အိန္ဒိယနိုင်ငံတွင် သာသနာကွယ်ခြင်း အကြောင်းရင်း

ဒီပို့စ်တွင် မျက်ရည်မကျခင်သိစေချင်စာအုပ်မှ သာသနာကွယ်ရခြင်းအကြောင်းရင်းကို မပြင်မဆင်ဘဲ တင်ပြပေးထားပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓသာသနာကို နှစ်ပေါင်းတစ်ထောင်ငါးရာကျော် ထိန်းသိမ်းထားသော်လည်း  ယခုအချိန်မှာ ဗုဒ္ဓတရားတော်များမှာ မှေးမှိန်နေပြီး ဗြဟ္မဏ၀ါဒ၊ ၀ိဇ္ဇာ စသည့်လောကီအတတ်ပညာများပါ ကြောက်ခမန်းလီလီ ဗုဒ္ဓဘာသာဝင်များမှာ ကျင့်သုံးယုံကြည်လာသောကြောင့် သာသနာဟာမှေးမှိန်လို့ ပျောက်ကွယ်လုနီးပါးပါးဖြစ်နေပါတယ်။ အဓိကကြောင်းရင်းတွေကတော့ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားခဲ့တဲ့ နိုင်ငံတွေမှာ သာသနာပျောက်ကွယ်လိုမျိုး ယခုမြန်မာနိုင်ငံမှာ ဖြစ်နေလို့ပါပဲ။

ထို့ကြောင့်မို့ ဆရာတော်က –

အတွေးအခေါ် ဉာဏ်ပညာကြီးမားသော သူများသည် သူတစ်ပါးအမှားကိုကြည့်ပြိး သင်္ခန်းစာ ယူတတ်ကြ၏။

အတွေးအခေါ် ဉာဏ်ပညာနည်းပါးသူသည် သူတစ်ပါးအမှားကိုကြည့်ပြီး ကိုယ်မမှားအောင် သင်္ခန်းစာ မယူတတ်ကြ။ ကိုယ်တိုင်မှားမှ သင်္ခန်းစာယူတတ်ကြသည်။

အတွေးအခေါ် ဉာဏ်ပညာအနည်းဆုံးသူများကား ကိုယ်ကိုယ်တိုင်မှားတာကိုပင် သင်္ခန်းစာ မယူတတ်ကြ။

အိန္ဒိယနိုင်ငံတွင် သာသနာကွယ်ခြင်း အကြောင်းရင်း

အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာကွယ်ရခြင်းအကြောင်း သုံးမျိုးရှိသည်။

၁) ဗုဒ္ဓဘာသာရဟန်းတော်များ သီလ၊ သမာဓိ၊ ပညာ အားနည်းခြင်း၊

၂) ဟိန္ဒူ ဗြဟ္မဏတို့ အတွင်းအပြင် တိုက်ခိုက်ခြင်း၊

၃) တူရကီအနွယ်တို့ အမြစ်ပြုတ် တိုက်ခိုက်ခြင်း တို့ ဖြစ်သည်။

ထိုအချက်နှင့်ပတ်သက်၍ ရာဟုလာသံကစ္စည်းက ၁၉၇၃ ခုနှစ်ထုတ် မဟာဗောဓိဂျာနယ် ၈၁/၉ တွင် ယခုကဲ့သို့ ရှင်းလင်းထောက်ပြဝေဖန်ခဲ့သည်။

 

၁) ဗုဒ္ဓဘာသာရဟန်းတော်များ သီလ၊ သမာဓိ၊ ပညာ အားနည်းခြင်း၊

ခရစ် ၅ ရာစု နောက်ပိုင်းမှစ၍ ဘုရင်သူဋ္ဌေးများကိုးကွယ်၍ ခမ်းနားသောကျောင်းများ ဆောက်လုပ်ကာ အလှူအတန်းများ ရက်ရောကြလေရာ အရည်အချင်းမမီသော အညံ့စားပုဂ္ဂိုလ်များ သာသနာ့ဘောင်သို့ ၀င်ရောက်လာကြသည်။ ၎င်းအညံ့စားရဟန်းတော်တို့ အားကောင်းလာသောအခါ ၀ိနည်းကို ပေါ့ပေါ့တန်တန်လုပ်ပစ်ကြ၏။

