သိက္ခာပုဒ်ပြင်ဆင်ချက် (၁၀) မျိုး

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး သာသနာနှစ် (၁၀၀)တွင် ၀ဇ္ဇီတိုင်းသာ ဝေသာလီရဟန်းတို့ ၀ိနည်းသိက္ခာပုဒ်များကို ပြင်ဆင်ချက် ၁၀ချက်ကို ပြင်ကြလေသည်။ ဤသည်တို့မှာ –

 

သိက္ခာပုဒ်ပြင်ဆင်ချက် (၁၀) မျိုး

၁) သင်္ဂီလောဏကပ္ပ – သားချို၌ထည့်၍ ဆောင်ထားသောဆားကို နေ့စဉ်ဆွမ်းသားတိုင်း ရောနှောစားနိုင်သည်ဟု ဆိုကြသည်။ 

(ရဟန်းတော်များ ခဲဖွယ်ဘောဇဉ်တို့ကို အကပ်ခံပြီးပါက နောက်နေ့အတွက် သိုမှီးသိမ်းဆည်း၍ မစားရချေ။ တစ်ထပ်စာအတွက်သာ အကပ်ခံစားသောက်ရသည်။ မွမ်းမတည့်မီ လူသာမဏေတို့အား ပေးစွန့်ရ၏။ ထိုသို့မဟုတ်ဘဲ မိမိဘာသာသိမ်းဆည်းထား၍ နောက်တစ်ရက် ဆွမ်းနဲ့ရော၍ သုံးဆောင်ပါလျှင် ပါစိတ်အာပတ်သင့်၏။)

 

၂) ဒွင်္ဂုလကပ္ပ – မွန်းလွဲပြီးနောက် နေအရိပ် လက်နှစ်သစ်လွန်သည်အထိ ရဟန်းများ ဆွမ်းစားနိုင်ခွင့်ရှိသည် ဆို၏။

( အမှန်စစ်စစ် ရဟန်းတော်များသည် နေမွန်းတည့်ပြီးနောက် ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို စားသောက်လျှင် ပါစိတ်အာပတ်သင့်၏။)

 

၃) အာဝါသကပ္ပ – အလွန်ကျမ်းဝန်းသော မဟာသိမ်ကြီးတစ်ခုအတွင်း ကျောင်းအဆောက်အအုံများစွာရှိရာ တစ်ချိန်တည်း၌ တစ်ကျောင်းစီတွင် သံဃာစည်းဝေး၍ ဥပုသ်ကံစသော သံဃာ့ကံများကို ပြုနိုင်သည်။

( အမှန်စစ်စစ် သံဃာစည်းဝေးရာတွင် သံဃာညီညွတ်မှုကိုပြရန် ရဟန်းတစ်ပါးနှင့်တစ်ပါး တစ်တောင်ခန့် နီးကပ်အောင် ထိုင်ကြရ၏။ တစ်ကျောင်းစီ စည်းဝေးပါက သံဃာမညီညွတ်ကွဲပြားနေသောကြောင့် အာပတ်သင့်၏။)

 

၎) အနုမတိကပ္ပ – သံဃာ့အစည်းအဝေး၌ သံဃာစုံလင်အောင် အချိန်မစောင့်ဘဲ နောက်မှရောက်လာသော သံဃာများထံမှာ သဘောတူညီချက်ကို နောက်မှရယူမည်ဟု ကြံရွယ်၍ အလျင်ရောက်နှင့်သော သံဃာများက ဆုံးဖြတ်ချက်တစ်ခုခု ပြုလုပ်နိုင်သည်။ သံဃာ့ကံပြုနိုင်သည်ဟု ဆို၏။

(အမှန်စစ်စစ် သံဃာ့အစည်းအဝေးသို့ မတက်ရောက်နိုင်သောရဟန်းများသည် အစည်းအဝေးက ဆုံးဖြတ်သမျှကို သဘောတူပါကြောင်း ကြိုတင်ဆန္ဒပေးကြရ၏။ အစည်အဝေးပြီးမှ နောက်ကျမှပေးသော ဆန္ဒသည် တရားမ၀င်ချေ။ သံဃာမညီညွတ်သောကြောင့် ဆုံးဖြတ်ပြုလုပ်ချက်သည် ထမြောက်အောင်မြင်ခြင်း မရှိ။)

 

