အနန္တ ကျေးဇူးရှင် ဂေါတမမြတ်စွာဘုရား

ကျမတို့ဟာ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံပေမယ့် တကယ့်တကယ်တော့ ကိုယ့်ဘာသာအကြောင်းကို သေသေချာချာမသိပါဘူး။ မိရိုးဖလာဗုဒ္ဓဘာသာဝင် (မိရိုးဖလာနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင် ကွဲပြားမှုကို နောက်တင်မည့်ပို့စ်တွင် ဖတ်ရှုနိုင်ပါသည်။) သာ ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် သံသရာတလျောက် ဘ၀ပေါင်းမရေမတွက်နိုင်အောင် ကျင်လည်ခဲ့ရတဲ့ သတ္တ၀ါဝေနေယျတွေအတွက် ပွင့်တော်မူလာတဲ့ (ယခု ကျမတို့တွေ့ကြုံနေရတဲ့ သာသနာဟာ ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူလာတဲ့ စတုတ္ထမြောက်ဘုရားရှင်) အနန္တ ကျေးဇူးရှင် ဘုန်းတော်ကြီးမားသော  အနန္တမေတ္တာ မဟာကရုဏာရှင် ဂေါတမမြတ်စွာဘုရားအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း သေသေချာချာ မသိကြပါဘူး။

ဂေါတမမြတ်စွာဘုရားဟာ ဘုရားဖြစ်အောင် ဘုရားဆုပန်ကတည်းကစပြီး ပရိနိဗ္ဗာန်စံသည်အထိ သတ္တ၀ါဝေနေယျတွေအပေါ် ထားရှိခဲ့တဲ့ ပေးဆပ်မှုဟာ အတိုင်းအဆမရှိအောင် စကားလုံးများနှင့် နှိုင်းယှဉ်၍မရအောင် မေတ္တာ ကရုဏာကြီးမားလှပါပေတယ်။ ဒ့ါကြောင့် ဗုဒ္ဓရဲ့ သုမေဓါရှင်ရသေ့ဘ၀ကနေ ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန်စံသည်အထိ သတ္တ၀ါဝေနေယျအတွက် စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစား ကြည်ညိုစေရန်အလို့ငှာ မျှဝေပေးလိုက်ပါတယ်နော်။

၁) ဂေါတမမြတ်စွာဘုရားဟာ ဒီပင်္ကရာဘုရားလက်ထက်မှာ သုမေဓာ ရှင်ရသေ့ဘ၀ မြေလျှိုးမိုးပျံနိုင်တဲံ့ ဈာန်အဘိညာဉ်ကိုပါ ရထားတဲ့ တိဟိတ်အာဇာနည်ယောကျာ်းတစ်ယောက်ပါ။ ထိုဘ၀မှာ ဒီပင်္ကရာဘုရားထဲမှာ ၀ိပဿနာတရား တစ်ကြိမ်လောက်နာရုံနဲ့ ရဟန္တာအဖြစ်ကို လွယ်လွယ်နဲ့ ယူနိုင်သော်လည်း မယူခဲ့ပါဘူ့း။ ( စာတွေထဲမှာတော့ လက်တော်သို့ရောက်ပြီးသော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို စွန့်လွှတ်တော်မူခဲ့တယ်လို့ သုံးပါတယ်။)
ဘာဖြစ်လို့ စွန့်လွှတ်တော်မူခဲ့တာလဲဆိုတော့ –

တိဏ္ဏောတာရေယျံ၊ မုတ္တောမောစေယျံ၊ ဗုဒ္ဓေါဗောဓေယျံ။
ငါသံသရာဝဲသြယထဲက ကူးမြောက်သလို ဝေနေယျသတ္တ၀ါတွေကိုလည်း ကူးမြောက်စေမယ်။
ငါ ၃၁ ဘုံ ၀ဋ်ဆင်းရဲကလွတ်မြောက်သလို ဝေနေယျသတ္တ၀ါတွေကိုလည်း လွတ်မြောက်စေမယ်။
ငါ သစ္စာလေးပါးသိသလို ဝေနေယျသတ္တ၀ါတွေကိုလည်း သိစေမယ် ဆိုတဲ့ မေတ္တာစေတနာ။