ဂန္တဓုရ၀ိပဿနာဓုကို မလိုက်နာကြ။ စားကာသောက်ကာ နေလာကြ၏။ ထိုရဟန်းများတို့ပင် မန္တာန်စုပ်ခြင်း၊ အင်းချ၊ မှော်ဝင်၊ ဆေးကုခြင်း၊ သမထအာရုံပြုခြင်းစသော လောကီကိစ္စ သိဒ္ဓိများကိုပြကာ လူပြိန်းများအား သိမ်းသွင်းဆွဲဆောင်ကြ၏။ ရဟန်းတော်တို့၌ အတွင်းသာသနာအင်အားညံ့လာသောအခါ အချို့ရဟန်းများ ဂန္ဓာရီဝိဇ္ဇာလမ်းစဉ်များဆီသို့ အာရုံစိုက်သွားကြသည်။

ဝိနည်းတော်နှင့် အညီနေထိုင်သော ရဟန်းကောင်းများ ဆင်းရဲငြိုငြင်ကာ အားနည်းသည်ထက် နည်းပါးသွားကြလေသည်။ ရန်သူများဝင်လာကြသောအခါ ၀ိဇ္ဇာဇော်ဂျီဂိုဏ်းဝင်များ သူတို့၏တန်ခိုးဣဒ္ဓိတို့ဖြင့် ခုခံကာကွယ်ကြသော်လည်း အချည်းနှီးသာဖြစ်ခဲ့ရ၏။

ဝိဇ္ဇာဂိုဏ်းကြီးပေါ်ထွန်း၍ ရဟန်းတို့၌ အတွင်းသာသနာအင်အားပျက်ပြားခြင်းသည် အိန္ဒိယ၌သာသနာကွယ်ပရခြင်း၏ အဓိကအကြောင်းကြီးပေတည်း။

 

၂) ဟိန္ဒူ ဗြဟ္မဏတို့ အတွင်းအပြင် တိုက်ခိုက်ခြင်း၊

ဟိန္ဒူ၊ ဗြဟ္မဏတို့ အတွင်းတိုက်ခိုက်ခြင်းဟူသည် ဗုဒ္ဓပေါ်ထွန်းလာသည်နှင့် သဗ္ဗေဓမ္မာ အနတ္တာ တရားအားလုံး ကိုယ်မပိုင် စိုးမရ အနတ္တဟူ၍ ဟောကြားလိုက်ရာ အတ္တကိုအမှီပြု၍ အညွန်းခူးစားရသော ဟိန္ဒူ ဗြဟ္မဏတို့ စားပေါက်ပိတ်ခဲ့ရသည်။

တဖန် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် သတ္တ၀ါများကို သတ်ဖြတ်၍ ယဇ်မပူဇော်ရ ဟု ဥပဒေအမိန့်ထုတ်ပြန်ရာ ယဇ်ပွဲကိုမှီ၍ ဆီစိုခဲ့ရသော ဟိန္ဒူ၊ ဗြဟ္မဏတို့ နှုတ်ခမ်းမှာ ခြောက်သွေ့ခဲ့ကြရပြန်သည်။

