သာသနာနှင့် ဂန္ဓာရပညာ

ဗုဒ္ဓသာသနာကို ညှိုးမှိန်ကွယ်ပျောက်စေနိုင်သော အညစ်အကြေးများမှာ –

၁) ဂန္ဓာရပညာ တန္တရအနွယ်ဝင် အရည်းကြီး

၂) နက္ခတ်ဗေဒင်

၃) နတ်ကိုးကွယ်မှု

 

၁) တန္တရအနွယ်ဝင် အရည်းကြီးတို့၏ အလေ့အကျင့်များမှာ

– ထိမ်းမြားမင်္ဂလာပြုအံ့သော အမျိုးသမီးတို့၏ပန်းဦးလွှတ်ခြင်းဟူသော အပူဇော်ကိုခံယူခြင်း၊

– မြင်းမွေးခြင်း၊ မြင်းစေီးခြင်း၊ လက်ဝှေ့သတ်ခြင်း၊

– စုန်းကဝေ အတတ်တို့ကို လေ့လာခြင်း၊

– ဗေဒင်ဟောခြင်း၊

– ဆေးကုသခြင်း၊

– နတ်ပူဇော် ပသခြင်း၊

– ၀ိဇ္ဇာမဟိဒ္ဓိ (ခေါ်) ထွက်ရပ်လမ်းကိုလိုက်ခြင်း အတတ်ကို လိုက်စားခြင်း၊

– သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်နိမိတ် တို့ကို ယုံကြည်လိုက်နာခြင်း တို့ ဖြစ်သည်။

 

ယခုအချိန်ထိ မြန်မာဗုဒ္ဓဘာသာရဟန်းရှင်လူတို့၏ အားကိုးယုံကြည်မှုကို ရရှိတုန်းပင်တည်း။

ထို့ပြင် လူပုဂ္ဂိုလ်များထက် ရဟန်းများက အများဆုံးလိုက်စားနေသောကြောင့်ပါတည်း။ အဘယ်ကြောင့်ပါနည်း။ (ထိုသည်ကို ဆရာတော်ဦးဇ၀နက ခုလို အမေးများနှင့်တကွ အဖြေများကို ခုလိုရေးသားထားပါသည်။)

 

မေး (၁) – “သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ” သံသရာတည်းဟူသော ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်းအကျိုးဌာဟုဆို၍ ရဟန်းပြုလာကြသော သံဃာတော်တချို့သည် သံသရာဝဋ်ဆင်းရဲ၌ လည်သထက်လည်စေသော ၀ိဇ္ဇာထွက်ရပ်လမ်းကို အဘယ်ကြောင့် ဤမျှလောက် လိုက်စားနေကြပါနည်း။

ဖြေ (၁) – ပိုးလောက်လန်းများသည် ခြင်ကောင်ဖြစ်ခါနီးသောအခါ တစ်နေရာတွင် ငြိမ်သက်စွာနေကြရသည်။ ထိုအခါ ကိုယ်ပေါ်တွင် အမြှေးပါးကလေးများ ဖုံးအုပ်လာသည်။ အမြှေးပါးကလေးများ လုံလုံခြုံခြုံဖြစ်သည်နှင့် ပိုးလောက်လန်းသည် အရည်ဘ၀သို့ ပြောင်းလဲသွားရသည်။ အရည်ဘ၀မှ တစ်စတစ်စမာကျောပြီး အတောင်၊ ခြေ၊ လက်များထွက်လာကာ ခြင်ကောင်ဘ၀သို့ ရောက်ရှိပါတော့သည်။ ယင်၊ လိပ်ပြာတို့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ဤအား အင်းဆက်ပိုးတို့၏ ဗီဇလက္ခဏာပင် ဖြစ်ပါသည်။

ထိုအင်းဆက်ပိုးတို့၏ ဗီဇလက္ခဏာကိုကြည့်၍ ဉာဏ်သွားသော လူတစ်ချို့ကလူသားများသည်လည်း ပိုလောက်လန်းလို ဖိုဝင်နိုင်လျှင် ပိုးလောက်လန်းများက ကောင်းကင်ပျံနိုင်သော ခြင်၊ ယင်၊ လိပ်ပြာ ဖြစ်သကဲ့သို့ လူသာများသည်လည်း သိဒ္ဓိပေါက်ပုဂ္ဂိုလ်ဖြစ်နိုင်သည်ဟူသော အတွေးကိုအစပြု၍ ဖိုဝင်သောထွက်ရပ်လမ်းအကျင့်သည် စတင်ပေါ်ပေါက်ခဲ့ရပေသည်။