 ဒီပင်္ကရာဘုရားခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့ပါတယ်။ ဒီပင်္ကရာဘုရားရှင်သည် ရှင်ရသေ့၏ဦးခေါင်းတော်၌ရပ်တော်မူ၍ “အသက်ကိုစွန့်၍ကိုယ်ခန္ဓာကို တံတားကဲ့သို့ခင်းနေသော ဒီရသေ့ကား ငါဘုရားကဲ့သို့ နောင်ဘဒ္ဒကမ္ဘာ၌ ဂေါတမမည်သောဘုရားတစ်ဆူဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ် ပေးတော်မူခဲ့၏။

 

၂) ဒီပင်္ကရာဘုရားခြေရင်းမှာပဲ ဘုရားဆုကို ပန်ခဲ့ပါတယ်။ သတ္တ၀ါဝေနေယျတွေကို သံသရာလွတ်မြောက်ဖို့အတွက် လေးသင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီသုံးဆယကို စည်းစိမ်ချမ်းသာ၊ သားသမီး၊ မယား၊ အသက်၊ ခန္ဓာကို စွန့်၍ အပင်ပန်းဆင်းရဲကြီးစွာ ဖြည့်ကျင့်ခဲ့ရပါတယ်။

 ပါရမီ- မြင့်မြတ်သူတို့ရဲ့အလုပ် (ပရမာနံကမ္မံ ပါရမီ)

ဂေါတမမြတ်စွာဘုရား ဖြည့်ကျင့်ခဲ့သော ပါရမီ ၁၀ ပါး

၁) ဒါန         = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။

၂) သီလ       = ကိုယ်နှုတ်မှာ ဒုစရိုက်မဖြစ်အောင် ထိန်းသိမ်းခြင်း။

၃) နိက္ခမ      = ကိလေသာမှ ထွက်မြောက်ခြင်း။

၎) ပညာ      = အနိစ္စ၊ ဒုက္ခ၊ အနိတ္တကို ထိုးထွင်း၍သိခြင်း။

၅) ၀ီရိယ      = ပါရမီအလုပ်ကို ထက်သန်စွာ ပြုလုပ်ခြင်း။

၆) ခန္တီ        = ညှင်းဆဲနှိပ်စက်မှုကို သည်းခံခြင်း။

၇) သစ္စာ      = မှန်ကန်စွာ ပြောဆိုခြင်း။

၈) အဓိဋ္ဌာန်   = ပြီးစီးအောင် လုပ်ဆောင်ခြင်း။

၉) မေတ္တာ     = သတ္တ၀ါတို့ကို ချစ်ခင်ခြင်း။

၁၀) ဥပေက္ခာ = မိမိကို ညှင်းဆဲသူအပေါ်၌လည်း ဒေါသဖြစ်ကာ မုန်းခြင်းမရှိ၊ မိမိကို ကျွေးမွေးစောင့်ရှောက်

                    ယုယသူအပေါ်၌လည်း လောဘဖြစ်ကာ ချစ်ခြင်းမရှိဘဲ အလယ်၌ရပ်တည်နိုင်ခြင်း။

ပါရမီ ၁၀ ပါးအား အပြား (၃၀) ဆိုသည်မှာ

ဥပမာ – ဒါနပါရမီမှာ ရွှေငွေမြင်း စသည့် အပေါ်ယံပစ္စည်းဝတ္တုတွေကို လှူဒါန်းရင်-  ရိုးရိုး ဒါနပါရမီ။

အသွေးအသားတွေပါ လှူဒါန်းရင် – ဒါန ဥပ ပါရမီ။

အသက်ကိုပါ လှူဒါန်းရင် – ဒါန ပရမတ္ထ ပါရမီ။

စသဖြင့် ပါရမီ တစ်ပါးမှာ သုံးပြား ဖြာထွက်သော်ကြောင့် အပြား ၃၀ ဖြစ်သည်။

 

၃) ဘုရားဖြစ်ပြီး ၄၅ ၀ါ တိုင်တိုင် လူနတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား မရပ်မနား ၀ိပဿနာတရားများကို ဟောပေးခဲ့သည်။

ဗုဒ္ဓ၏တစ်နေ့တာလုပ်ငန်းစဉ်မှာ – မနက်ဆွမ်းခံကြွချိန်မှာပင် မဂ်ဖိုလ်ရထိုက်သူများကို ဟောပြောချေချွတ်၏။ ခြေဆေးရင်းက အစ ဒုလ္လဘတရားငါးပါး (ရခဲခြင်း တရား ငါးပါး) ကို ဟောကြားတော်မူ၏။ နေ့ဆွမ်းစားပြီးသည်နှင့် ရဟန်းများ ကမ္မဋ္ဌာန်းတောင်ကြ၊ တရားမေးကြနှင့် ညနေ နေ၀င်သလောက်ဖြစ်သွား၏။ ထိုအချိန်တင် မြို့သူမြို့သား ဒကာ ဒကာမများက တရားနာရန် ကျောင်းတော်ထဲတွင် ပြည့်ကျပ်နေလေပြီ။  ဒကာ ဒကာမများကို တရားဟောပေးလိုက်ရာ ည၁၁နာရီခန့်ဖြစ်သွားသည်။ လူပရိသတ်များ ပြန်သွားကြသည်နှင့် သန်းခေါင်အချိန်ရောက်လေပြီ။