ထို့ကြောင့်ပင် ဗုဒ္ဓသာသနာ့ဘောင်အတွင်းသို့ ရဟန်းအသွင်ဖြင့်ဝင်ရောက်ကာ ပါဠိတော်အဋ္ဌကထာများကို ကိုယ်လိုရာဆွဲ၍ရေးသားပြီး မဟာယာန၀ါဒများ၊ တန္တရယာန၀ါဒများ၊ မန္တရယာန၀ါဒများကို တီထွင်ဟောပြောကြလေတော့သည်။ ဤကား ဗုဒ္ဓ၏အနတ္တကို အတ္တဒေသနာဖြစ်အောင် ယဉ်ယဉ်လေးဖျက်ဆီးကြခြင်းပင်ဖြစ်သည်။ ဟိန္ဒူ၊ ဗြဟ္မဏတို့ ဗုဒ္ဓကိုသေးသိမ်ပြီး အရာမရောက်ဖြစ်သွားအောင် တဖြည်းဖြည်းချင်း အစဖျောက်ဝါးမျိုပုံမှာလည်း ကြည့်တတ်သောသူများမှသာ မြင်နိုင်ပေသည်။

ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီးစာအုပ် စာမျက်နှာ ၁၉၁၌ ရေးသားထားသော ဖော်ပြပါစာပိုဒ်လေးသည်ကား ဟိန္ဒူ၊ ဗြဟ္မဏဘုရားကျောင်းထဲ ဗုဒ္ဓရုပ်ပွားတော်ရောက်လာရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။ မီးနင်းခြင်း၊ ကာလီမန်မယ်တော် ပန်းဆက်ခြင်းများကို ပြုပြီးနောက် ဟိန္ဒူဘာသာက ဗုဒ္ဓဘာသာနဲ့အတူတူပဲဟု ပြောလေ့ရှိသူများ သတိပြုစရာပင်ဖြစ်ပါသည်။

သဒ္ဓမ္မပုဏ္ဍရိကသုတ်နှင့် ဂဏ္ဍဗျူဟာသုတ်များ၌ ဗုဒ္ဓသည် လူသားမဟုတ်။ ကောင်းကင်ဘုံမှ နတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။ ဗုဒ္ဓ၀ါဒီတို့သည် ဖန်ဆင်းရှင်ဗြဟ္မ (ဣဿရ) ကို လက်မခံကြချေ။ သို့ရာတွင် ဗုဒ္ဓကိုလွန်စွာကြည်ညိုကြောင်း သိထားသော ဗြဟ္မဏပုဏ္ဏားရဟန်းများက ဗုဒ္ဓသည်လူသားမဟုတ်။ ကောင်းကင်ဘုံမှ နတ်ဘုရားကြီးဖြစ်သည်ဟု ဟောကြားကြ၏။ ဗုဒ္ဓဘာသာဝင်လူများစုကမူ သဒ္ဓါလွန်နေကြ၍ ကိုယ့်ဘုရားကို နတ်အဖြစ် မြှင့်တင်သည်ကို ကျေနပ်နေကြ၏။

တဖြည်းဖြည်း ဂေါတမဗုဒ္ဓသည် ကမ္ဘာကိုဖန်ဆင်းသူဖြစ်သည်ဟု ဆိုကြ၏။ ထိုမှတဆင့်တက်၍ ဖန်ဆင်းရှင် ဗြဟ္မာဗိဿနိုးနှင့် ဂေါတမဗုဒ္ဓကို ပူးပေါင်းလိုက်ကြသည်။ အမည်သာကွဲ၍ ဘုရားတစ်ဆူတည်း အတူတူဟု ဆိုကြသည်။ တဖန် ဂေါတမဗုဒ္ဓသည် ဗိဿနိုးနှင့်တန်းတူမဟုတ်တော့ဘဲ ဗိဿနိုးဝင်စားသူ၊ ဗိဿနိုး၏ကိုယ်ပွား တစ်ထောင်အနက် ကိုယ်ပွားအ၀တာရ တစ်ခုမျှသာဆို၍ အောက်တစ်ဆင့်နှိမ့်လိုက်သည်။

(အဂ္ဂိဟိပူရာဏ်ကျမ်းနှင့် ၀ရာဟပူရာဏ်ကျမ်း)

