့အနေနဲ့ သဘောပေါက်နားလည်မယ်လို့ ထင်ပါတယ်။

      စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

      မေတ္တာရိပ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s