ထိုအချိန်မှာ နတ်များ တရားနာလာသဖြင့် ဟောပေးကြရပြန်၏။ နတ်များပြန်သွားသောအခါ ဗြဟ္မာများ လာကြပြီး တရားဟောကြားပြီးသောအခါ နာရီပြန် နှစ်ချက်ခွဲ၊ သုံးနာရီခန့်ရှိလေသည်။

ထိုအခါမှ တစ်နေ့လုံး တစ်ညလုံးခိုင်းထားသောခန္ဓာကို ဗုဒ္ဓက ၁နာရီနှင့် မိနစ် ၂၀ခန့် ကြိးမ်းစက်ပြီး အနားပေးရ၏။

၃နာရီခွဲခန့်မှာပင် တစ်ကမ္ဘာလုံးခြုံပြီး မဟာကရုဏာသမာပတ်ဝင်စားကာ ချေချွတ်ရမည့်သူ့ကို ရှာဖွေ၏။ တွေ့လျှင် မည်မျှဝေးစေကာမှု ချေချွတ်ပြီး တစ်နေ့တာ လုပ်ငန်းကို ဖော်ပြခဲ့သည့်အတိုင်း လည်ပတ်ပြန်လေရာ ပရိနိဗ္ဗာန်စံတော်မူသည်အထိ ဖြစ်၏။

 

၎) ပရိနိဗ္ဗာန်စံခါနီးအချိန်မှာတောင် အေးအေးချမ်းချမ်း ပရိနိဗ္ဗာန်မပြုနိုင်ဘဲ နောက်ဆုံးစကား မှာတော်မူခဲ့ပါတယ်။ ဗုဒ္ဓ၏ ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးအချိန် မှာခဲ့သောစကား (ပစ္ဆိမ၀စန) စကား

ဟန္ဒဒါနိဘိက္ခဝေ အာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရာ အပ္ပမာ ဒေနသမ္ပာဒေထ

ချစ်သား ချစ်သမီးတို့ ပရိနိဗ္ဗာန်စံခါနီး
ယခုအခါ၌ သင်ချစ်သား ချစ်သမီးတို့အား
ငါဘုရားနောက်ဆုံးစကားမှာကြားခဲ့မယ်။

ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည်
ပျက်စီးခြင်းသဘောရှိကြကုန်၏။
မမေ့ မလျော့ မပေါ့ မဆသော ၀ိပဿနာသတိတရား ဖြင့် ပြည့်စုံစွာနေရစ်ကြလော့။

 

ဂေါတမမြတ်စွာဘုရားသည် အသက်အတိုဆုံး အနှစ် ၁၀၀တမ်း လူဆိုးလူမိုက်တွေအပေါဆုံးမှာ ဘုရားလာဖြစ်ရ၏။ (ဘုရားရှင်တို့သည် သက်တမ်း ၁၀၀ နှစ် နှင့် ၁၀၀ ၀၀၀ နှစ် ကြားမှာသာ ပွင့်တော်မူကြသည်။ အဘယ်ကြောင့်ဆိုသော် နှစ် ၁၀၀တမ်းအောက်တွင် လောဘ၊ ဒေါသ၊ မောဟ တရားဆိုးများ ဖုံးလွှမ်းနေ၍ ၀ိပဿနာတရားကို နာကြားရန်မဖြစ်နိုင်၊ နှစ် ၁၀၀ ၀၀၀တမ်း အထက်ဆိုရင်လည်း အိုခြင်း နာခြင်း သေခြင်းကို မြင်ရခဲ၍ ပွင့်တော် မမူပါ။ နောက်ပွင့်မည့် အရိမေတ္တယျဘုရားရှင်သည် ယခုဆုတ်ကပ်မှ တက်ကပ် တက်၍ ထိုတက်ကပ်မှတဆင့် ဆုတ်ကပ်ပြန်ရောက်သော သက်တမ်းနှစ် ၁၀၀၀၀၀ တွင် ပွင့်တော်မူပါမည်။)