ဖိုဝင်ခြင်းသည်လည်း အမျိုးမျိုးရှိသည်။ မြေအောင်းတာရှိသလို အမြှေးဖုံးခြင်း၊ ရေနွေးပွက်ပွက်ဆူကိုချိုးခြင်း၊ မီးပုံတွင်းခြင်းဟူ၍ ဖြစ်သည်။

ဖိုအောင်းခြင်းမရှိဘဲ ပြဒါးကို သိဒ္ဓိသွင်းပြီးအောင်မြင်သွားသော ပြဒါးဝိဇ္ဇာ၊

သံကို သိဒ္ဓိသွင်းပြီးအောင်မြင်သွားသော သံဝိဇ္ဇာ၊

ဆေးစီရင်ပြီး အောင်မြင်သွားသော ဆေးဝိဇ္ဇာ၊

အင်းချ အောင်မြင်သွားသော အင်းဝိဇ္ဇာ၊

မန္တာန်ရွတ်ဆို အောင်မြင်သွားသော မန္တာန်ဝိဇ္ဇာဟု ငါးမျိုးရှိသည်။

 

လယ်တီဆရာတော်၏ ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်းတွင် လောကီ လောကုတ္တရာ ရော၍ ငါးမျိုးသီးသန့်ပြထားပါသည်။ ယင်းတို့မှာ –

-ဗေဒင်လေးမျိုးတတ်သော ဗေဒ၀ိဇ္ဇာ

– လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ ဂါထာ၊ မန္တရား၊ ဆေးဝါး အမျိုးမျိုးတတ်သော မန္တ၀ိဇ္ဇာ၊

– ပြဒါး၊ သံ၊ ဆေး၊ အင်း၊ မန္တာန်အမျိုးမျိုး သိဒ္ဓိပေါက်သော ဂန္ဓာရီဝိဇ္ဇာ၊

– လောကီဈာန်များရရှိသော လောကီယ၀ိဇ္ဇာ၊

– အရိယာအဖြစ်သို့ ရောက်သွားသော အရိယာဝိဇ္ဇာ တို့ဖြစ်သည်။

 

ထွက်ရပ်လမ်းလိုက်သော ပုဂ္ဂိုလ်တို့ထင်သလို ထွက်ရမ်းလမ်းအောင်မြင်သွားတိုင်းလည်း စိတ်ချမ်းသာကြရသည် မဟုတ်ပေ။ သူ့ထက်သူ လူစွမ်းကောင်းဟူသော စကားအတိုင်း မိမိထက်သာသောသူများ၏ အခိုင်းအစေကို ခံကြရပေသည်။

စိတ်နှလုံးဖြူစင်သော ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ်ကြီးများက – “ငါတို့ကို အားမကျကြနဲ့။ သူများကိုကယ်တင်ကာအရိယာအဖြစ်နဲ့ နိဗ္ဗာန်ဝင်ရမယ်ထင်ပြီး ဂန္ဓာရီလမ်းလိုက်ခဲ့မိတာမှားကုန်ပြီ။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ် ခုတော့ သူတို့ခိုင်းတာလုပ်နေရတယ်။ မိမိထက်ကြီးသော တန်ခိုးရှင်ကြီးများခိုင်းတာလုပ်နေရတယ်။ မင်းတို့ မမှားကြလေနဲ့။” ဟု သတိပေးစကားပြောကြားချက်တချို့ပင်ဖြစ်ပါသည်။

 

စိတ်နှလုံးမဖြူစင်သော ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ်ကြီးများ ရှိပုံကို – ကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီးမှ အရိယာဝိဇ္ဇာ မဂ္ဂဒီပနီကျမ်းကို ရေးသားတော်မူသော သိမ်တော်ကြီးတောရဆရာတော်ကြီးက ခုလိုရေးသားသတိပေးတော်မူခဲ့ပါသည်။