၅) အာစိဏ္ဏကပ္ပမိမိဆရာသမားပြုလုပ်ခဲ့သော အစဉ်အလာထုံးစံမှန်သမျှကို ပြုလုပ်ခွင့်ရှိသည်ဟု ဆိုကြ၏။ ထိုသို့ ဆရာသမားအတုလိုက်ခြင်းကြောင့် အာပတ်မသင့်နိုင်ဟု ဆိုကြ၏။

(အမှန်စစ်စစ် ဆရာသမားတို့ပြုလုပ်ခဲ့သော အစဉ်အလာထုံးစံများသည် ၀ိနည်းနျင့်ညီလျှင် အာပတ်မသင့်ချေ။ ၀ိနည်းနှင့်မညီပါက အာပတ်သင့်မည်သာဖြစ်၏။)

 

၆) ဂါမန္တရကပ္ပ – တခြားရွာသို့သွားရန် ကိစ္စရှိပါက ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံ မပြုသောဆွမ်းကို စားနိုင်သည်ဟု ဆို၏။

( ရဟန်းတော်များ ဆွမ်းစားနေစဉ် တော်ပြီ တန်ပြီဟု နှုတ်မြွက်၍ဖြစ်စေ လက်ကာ၍ဖြစ်စေ ထုတ်ဖော်ပြောကြားလျှင် ပ၀ါရိတ်သင့်သည်။ မစားတော့ပါဟု ငြင်းပယ်ခြင်းကို ပ၀ါရိတ်သင့်သည်ဟု ခေါ်သည်။ ထို့သို့ငြင်းပယ်မိသော ရဟန်းသည် ထိုနေ့နံနက်ပိုင်းတွင် တစ်စုံတစ်ခုမျှစားသောက်ခွင့်မရှိတော့ချေ။ အကယ်၍ စားသောက်လိုပြန်ပါက အခြားရဟန်းတစ်ပါးအား ခဲဖွယ်ဘောဇဉ်များကို ပေးစွန့်လိုက်ရ၏။ ထိုဒုတိယရဟန်းက ဤခဲဖွယ်ဘောဇဉ်များကို တော်ပြီ ငါမစားလို အပိုအလျှံဖြစ်သည်ဟု နှုတ်မြွက်၍ပြန်ပေးမှ စားခွင့်ရှိ၏။ ထိုသို့ အခြားရဟန်းတစ်ပါးက တော်ပြီဟုဆို၍ ပြန်ပေးခြင်းကို  အတိရိတ်ဝိနည်းကံပြုသည်ဟု ဆိုရ၏။ ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ ခဲဖွယ်ဘောဇဉ်တစ်ခုခုကိုစားပါက ပါစိတ်အာပတ်သင့်သည်ဟူသော သိက္ခာပုဒ်ကို လျှော့ပေါ့အောင် ပြင်ဆင်ခြင်းဖြစ်သည်။)

 

၇) အမထိကကပ္ပ- ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ နို့ရည်အဖြစ်ကိုလွန်၍ ဒိန်ချဉ်အဖြစ်သို့ ရောက်သေးသောနို့ချဉ်ကို သောက်ခွင့်ရှိသည်ဟု ဆို၏။

(၀ိနည်းသိက္ခာပုဒ်တွင် နို့ရည်ကိုလည်းကောင်း၊ ဒိန်ချဉ်ကိုလည်းကောင်း ဘောဇဉ် (စားစရာ) ၌ ရေတွက်ပြထားရာ၊ နို့ရည်နှင့် ဒိန်ချဉ်စပ်ကူး၊ မပ်ကူး နို့ချဉ်ရည်သည် ဘုရားပေးသောဘောဇဉ်မှ အလွတ်ဖြစ်သည်ဟုကြံဆ၍ အထက်ပါသိက္ခာပုဒ်ကို ခြွင်းချက်ဖြင့် လျှော့ပေါ့အောင် ပြင်ဆင်ချက်ပြုလုပ်ခြင်းဖြစ်၏။

 

၈) ဇဠောတိ – ကောက်ညှင်းဆန်၊ ထန်းလျက်၊ ကြံသကာစသည်တို့ကို စိမ်ရည်ဖြစ်အောင် ဖော်စပ်ရာ၌ (စိမ်ရည် ခေါင်ရည်) အဖြစ်သို့ မရောက်သေးသော သေရည်အနုစား၊ စိမ်ရည်အနုစားကို ရဟန်းတော်များ သောက်သုံးနိုင်သည်ဟု ဆို၏။