ဘုရားတစ်ဆူပွင့်တိုင်း သတ္တ၀ါဝေနေယျ ၂၄သင်္ချေ ကုဋေ၆၀ ဗိုလ်ခြေတစ်သိန်း ကိုချေချွတ်ဖို့ တာဝန်ရှိပါတယ်။ ဗုဒ္ဓဟာ ၄၅နှစ်ဝါတိုင်တိုင် မရပ်မနား သတ္တ၀ါဝေနေယျတွေကို ဓမ္မတွေ ဟောကြားချေချွတ်ခဲ့ပေမယ့် ၁၆သင်္ချေ ဗိုလ်ခြေတစ်သိန်းပဲ ချေချွတ်နိုင်ခဲ့ပါတယ်။

ကျန်ခဲ့တဲ့ ၈သင်္ချေ ကုဋေ၆၀ အတွက်

၅) ဓါတ်တော်တွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့တယ်။ (အကြီးဆုံးဓါတ်တော်က ပဲနောက်စေ့ ပမာဏ၊ အလယ်စားဓါတ်တော်က ဆန်ကျိုးစေ့ပမာဏ၊ အငယ်စားဓါတ်တော်က မုံညှင်းစေ့ပမဏ ရှိပါတယ်။ ဓါတ်တော်များဟာ နဂါးပြည်၊ လူ့ပြည်၊ နတ်ပြည် နေရာအနှံ့မှာ အပူဇော်ခံနေပါတယ်။)  ငါရဲ့ဓါတ်တော်တွေကို ဖူးတွေ့ပြီး သတိသံဝေဂဖြင့် ၀ိပဿနာတရားကို အားထုတ်ဖြစ်ကြပါစေဆိုတဲ့ မေတ္တာစေတနာတွေကြောင့်ပါ။

 

၆) ကျန်နေခဲ့တဲ့ သတ္တ၀ါဝေနေယျတွေ မဂ်ဖိုလ်ရနိုင်ရေးအတွက် သာသနာနှစ် ငါးထောင်တိုင်တိုင် အရှည်မျှော်ပြီး ထားတော်မူခဲ့ပါတယ်။

 

ယခုဆိုရင် သာသနာနှစ်ဟာ ၂၅၅၃ ခုနှစ်ကို ရောက်ရှိလာပါပြီ။ ကျမတို့ဟာ ဒုလ္လဘတရားငါးပါးထဲမှာ ရခဲလှသော လူ့ဘ၀၊ ကြုံတွေ့ရခဲသော ဘုရားတစ်ဆူပွင့်ဖို့၊ သူတော်ကောင်းတရားနာကြားဖို့၊ ယောကျာ်းလေးဆိုရင် (ရဟန်းဘ၀) ရခဲမှု (မြတ်စွာဘုရားတောင် လေးသင်္ချနဲ့ကမ္ဘာတစ်သိန်းမှာ ရဟန်းဘ၀ ၉ဘ၀ပဲ ရခဲ့ပါတယ်။) သုံးခု (သို့) လေးခုက ရနေပြီနော်။ အခု ၇၅နှစ်သက်တမ်းမှာ လူ့ဘ၀ဟာ မျက်စိတစ်မှိတ်စာပဲရှိပါတယ်။ ဒါ့ကြောင့် လောကီစီးပွားတွေမှာပဲ အချိန်မကုန်နေဘဲနဲ့ ရခဲလှသောအခွင့်အရေးကို အကျိုးရှိရှိအသုံးကြပါစို့လို့ မိတ်ဆွေသင်္ဂဟများကို နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းလှုံ့ဆော်လိုက်ပါတယ်။ (နိဗ္ဗာန်ကိုမလိုချင်သေးတဲ့သူများအတွက် လောကီစီးပွားရေး လူမှုရေးပြေလည်ချင်ရင်ပဲဖြစ်ဖြစ်၊ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို လိုချင်ရင်ပဲဖြစ်ဖြစ် စိတ်ချမ်းချမ်းသာသာနေချင်သူများအတွက် နည်းလမ်းများလည်းရှိပါတယ်။ နောက်တင်မယ့်ပို့စ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။)

အညွှန်း – အရှူံးမရှိသော ဒဿနစာအုပ်၊ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၁ နှင့် ၂၊ မြန်မာတို့၏အသက် စာအုပ်၊ မဂ်တားဖိုလ်တားအန္တရာယ်များ စာအုပ်၊ ဦးသက်စိန်- မြတ်ဗုဒ္ဓသာသနာ့အခြေခံစာအုပ်။

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s