သင်္ဂါယနာတင်ခြင်း

သင်္ဂါယနာတင်ခြင်း အကြောင်းရင်း – ဗုဒ္ဓ၏ သာသနာတော်သုံးရပ် မကွယ်ပျောက်စေရန်လည်းကောင်း၊ သာသနာတော်ကြီး အဓွန့်ရှည်စွာ သန့်ရှင်းတည်တံ့ပြန့်ပွားနေစေရန်လည်းကောင်း။

 

ပထမသင်္ဂါယနာတင်ခြင်း

ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် (၇)ရက်အကြာတွင် အရှင်မဟာကဿပသည် နောက်ပါရဟန်းငါးရာနှင့် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွလာစဉ် လမ်းခရီး၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူကြောင်း ကြားသိသော်အခါ ရဟန်းလေးများ ငိုကြွေးကြလေသည်။

ထိုအခါ သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးက “ငါရှင့်တို့ မငိုကြနဲ့။ ရဟန်းဂေါတမ၏ အချုပ်အချယ်ကိုခံခဲ့ရလှပြီ။ ယခု သူ့လက်မှလွတ်ကြပြီ” ဟု ၀မ်းသာအားရပြောလေသည်။ ထိုစကားကိုကြားရသော အရှင်မဟာကဿမထေရ်မြတ်ကြီးမှာ အနာဂတ်သာသနာအတွက် စိတ်မချ သံဝေဂဖြစ်တော်မူခြင်းဖြင့် အောင့်သည်းသည်းခံတော်မူလေသည်။

ထို့နောက် ကုသိနာရုံပြည်သို့ရောက်သောအခါ သံဃာတော်များအလယ်တွင် ဗုဒ္ဓတရားတော်များကို သဘောတူပေါင်းစု၍ သင်္ဂါယနာမတင်ထားလျှင် သုဘဒ္ဒလိုလူစားများ ဖျက်ဆီးဖွယ်ရှိကြောင်း ပြောပြလျက် အဇာတသတ်မင်းကြီးအကူအညီဖြင့် ၀ါခေါင်လပြည့်ကျော်ငါးရက်နေ့မှစ၍ အရှင်သူမြတ်ကြီးကိုယ်တိုင် ဦးဆောင်ကာ ရဟန္တာငါးရာနှင့်အတူ ပထမသင်္ဂါယနာ တင်တော်မူ၏။

 

ဒုတိယသင်္ဂါယနာတင်ခြင်း

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ် (၁၀၀) လောက်ကြာသောအခါ ၀ဇ္ဇီတိုင်းသားရဟန်းတို့သည် ရဟန်းတို့နှင့် မအပ်မရာသောအမှုတို့ကို ပြုကျင့်ကြကုန်လေ၏။ ဥပုသ်နေ့၌ လာသမျှလူတို့ထံ တစ်ပဲတစ်မူးကစ၍ ငွေအလှူခံကြကုန်၏။

ထိုအခါ အရှင်ယသကရဟန်းမှာ တန်ခိုးကြီးမားသော ရဟန္တာကြီးများထံ ချဉ်းကပ်၍ ထိုအမှုကို လျှောက်ထားလေ၏။ ထို့နောက် ရဟန္တာ (၇၀၀) ကိုရွေးချယ်လျက် ဒုတိယသင်္ဂါယနာတင်တော်မူကြသည်။ (အကျယ်အားဖြင့် – သိက္ခာပုဒ်ပြင် (၁၀) ချက် ပို့စ်တွင် ဖတ်ရှုနိုင်ပါသည်။)

 

တတိယသင်္ဂါယနာတင်ခြင်း

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ် (၂၃၅) လောက်ကြာသောအခါ သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓသာသနာတော်၏ အဆီအနှစ်ကိုသိ၍ သာသနာတော်ကို လွန်စွာထောက်ပံ့ပြီး တိုင်းသူပြည်သားတို့ကို တရားတော်အတိုင်း လိုက်နာကျင့်သုံးစေသည်။