(အမှန်စစ်စစ် ရဟန်တော်များသည် စိမ်ရည် ခေါင်ရည် ထန်းရည်ခါးစသော သေရည် သေရက် မူးယစ်ဆေးဝါးကို သုံးဆောင်ခွင့်မရှိ။ သုံးဆောင်ပါက ပါစိတ်အာပတ်သင့်၏။)

 

၉) အဒသကံနိသီဒနံ အမြတ်အဆာမပါသော နေရာထိုင်ခင်းသည် ရဟန်းတော်များနှင့်မအပ်စပ်ဟု မြတ်စွာဘုရားပညတ်ချက်များကို ကျူးလွန်း၍ အမြတ်အဆာမပါသော နိသီဒိုင်သည်အပ်၏ဟု ဆိုကြ၏။

 

၁၀) ဇာတရူပရဇတ ရဟန်းတော်များသည် ရွှေငွေကို အလှူမခံဟု ပညတ်ချက်ကို ဖောက်ဖျက်၍ ရွှေငွေ အသပြာကို အလှူခံနိုင် ဟု ဆိုကြ၏။ 

             (ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး၊ စာမျက်နှာ ၃၆ မှ ၃၉)

ထိုအချိန်အခါက အဇတသတ်မင်းကြီး၏ သားစဉ်မြေးဆက်ပြတ်၍ နောက်တက်သော သုသုနာဂမင်းသည် ဝေသာလီမျိုးဖြစ်၍ ဝေသာလီရဟန်းများကို အထူးထောက်ပံ့အားပေးသည်။ သုသုဂန၏သား ကာလာသောက၏လက်ထက်၌လည်း မင်း၏အားပေးထောက်ပံ့မှုကိုရသော ရဟန်းဆိုးများသည် ပြင်ဆင်ချက် (၁၀) ချက်ကို တရားဝင် ပြောင်ပြောင်တင်းတင်းကျင့်သုံးကြလေသည်။

ထိုအကြောင်းကိုကြားသိသော အရှင်မဟာယသမထေရ်ကြီးသည် ဝေသာလီပြည် မဟာဝုန်ကျောင်းတိုက်သို့ ကြွရောက်တော်မူလေသည်။ ဥပုသ်နေ့တွင် တရားနာလာကြသော ဒါယကာ၊ ဒါယိကာမများကို ပရိက္ခရာဖိုးအတွက် အလှူငွေထည့်ကြရင် ဝေသာလီရဟန်းတို့က ဟောပြောအလှူခံကြရာ အရှင်မဟာယသမထေရ်ကြီးက ရွှေငွေကို မလှူရ။ ရဟန်းတို့နှင့်မအပ်စပ်ကြောင်း ဒါယကာ၊ ဒါယိကာမတို့အား ဟောပြောသောလည်း ဓလေ့ထုံးစံဖြစ်နေ၍ လှူဒါန်းမြဲ လှူဒါန်းကြလေသည်။

နံနက်မိုးလင်းသောအခါ ရလာသော အလှူငွေဝေစုကို အရှင်မဟာယသအားလာပေးရာ အရှင်မဟာယသက ငြင်းပယ်လိုက်လေသည်။ ထိုအခါ ၀ဇ္ဇီတိုင်းသားရဟန်းများသည် အရှင်မဟာယသကို ဝေသာလီသံဃာထုအပေါ် ဒါယကာတို့ အကြည်ညိုပျက်စေရန် ဟောပြောမှုဖြင့် စွပ်စွဲပြစ်တင်ကြသည်။ ဝေသာလီပြည်ရှိ ဒါယကာတို့ကို ရှုတ်ချကဲ့ရဲ့သည့်အတွက် ဝေသာလီမြို့တွင်း၌ လှည့်လည်တောင်းပန်ရမည်ဟု ဆို၏။ အရှင်မဟာယသမထေရ်သည် ဝေသာလီမြို့တွင်းသို့ ကြွရောက်၍ ဒါယကာတို့အား ဤသို့တောင်းပန်စကား မိန့်ကြား၏။

“ငါသည် အဓမ္မကို အဓမ္မဟု ပြောဆိုခြင်းဖြင့်ကောင်း၊ ဓမ္မကို ဓမ္မဟု ပြောဆိုခြင်းဖြင့်လည်းကောင်း၊ ၀ိနည်းကို အမှန်အတိုင်းပြောဆိုခြင်းဖြင့်လည်းကောင်း၊ သဒ္ဓါတရားနှင့်ပြည့်စုံသော သင်ဒါယကာတို့ကို အကြည်ညိုပျက်အောင် လုပ်မိပေ၏။ ”
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ နေ့စဉ်တရားကို ဟောကြားတော်မူ၏။