လောကီဝိဇ္ဇာဓိုရ်ကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွဲတန်ခိုးအမျိုးမျိုးပြု၍ နဂါးကို ဂဠုန်သုတ်သကဲ့သို့ အုံပြုတ်အောင် စုပ်ယူနေကြသည်။ အရိယာဝိဇ္ဇာအစစ်မဖြစ်ကြသေးသည့်အတွက် စိတ္တ၀ိပလ္လာသ ဖုံးအုပ်နေကြသောကြောင့် ခံနေကြရပေသည်။ သို့အတွက်  အရိယာဝိဇ္ဇာအစစ် သောတပန်စသည်ဖြစ်အောင် အားထုတ်ကြကုန် သူတော်ကောင်းအပေါင်းတို့။ ၀ိပဿနာတရားအားထုတ်နေကြသောပုဂ္ဂိုလ်များ မဂ္ဂင်လမ်းမှ လွဲသွားအောင် နိမိတ်ပုံအမျိုးမျိုးပြ၍ ဖျက်ဆီးနေကြခြင်းကို ဆိုလိုခြင်းဖြစ်သည်။

(တစ်ခါက ကမာရွတ်မှ ယောဂီအမျိုးသမီးကြီးတစ်ဦး ၀ိပဿနာတရားကို ထိထိရောက်ရောက်အားထုတ်လျက်ရှိစဉ် တစ်ရက်တွင် တရားထိုင်ရင် ကျောင်းကန်ဘုရားမျိုးစုံ အာရုံထဲထင်လာသည်။ ကျောင်းကန်ဘုရားပုံများထင်ပြီးနောက် ၀တ်ဖြူစင်ကြယ်တစ်ဦးပေါ်လာကာ ကျောင်းကန်ဘုရားပြုပြင်သော သာသနာပြုအလုပ်ကို ဦးဆောင်လုပ်ရန် မိမိကလည်း ကူညီမည်ဖြစ်ကြောင်း ပြောဆိုကာ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါ ယောဂီအမျိုးသမီးကြီးမှာ မိမိကိုယ်ကိုသာသနာပြုပုဂ္ဂိုလ်ကြီးအဖြစ်အထင်ကြီးသွားပြီ ၀ိပဿနာကိုဆက်မလုပ်တော့ဘဲ မယ်တော်ကြီးအမည်ခံကာ ဘုရားတည်ကျောင်းဆောက်ရင်း ဘ၀ကိုပျော်မွေ့နေလေသည်။ ဤသည်မှာ ရွှေနှင့်တူသော မဂ်ကုသိုလ်ရရှိမည့်လမ်းမှ ကြေးနှင့်တူသော ဒါနကုသိုလ် ဘုရားတည်ခြင်းသို့ လမ်းလွှဲပေးလိုက်ခြင်းသာဖြစ်သည်။ အကယ်၍ လက်မခံခဲ့ပါက နောက်ထပ်ပေါ်မလာတော့ချေ။)

ထို့ကြောင့် ယခုလို ၀ိမုတ္တိယုဂခေတ်တွင် တရားမှန် ဆရာမှန်များပေါ်ထွန်းနေပြီဖြစ်သောကြောင့် မိမိကသာ လိုလိုချင်ချင်နှင့် တကယ်အားထုတ်ဖို့ လိုအပ်ပါသည်။

ထို့ကြောင့် တောင်လေးလုံးဆရာတော်က – ယခုဘ၀ထဲ၌ မဂ်ဖိုလ်ရမည် မရမည်ကို သံသယရှိခဲ့လျှင် ဆရာမပြ၍လည်းကောင်း၊ နည်းမရ၍လည်းကောင်း ဖြစ်မည်။ ဆရာပြ၍ နည်းရလျက်ပင် ယခုဘ၀တွင် မဂ်ဖိုလ်ရမည်လော မရမည်လော သံသယရှိခဲ့လျှင် သဗ္ဗညုတဉာဏ်တော်ကို မယုံသောသူဟု မှတ်ရမည်။ အကျင့်ညစ်လျှင် သံသရာ၌နစ်မြဲဖြစ်သည်။ သံဝေဂမိမိ၊ သတိရရဖြင့် ယခုဘ၀၌ပင် မဂ်ဖိုလ်ပြီးနောက် နိဗ္ဗာန်သို့ရောက်အောင် လုံ့လပြုသင့်သည်။ သတိနှင့်မကွာ ပညာနှင့်တကွ ကိုယ်ကျိုးရှိအောင် အစဉ်ထာဝရကျင့်ကြံသင့်သည်။