နောက်ဆုံးဂေါတမ အမည်ပင်ပျောက်ကာ မဟေသရ ခေါ် ဣဿရတဖြစ်လဲ အ၀လာကေိတေသရနှင့် အစားထိုးကြ၏။ ထိုဘုရားလောင်းနတ်သားအဖြစ်မှတဖန် မိန်းမအသွင်ပြောင်းကာ တရာဒေ၀ီ စသည့် နတ်သမီးများ ဖြစ်ကြကုန်၏။ ကာလီစသော ယက္ခနီများဖြင့် အစားထိုးပြန်၏။ ဝေရောစန၊ အမိတာဘာစသော မှော်ဘုရားကြီးများပေါ်လာသောအခါ ဗုဒ္ဓသည် သာကီဝင်မင်းသာ ဂေါတမဗုဒ္ဓ မဟုတ်တော့။

မှော်ပညာပိုင်စိုးသော နတ်ကြီးတစ်ပါးမျှသာ ဖြစ်သွားတော့၏။ ဤကား ဟိန္ဒူ၊ ဗြဟ္မဏတို့ အတ္တ၀ါဒ၊ ဗြဟ္မ၀ါဒကို ဗုဒ္ဓ၀ါဒတွင်းသို့ လိမ္မာပါးနပ်စွာ သွတ်သွင်းခဲ့ပုံတည်း။

ဗုဒ္ဓ၀ါဒနဲ့လည်းမတူ၊ ဟိန္ဒူဝါဒနှင့်လည်း အတိအကျမတူသော မဟာယာန၀ါဒကို တဖြည်းဖြည်းချင်း တီထွင်ခဲ့ကြ၏။ နှစ်ပေါင်းငါးရာခန့်ကြာသောအခါ မဟာယာနနှင့် ဟိန္ဒူဝါဒတို့ ခွဲမရအောင် ချွတ်စွပ်တူလာ၏။ နောက်ဆုံး၌ ဟိန္ဒူ၊ ဗြဟ္မဏတို့၏ တန္တ၀ါဒကိုပင် ဗုဒ္ဓ၀ါဒတံဆိပ်ခပ်နှိပ်ပေးလိုက်၏။

တန္တရ၀ါဒမှာ အရက်နှင့်မိန်းမကို ရှေ့တန်းတင်၏။ စုန်း၊ ကဝေ၊ တစ္ဆေ၊ ပယောဂ၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မန္တာန်တို့ကို ဗုဒ္ဓ၀ါဒဆိုင်းဘုတ်အောက် ရွှေ့ထားလိုက်ကြသည်။ ဤကား ဟိန္ဒူ၊ ဗြဟ္မဏတို့ သာသနာအတွင်းသို့ဝင်၍ တိုက်ခိုက်ပုံပင်။

သာသနာအပြင်အပမှ ဗုဒ္ဓဘာသာကို ရက်ရက်စက်စက်ဖျက်ဆီးခဲ့သူမှာ အသောကမင်းကြီးနောက် ခြောက်ဆက်မြောက်မင်းကို သတ်၍ ဘုရင်ဖြစ်လာသော သုင်္ဂပုရှာမိတြ အမည်ရှိ ဗြဟ္မဏပုဏ္ဏားစစ်သူကြီးပေတည်။ ထိုစစ်သူကြီးအာဏာရသည်နှင့် ဗုဒ္ဓဘာသာကို အမြစ်ပါမကျန်အောင် ဖျက်ဆီးလေတော့သည်။