“ရဟန်းတို့ ဆီးနှင့်း၊ မြူတိမ်၊ သူရိန်၊ မီးခိုးသည် လ၊ နေတို့၏ အညစ်အကြေးဖြစ်သကဲ့သို့ သေရည်သေရက်သောက်စားမှု၊ မေထုန်မှီဝဲမှု၊ ရွှေငွေအလှူခံမှု၊ မှားယွင်းသော အသက်မွေးမှုတို့သည် တရားကျင့်သော ရသေ့ရဟန်းတို့အတွက် အညစ်အကြေးဖြစ်ကုန်၏” ဟု ဟောကြားတော်မူခဲ့၏။
ရာဇဂြိုဟ်ပြည်၌ အရှင်ဥပနန္ဒကို အကြောင်းပြု၍ ရွှေငွေအလှူခံမှုကို တားမြစ်သော သိက္ခာပုဒ်ကို မြတ်စွာဘုရား ပညတ်တော်မူခဲ့၏။

ဤသို့ စသည်ဖြင့် တရားအမှန်ကို ရှင်းလင်းဟောကြားရာ ဝေသာလီပြည်သူပြည်သားတို့သည် အရှင်မဟာယသမထေရ်ကြီးသာ ရဟန်းစစ် ရဟန်းမှန်ဖြစ်သည်ဟုဆို၍ အရှင်မဟာယသအတွက် ပစ္စည်းလေးပါး ဒါယကာခံယူကြကုန်၏။

ထိုအကြောင်းကို ၀ဇ္ဇီတိုင်းသားရဟန်းတို့ ကြားသိကြသောအခါ အမျက်ဒေါသထွက်ကုန်၍ အရှင်မဟာယသကို ဥက္ခေပနိယကံ (သံဃာဘောင်မှဝိုင်းကြဉ်မှု) ပြုရန် သံဃာများ စုဝေးကြလေသည်။ အရှင်မဟာယသသည် ရဟန်းဆိုးတို့ကို နှိမ်နင်းရန် အဘိညာဉ်တန်ခိုးဖြင့် ကောင်းကင်သို့ပျံတက်၍ ကောသမ္ဗီပြည်သို့ ကြွသွားလေသည်။ ထို့နောက် အရှင်မဟာယသ၏ ဟောပြောမှုဖြင့် မဇ္ဈိမဒေသတစ်ခွင်မှ သံဃာတော်အရှင်မြတ် (၁၂) သိန်းတို့ ဝေသာလီပြည်သို့ ကြွတော်မူကြလေသည်။

ထို့နောက် ၀ိနည်းမိုရ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော မထေရ်ကြီးရှစ်ပါးအနက် ၀ါတော်တစ်ရာ သက်တော် ၁၂၀ ရှိသော အရှင်ရေ၀တမထေရ်သည် ပြင်ဆက်ချက် (၁၀) ပါးကို သက်တော် ၁၄၀ ၀ါတော် ၁၂၀ ရှိ အရှင်သဗ္ဗကာမီ မထေရ်အား ၀ိနည်းတရားတော်နှင့် ညီ၊ မညီမေးလျှောက်ရာ ၀ိနည်းတော်တရားတော်နှင့်မညီကြောင်း တစ်ချက်စီ ဖြေရှင်းဆုံးဖြတ်တော်မူသည်။

အဓိကရုဏ်းငြိမ်းပြီးသောအခါ သံဃာတော် (၁၂) သိန်းမှ တိပိဋကဓရ ပဋိသမ္ဘိဒါပတ္တ၊ ဆဠာဘိညရဟန္တာမထေရ်ကြီး (၇၀၀) ကို ရွေးကောက်၍ ဒုတိယသင်္ဂါယနာ တင်တော်မူကြပါသည်။ ၀ဇ္ဇီတိုင်းသားရဟန်းတော်များကား ရဟန္တာမထေရ်ကြီးတို့ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် သံဃာကံပြု၍ နှင်ထုတ်လိုက်ကြရပါသည်။ ထိုနှင်ထုတ်ခံရသော သံဃာများသည် အနယ်နယ်အရပ်ရပ်မှ အဓမ္မ၀ါဒီ ရဟန်းများကို စုဆောင်း၍ ရဟန်းပရိသတ်တစ်သာင်းခန့်ရရှိသောအခါ ကောသမ္ဘီပြည်တွင် စင်ပြိုင်သင်္ဂါယနာတင်ကြလေတော့သည်။