ဝိပဿနာကိုကြိုးစားအားထုတ်ခြင်းသည် ကောင်းကျိုးအနန္တသာ ရစရာရှိပါသည်။ ဤသည်ကို သီလက္ခန် အဋ္ဌကထာ ၁၇၁/၁၇၂ ၌ ကြိုးကြိုးစားစားတရားအားထုတ်ကြသူများသည် –

၁) ပထမအရွယ်၌ တရားရနိုင်သည်။

၂) ပထမအရွယ်မရလျှင် ဒုတိယအရွယ်၌ တရားရနိုင်သည်။

၃) ဒုတိယအရွယ်၌မရသေးရင် သေခါနီးအခါ၌ တရားထူးရနိုင်သည်။

၎) သေသည်အထိ တရားထူးမရလျှင် နတ်ပြည်ရောက်က ရနိုင်သည်။

၅) နတ်ပြည်ရောက်မှ တရားမရဘဲ ဘုရားမပွင့်သောအခါ၌ လူဖြစ်ခဲ့လျှင် ပစ္စေကဗုဒ္ဓါ ဖြစ်ရသည်။

၆) ပစ္စေကဗုဒ္ဓါမဖြစ်ခဲ့လျှင် ပွင့်တော်မူလတံ့သော ဘုရားရှင်တို့၏ မျက်မှောက်မှာပင် ဗာဒိယဒါရုစရိယရဟန်းသကဲ့သို့ လျှင်မြန်စွာ အရဟတ္တဖိုလ်ကို ခိပ္ပဘိညရဟန္တာ ဖြစ်ရသည် ဟု တိတိကျကျဖွင့်ပြထားပါသည်။ (အားထုတ်၍ သောတပန်တည်ပြီဆိုလျှင်ကား မည်သို့သောတန်ခိုးရှင်၏ လှည့်ပတ်ဖြားယောင်းမှုကိုခံရမည် မဟုတ်ပေ။)

 

မေး (၂) – ၀ိဇ္ဇာထွက်ရပ်လမ်း၏ အမြင့်ဆုံးအကျိုးကျေးဇူးကား အဘယ်တို့ပါနည်း။

ဖြေ (၂) – ၀ိဇ္ဇာထွက်ရပ်ပေါက်ပညာမှာ သာသနာပအခါ၌ပင်လျှင် ရရှိနိုင်သော လောကီပညာရပ်တစ်မျိုးသာ ဖြစ်ပါသည်။ ထိုအမည်အားဖြင့်သုံးစွဲလျှင် လောကီဂန္ဓာရီပညာဟု သုံးစွဲပါသည်။ ဂန္ဓရအမည်ရှိသော ရသေ့သည် စီရင်ပြုစုခဲ့သောကြောင့်လည်းကောင်း၊ ဂန္ဓရတိုင်း၌ဖြစ်သော အတတ်ပညာဖြစ်သောကြောင့်လည်းကောင်း ဂန္ဓရပညာမည်သည်ဟု ဆိုလိုပါသည်။

ဂန္ဓရပညာ၏အစွမ်းသတ္တိအချို့ကို သီလက္ခန်ဋီကာဟောင်းနှင့် ဋီကာသစ်တို့၌ – ထိုဂန္ဓရပညာကို တတ်မြောက်သောပုဂ္ဂိုလ်သည် ထိုသို့သောသဘောရှိသောဒေသ၌လည်းကောင်း၊ ကာလ၌လည်းကောင်း၊ မန္တန်ကိုရွတ်၍များသောအားဖြင့်လည်း မိမိကိုယ်ကိုပြ၏။ (ကိုယ်ယောင်ဖျောက်ခြင်း) မီးတိုင်လုံးကိုလည်း ပြု၏။ ရေတိုင်းလုံးကိုလည်းပြု၏။ ကောင်းကင်၌လည်း မိမိကိုယ်ကိုပြ၏။ (မိုးပျံခြင်း) အလုံးစုံကို မျက်လှည့်နှင့်အလားတူ မှတ်အပ်၏ဟူ၍ ပြထားပါသည်။