ထိုအခါ တိတ္ထိတစ်စုသည် အစားအသောက်ကျပ်တည်းမှုကြောင့် မိမိတို့ဘာသာ သင်္ကန်းဝတ်ပြီးလျှင် ရဟန်းယောင်ဆောင်ကာ မိစ္ဆာအယူများကို ဟောပြောကြသည်။

ထိုအခါ ရဟန်းကောင်းတို့သည် ထိုရဟန်းတုများနှင့် မပေါင်းနိုင်သောကြောင့် သံဃာကိစ္စတို့၌ အနှောင့်အယှက်ဖြစ်နေကြသဖြင့် မင်းကြီးသည် သာသနာတော်သန့်ရှင်းတည်တံ့စေရန် ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့် တိုင်ပင်လေသည်။ ထို့နောက် မင်းကြီးသည် မိစ္ဆာအယူရှိသူတို့ကို လူထွက်ခိုင်းကာ သာသနာတော်သန့်ရှင်းစေပြီးမှ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို အမှူးထားလျက် တစ်ထောင်သောရဟန္တာရှင်သူမြတ်တို့က တတိယသင်္ဂါယနာတင်တော်မူကြသည်။

 

စတုတ္ထသင်္ဂါယနာတင်ခြင်း

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း (၄၅၀) ခန့် အကြာတွင် သီဟိုဠ်ကျွန်း ၀ဋ္ဋဂါမဏိမင်းကြီးလက်ထက်တော်၌ ဗြဟ္မဏတိဿ သူပုန်ထမှုမှစ၍ မိစ္ဆာမင်းတို့ နှောင့်ယှက်နေခြင်းကြောင့် ရဟန်းတော်များမှာ ဆွမ်းအာဟာရမမျှတသဖြင့် နှုတ်ရကျက်ထားသော တရားတော်များကို မပျောက်ပျက်အောင် ခဲခဲယဉ်းယဉ်းပင်ပန်းကြီးစွာ ဆောင်ကြရပေသည်။

ထို့ကြောင့် နောင်သောအခါ ရဟန်းတော်များသည် နှုတ်ရမဆောင်နိုင်လျှင် ပိဋကတ်တော်များ ကွယ်ပျောက်သွားမည်ကို စိုးရိမ်ရသဖြင့် ၀ဋ္ဋဂါမဏိမင်းကြီး၏ အကူအညီကိုရယူကာ ရဟန်းတော်များက ပိဋကတ်တော်များကို ပထမဆုံးအကြိမ်ပေရွက်ပေါ်ရေး၍ စတုတ္ထသင်္ဂါယနာတင်တော်မူကြသည်။

 

ပဉ္စမသင်္ဂါယနာတင်ခြင်း

မန္တလေးမြို့နန်းကို တည်ထောင်တော်မူကြသော မင်းတုန်းမင်းတရားကြီးသည် သာသနာတော်ကို လွန်စွာကြည်ညိုချီးမြောက်တော်မူသည်နှင့်အညီ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များတွင် သာ၍ကျော်ကြားထင်ရှားသော ဆရာတော်ကြီးများကို ကြပ်မတ်စေလျက် ဗုဒ္ဓမြတ်စွာ၏ ပိဋကတ်တော်များကို ကျောက်ပြားပေါ်၌ထွင်း၍ ကျောက်ထက်အက္ခရာတင်ကာ ပဉ္စမသင်္ဂါယနာတင်တော်မူကြသည်။

 

ဆဋ္ဌမသင်္ဂါယနာတင်ခြင်း

ကောဇာသက္ကရာဇ် ၁၃၁၆ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကမ္ဘာအေးလိုဏ်ဂူတော်၌ မစိုးရိမ်ဆရာတော်ကြီး ကြီးမှူးကာ ဆဋ္ဌမသင်္ဂါယနာတင်တော်မူကြသည်။

 

အညွှန်း။ ဦးသက်စိန် မြတ်ဗုဒ္ဓသာသနာ့အခြေခံစာအုပ်။

 

 

 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s