သူတို့၏ဂိုဏ်းကိုလည်း အထက်စီးမှရစေရန် မဟာသင်္ဂီတိဂိုဏ်းဟူ၍လည်းကောင်း၊ မဟာသံဃိကဂိုဏ်းဟူ၍လည်းကောင်း အမည်ပေးကြလေသည်။ ထိုစင်ပြိုင်သင်္ဂါယနာတွင် မိမိတို့စိတ်ကြိုက်မတွေ့သော သုတ်၊ ၀ိနည်းတို့ကို ဖြုတ်ပစ်ကြလေသည်။ မိမိတို့စိတ်ကြိုက်နှင့်ညီသော သုတ်၊ ၀ိနည်းတရားအသစ်များကို စီစဉ်ထည့်သွင်းကြလေတော့သည်။

နိဒါန ၀ဂ္ဂသံယုတ်၊ သဒ္ဓမ္မရူပကသုတ်၌ ဗုဒ္ဓဟောတော်မူထားသည့်အတိုင်း သာသနာတွင်းကရဟန်းတော်များသည်ပင် သာသနာကို ဖျက်ဆီးကြလေပြီ။
“ရဟန်း၊ ရဟန်း၊ မည်ပြဌာန်းလျက်၊ ရဟန်းဟူလစ်
 ခေါ်ရာဖြစ်ရုံ၊ စနစ်ခေါက်ချိုး၊ ချုပ်ရိုးဆန်းဆန်း၊
 ဖန်ရည်စွန်းသား သင်္ကန်းဝါ၀ါ၊ ဦးပြည်းကာဖြင့်၊
 ပညာကင်းပ၊ သီလမဲ့မျိုး၊ အတွင်းဆိုးကား၊
 အကျိုးတစ်စိ၊ ဘယ်မှာရှိလိမ့်။ “

ဟူသော မဃဒေ၀ အဆိုအတိုင်း သီလမဲ့မျိုး၊ အတွင်းဆိုးဖြစ်သော ၀ဇ္ဇီတိုင်းသားရဟန်းများသည်ကား မိမိအတွက်လည်းကောင်း၊ သာသနာအတွက်လည်းကောင်း၊ တစ်စုံတစ်ရာမျှ အကျိုးမရှိခဲ့ပါတော့ချေ။ ၎င်းမဟာသံဃိကဂိုဏ်းကြီးမှ ဂေါကုလိကဂိုဏ်းနှင့် ဧကဗျော၊ ဟာရိကဂိုဏ်းနှစ်ခု ခွဲထွက်ခဲ့သည်။ တဖန် ဂေါကုလိကဂိုဏ်းမှ ပဏ္ဏတ္တိဝါဒဂိုဏ်း (ပညတ္တိဝါဒ) ဗာဟုလိယဂိုဏ်း (ဗဟုသုတိကဂိုဏ်း) နှစ်ဂိုဏ်းခွဲထွက်ပြန်သည်။ ဗဟုသုတိဂိုဏ်းမှ စေတိယဂိုဏ်း ခွဲထွက်ပြန်သည်။ စုသုပေါင်း မဟာသံဃိကဂိုဏ်းမှ နောက်ထပ်ငါးဂိုဏ်းကွဲ၏။

မူလထေရ၀ါဒမှလည်း မဟိသာသက၊ ၀ဇ္ဇီပုတ္တက၊ သဗ္ဗတ္ထိဝါဒ စသောအားဖြင့် ၁၁ ဂိုဏ်းတိတိ ခွဲထွက်ပြန်သည်။

သာသနာနှစ် ၂၃၅ ခုနှစ်တွင် တတိယသင်္ဂါယနတင်သောအခါ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က ဗုဒ္ဓ၀ါဒနှင့်မညီညွတ်သော သဗ္ဗတ္ထိဝါဒ စသော ဂိုဏ်းကွဲအားလုံးတို့ကို ဗုဒ္ဓသာသနာမှ ဖယ်ရှားသုတ်သင်တော်မူပါသည်။ ဖယ်ရှားသုတ်သင်ပုံအကျယ်ကို ကထာဝတ္ထုကျမ်းတွင် အပြည့်အစုံဟောကြားတော်မူခဲ့ပါသည်။

 

 

 

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s