 

ဂန္ဓရပညာနှစ်မျိုး

စူဠဂန္ဓရပညာ – သုံးနှစ်ကျော်ကသေခဲ့ပြီးသော သတ္တ၀ါတို့၏ ဖြစ်ရာဘုံဌာနကို သိခြင်း။

မဟာဂန္ဓရပညာ – သုံးနှစ်ကျော်ကသေခဲ့ပြီးသော သတ္တ၀ါတို့၏ ဖြစ်ရာဘုံဌာနကို သိခြင်း၊ ထို့ထက် အလွန်လည်းသခြင်း။

 

ဂန္ဓရပညာတတ်မြောက်ပြီး အကြီးဆုံးရရှိနိုင်သော အကျိုးသုံးခုမှာ

– ကောင်းကင်သို့ပျံတက်သွားလာနိုင်ခြင်း၊

– သူတစ်ပါးစိတ်ကို သိနိုင်ခြင်း၊

– သက်တမ်းရှည်ရှည်နေနိုင်ခြင်း တို့ ဖြစ်ပေသည်။

ထိုဂန္ဓရပညာမှာ အလွန်အဆင့်မြင့်သည်ဟု ထင်ရသော်လည်း ဘုရားဟော ဈာန်သမာပတ်ဟုဆိုသော လောကီဝိဇ္ဇာပညာ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟု ဆိုသော လောကုတ္တရာဝိဇ္ဇာပညာနှင့် နှိုင်းယှဉ်ကြည့်ပါက ထိုဂန္ဓရပညာမှာ အောက်ထစ်ဆုံးသို့ ရောက်သွားရပါသည်။

 

ဝိဇ္ဇာသုံးမျိုး မြင့်မြတ်ပုံ စဉ်ခြင်း

၁) မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟု ဆိုသော လောကုတ္တရာဝိဇ္ဇာပညာသည် အကောင်းဆုံးဖြစ်၍ ဘုရားသာသနာတွင်းဖြစ်မှသာ အားထုတ်၍ ရနိုင်ပါသည်။

   ထိုပညာကိုရပြီးပါက နိဗ္ဗာန်ကိုရပြီဟု ခေါ်ပါသည်။ ဘ၀အဆက်ဆက်က ပြုခဲ့သောအပါယ်ဆွဲကျမယ့်အကုသိုလ်တွေကို မဂ်ဉာဏ်ကပယ်သတ်လိုက်ပြီးဖြစ်တဲ့အတွက် အပါယ်လေးပါးသို့ မရောက်တော့ပေ။

 

၂) ဈာန်သမာပတ်ဟုဆိုသော လောကီဝိဇ္ဇာပညာ ဒုတိယအကောင်းဆုံးဖြစ်သည်။ အမြဲတမ်းစိတ်ထားမြင့်မြတ်ဖြူစင်မှ ထိုပညာကိုရပါသည်။

ယုတ်မာသောင်းကျန်းသောစိတ်ဝင်လာမိသည်နှင့် ဈာန်သမာပတ်များကွယ်ပျောက်သွားသည်။ ထိုပညာကိုရပြီး မပျောက်ပျက်ပါက ဗြဟ္မာ့ဘုံကို ဧကန်မုချရောက်သည်။ မြေလျှိုး၊ မိုးပျံ၊ အနည်း အများဖန်ဆင်းခြင့်းများပြုလုပ်နိုင်သည်။ အပါယ်လေးပါးသို့ တိုက်ရိုက်မကျရောက်တော့ပါ။

 

၃) ထိုဂန္ဓရပညာမှာ အောက်ဆုံးပညာပင် ဖြစ်ပါသည်။ သာသနာပ၌လည်းရနိုင်သည်။

၎င်းပညာကိုရပါက ကောင်းကင်ပျံနိုင်ခြင်း၊ သူတစ်ပါးစိတ်အကြံကိုသိခြင်း၊ မီးထုံ၊ ရေထုံကူးပြီးပါက သက်တမ်းရာချီနေနိုင်ခြင်းစသော အကျိုးတို့ကိုရရှိပါသည်။ သို့ပေမယ့် အပါယ်တံခါးကား အမြဲဟင်းလင်းပွင့်နေပါသည်။

 