ဗုဒ္ဓဘာသာရဟန်းမှန်သမျှ မဂဓတိုင်း၊ ကောသလတိုင်းအစရှိသော မဇ္ဈိမဒေသ၌ မနေ၀ံ့တော့သဖြင့် တိုင်းစွန်ပြည်ဖျားသို့ ထွက်ပြေးပုန်းရှောင်ကြရသည်။ သာသနာနှစ် ၁၂၀၀ကျော်လာသောအခါ ကေရလာပြည်နယ်မှ ပေါ်လာသော ရှံကရ အမည်ရှိ ဗြဟ္မဏပညာရှိတစ်ယောက်သည် မင်း၏အာဏာအားကိုးယူ၍ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ၀ါဒယှဉ်ပြိုင်ပြီး ရှုံးနိမ့်သောရဟန်းတော်များကို ဟိန္ဒူဘာသာသို့ ကူးပြောင်းစေသည်။ မကူးပြောင်းပါက ပွက်ပွက်ဆူနေသော ထောပတ်ဒယ်အိုးတွင်းသို့ နှစ်၍သတ်ပစ်ခဲ့သည်။

ထိုအချိန်က ဗုဒ္ဓဘာသာဝင်ရဟန်းအများစုမှာ မဟာယာနမှ တစ်စင်ခွဲ၍ထောင်လာသော ၀ဇီရယာနအောက်လမ်းဆရာကြီးမျိုးသာဖြစ်သဖြင့် စာပေအယူဝါဒအနေဖြင့် ရှံကရကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။ သို့အတွက် သာသနာနှစ် ၁၃၀၀ခန့်မှစ၍ အိန္ဒိယတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ မရှိတော့ချေ။
(မာဝေ၏သင်္ကရဒိသာဝိဇယကျမ်း ၁- ၉၃)

ဤကား ဟိန္ဒူဗြဟ္မဏတို့ သာသနာအပြင်မှ ဗုဒ္ဓဘာသာကို တိုက်ခိုက်ခဲ့ပုံပင်။

၃) တူရကီအနွယ်တို့ အမြစ်ပြုတ် တိုက်ခိုက်ခြင်း

သာသနာနှစ် ၁၇၀၀ခန့်တွင်ကား တူရကီနွယ်ဝင် မိုဟာမက်ဘိန်ဗခတိယာရ်သည် အိန္ဒိယမြောက်ပိုင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရင်း ဗုဒ္ဓဘာသာရဟန်းတော်များကို ကျောင်းတိုက်ကြီးများအတွင်းမှာပင် မီးတိုက်၍ သတ်ဖြတ်လိုက်လေသည်။ ထိုအခါမှစ၍ အိန္ဒိယဒေသတစ်ခုလုံး ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရပါတော့သည်။

 

ဤနေရာ၌ သူတစ်ပါးအပြစ်ကို ကြည့်ခြင်းထက် မိမိအပြစ်ကိုသာကြည့်၍ ပြုပြင်ခြင်းသည် လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရနိုင်သည်ဟူသော စကားအတိုင်း အိန္ဒိယဗုဒ္ဓဘာသာရဟန်းတော်များ သီလ၊ သမာဓိ၊ ပညာအားနည်းခြင်း၏အဓိကအကြောင်းကို လေ့လာသုံးသပ်ပြီး

မြန်မာပြည်မှရဟန်းတော်များအနေဖြင့် ထေရ၀ါဒဗုဒ္ဓအယူဝါဒ မဟုတ်သောအရာများကို ဖယ်ရှားကြရပေမည်။

ဆေး၊ ဗေဒင်၊ လက္ခဏာ၊ နက္ခတ်နှင့်တကွ လောကီထွက်ရပ် ၀ိဇ္ဇာဂိုဏ်းဘုန်းကြီးများ များပြားလာခြင်းသည် ဗုဒ္ဓသာသနာအားနည်းပျောက်ကွယ်ခြင်း၏ အရေးအကြီးဆုံးသောအကြောင်းဖြစ်သည်။ ထိုဂိုဏ်းဘုန်းကြီးများကို မဟာယာနဘုန်းကြီးများက မွေးဖွားပေးလိုက်ခြင်းဖြစ်သည်။

 

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s