မေး (၃) – ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မည်ကဲ့သို့သော ကွာခြားချက်များရှိပါသနည်း။

ဖြေ (၃) – ဗုဒ္ဓလက်ထက်ကို ဂန္ဓရီဝိဇ္ဇာပညာရှင် အရှင်ပိလိန္ဒဝေမ္ဆမထေရ်အလောင်းသည် မြတ်စွာဘုရား ရာဖဂြိုဟ်မြို့သို့ကြွလာသောအခါ သူ့မှာ ကောင်းကင်ပျံမရ၊ သူတစ်ပါးစိတ်ကိုလည်း မသိရနှင့် ချက်ချင်းအကျပ်ရိုက်သွားပါတော့သည်။ ငါ့ထက် သာလွန်မြင့်မြတ်သော ၀ိဇ္ဇာပညာရှင်ရှိနေ၍သာငါ့အစွမ်းအစများ သုံးမရဖြစ်နေတာဖြစ်မယ်။ ထိုပညာရှင်ထံ တပည့်ခံ၍ ဆက်လက်ကျင့်ကြံမည်ဟူသော အကြံနှင့်အတူ ဗုဒ္ဓထံမှောက်ရောက်အောင်လာခဲ့ပြီး ကမ္မဋ္ဌာန်းတစ်ခုယူကာ ကျင့်ကြံအားထုတ်ရာမှ တကယ့်သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော မဂ်ဉာဏ်ဖိုလ်ဉာဏ် ၀ိဇ္ဇာပညာရှင်ကြီး ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။

၁၂၆၀ခုနှစ် ဘီလင်းမြို့ ကုသိနာရုံဘုရား၌ လယ်တီဆရာတော်ဘုရားကြီး၏ ထွက်ရပ်လမ်းကိုလိုက်သာ ဦးရသေ့ကို ဆုံးမစကားကို အကျဉ်းချုံးဖော်ပြပေးလိုက်ပါသည်။ (အကျယ်ကို မျက်ရည်မကျခင် သိစေချင်စာအုပ်၌ ဖတ်ရှုနိုင်ပါသည်။)

သတ္တ၀ါတွေအတွက်ဟုဆို၍ မြင့်မြတ်တဲ့သဘောလက္ခဏာဆောင်စေကာမူ ၀ဋ်၌မွေ့ပျော်သော ၀ဋ္ဋဘိရတလော ကိယနယ်၌သာ တစ်စုံတစ်ခုသော တန်ခိုးအထူးဖြင့် ငြိတွယ်စေပြီး ၀ဋ်ရှည်စေမည့် သီလ၊ သစ္စာ၊ မေတ္တာ၊ အဓိဋ္ဌာန်နဲ့ အာနာပါနတွေဖြစ်နေရင် ၀ဋ်ဘ၀ကူးမြောက်ကြောင်း ပါရမီတရားနဲ့ တခြားစီဖြစ်တယ်။

သီလကအစ သမာဓိ ပညာကအဆုံး ဒါတွေအားလုံးဟာ စရဏပဲ။ ဒီစရဏမမှန်ရင် ၀ိဇ္ဇာဉာဏ်မရနိုင်ဘူး။ ဒီစရဏ ပါရမီမှန်မှန်နဲ့သက်စွန့်ကြိုးပမ်း ကမ္မဋ္ဌာန်းအားထုတ်သများပင်လျှင် နိဗ္ဗာန်ကို လိုချင်ကာမတ္တနဲ့မရနိုင်ဘူး။ ပဟိတတ္တော (ရည်မှန်းထားတာကိုပြောတာ) နိဗ္ဗာန်သို့စေလွှတ်သောစိတ် အမြဲရှိနေရမယ်လို့ ဟောတော်မူတာ။ အခြေပါ စရဏကလည်းမခိုမာ၊ ရည်ရွယ်မှန်းထားချက်ကလည်း သမ္မာပဏိဟိတမဖြစ်၊ ပဟိတတ္တ (ဒီဘ၀နဲ့ဒီအလုပ်ပဲလို့ တစ်ခတည်း ငုတ်ရိုက်ထားတာကို ခေါ်တာ) စိတ်လည်း မစွဲမြဲလျှင် မည်သို့ပင် ခြိုးခြံခေါင်းပါးစွာ အနှစ်ရာထောင် ကျင့်ကြံသော်လည်း ပဋိဝေဒသို့ မဆိုက်ရောက်နိုင်ဘူး။ ကိုယ်နှင့်အသက်ကို မငဲ့ကွက်ဘဲ သာသနာတော်ရိုးရာစားဝတ်နေ ခြိုးခြံတာတွေပင်လျှင် တဒင်္ဂပ ဟန်မျှသာဖြစ်၍ ဥပါဒါန်ထွက်မြောက်နိုင်သော အရာမျိုးမဟုတ်၊တောချုံပုတ်ကို ခုတ်ထွင်ခြင်းသည် အသစ်တစ်ဖန်စည်ပင်ရန်ဖြစ်သလို နောင်ဘ၀အတွက် ဥပါဒါန်ချုံပုတ်ကြီး ပိုပြီးစည်ကားရန် ပြုသလိုဖြစ်နေတယ်။

သတ္တ၀ါတွေကို ကယ်တင်ဖို့ အသက်ထောင်ချီရှည်တဲ့ဝါဒ၊ အရိမေတ္တယျထိ အချိန်ဆွဲတဲ့ဝါဒဟာလည်း မမှန်ကန်ဘူး။ အရိယာဝိဇ္ဇာဆိုတာလည်း ဝေါဟာရတူပေမယ့် ၀ိဇ္ဇာ၊ ဇော်ဂျီတွေလမ်းစဉ်နဲ့ဖြစ်နိုင်တာမျိုး မဟုတ်ဘူး။ သစ္စာလေးပါးကိုမြင်ကြတဲ့ အရိယာသူတော်ကောင်းကြီးတွေဟာ တစ်ရက်နေရရင် တစ်ရက်ဒုက္ခခံရတာပဲလို့ မြင်တော်မူလို့ ပရိနိဗ္ဗာန်စံဝင်ရတာကိုပဲ အလွန်ဝမ်းသာလေ့ရှိကြတယ်။ အသက်ရှည်တာကို လိုလားတော်မမူကြဘူး။ ဆံချည်မျှင်ဟာ လက်ဝါးပေါ်မှာကပ်နေရင် မသိသာပေမယ့်လို့ မျက်စိထဲဝင်ရင် အလွန်သိသာသလို ပုထုဇဉ်နဲ့ အရိယာတွေဟာ သင်္ခါဒုက္ခကိုမြင်ရာမှာ သည်မျှမက ကွာခြားတယ်။

ကမ္မဋ္ဌာန်းတွေလည်း ဟောတတ်ကြတယ်။ သမထလောက်ပဲ သူတို့လိုချင်ကြတယ်။ သံသရာကထွက်မှာကို ကိုယ်တိုင်လည်းကြောက်တယ်။ သူများထွက်မှာကိုလည်း မလိုလားကြဘူး။ စင်စစ်တော့ မြတ်စွာဘုရားရဲ့အနတ္တသာသနာတော်ကြီးကို မှေးမှိန်အောင် သတ္တ၀ါတွေအကြိုက် ဗန်းပြပြီး ဆွဲဆောင်နေကြတဲ့ အတ္တ၀ါဒကြီးပဲ။ အရိယာဝိဇ္ဇာဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုသာ ခေါ်တယ်။

 

သတ္တ၀ါတွေကို စောင့်ရှောက်ချင်ရင် – မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ ဗုဒ္ဓဟောထားတာက – ၀ါးလုံးကိုပုခုံးပေါ်ထောက်ပြီးထိန်းပေးတဲ့ဆရာရော၊ တက်တဲ့တပည့်ရော ကိုယ့်အလုပ်ကိုယ်ရိုသေပြီးကိုယ့်ကိုယ်ကို စောင့်ရှောက်ရင် သူများကိုလည်း စောင့်ရှောက်ပြီးသာဖြစ်ပါတယ်။

သည်းခံတာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာပွားနေတာကလည်း သူများကိုစောင့်ရှောက်ရင်း ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြီးသားဖြစ်ပါတယ်။  (အသက် ၁၀၀ရှည်သော ရဟန္တာ ဦးသာရွန်း ခေါ် ဦးက၀ိန္ဒ၏ သြ၀ါဒ)

 

 

 

 

 

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s