မဟာပဒေသာ (ခေါ်) ပိဋကတ်တော် စည်းမျဉ်း

ဂါထာတစ်ခုကို ဘုရားဟော တရားတော် ဟုတ်နိုင် မဟုတ်နိုင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် မဟာပဒေသာ (ခေါ်) ပိဋကတ်တော် စည်းမျဉ်းလေးပါး ဖြင့် စိစစ်ရသည်။

မဟာပဒေသ ဟူသည် “ဘုရားဟောတရားတော်ကို တည်စေနိုင်သော ကြီးမြတ်သောအကြောင်း” ဟု အဓိပ္ပါယ်ရသည်။

မဟာပဒေသ လေးပါးနှင့် ညီညွတ်လျှင် ထေရ၀ါဒ ဟု ဆုံးဖြတ်၍၊ မညီညွတ်လျှင် ထေရ၀ါဒ မဟုတ်ဟု ဆုံးဖြတ်ရပါမည်။

မဟာပဒေသ လေးပါး မှာ –

၁) သုတ္တ – ပိဋိကတ်သုံးပုံ ဘုရားဟောပါဠိတော်များ။

၂) သုတ္ထာနုလောမ – ဘုရားဟောပါဠိတော်များနှင့် လျော်ညီသော အဓိပ္ပါယ်အကြောင်းအရာများ။

၃) အာစရိယ၀ါဒ – အဋ္ဌကထာကျမ်းများ။

၎) အတ္တနောမတိ – သုတ္တ၊ သုတ္တနုလောမ၊ အာစရိယ၀ါဒတို့မှ နည်းကိုယူ၍ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ဆင်ခြင်သိရှိသော အဓိပ္ပါယ်အကြောင်းအရာများ။

ဤ အတ္တနောမတိ ကို ရှေးဆရာတော်ကြီးများက ဋီကာကျမ်းများ ဟု မိန့်ဆိုကြပါသည်။

 

၎င်းလေးချက်တွင် အရေးအကြီးဆုံးမှာ သုတ္တ (ခေါ်) ဘုရားဟောပါဠိတော်များပင် ဖြစ်သည်။

သုတ္ထာနုလောမ၊ အာစရိယ၀ါဒ၊ အတ္တနောမတိတို့သည် သုတ္တ (ခေါ်) ပါဠိတော်လာအဓိပ္ပါယ်နှင့် မဆန့်ကျင်မှသာ မှန်ကန်သည်။ ထေရ၀ါဒနှင့် ညီညွတ်သည်ဟု ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ မဟာဝဂ္ဂအဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ်တွင် တိတိကျကျဖွင့်ပြထားပါသည်။

အပေါ်ယံနည်းဖြင့် ထေရ၀ါဒဂါထာ ဟုတ်-မဟုတ် သုံးသပ်ဆုံးဖြတ်ပုံတစ်ခုရှိသေးသည်။ ၎င်းမှာတွေ့လာသော ဂါထာတွင် ဥုံ၊ သြောင်း တစ်ခုခုပါလျှင် ထေရ၀ါဒ မဟုတ်ကြောင်း ဆုံးဖြတ်ရန်ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဥုံ ဟူသည် ဥုမ် မှ ဖြစ်လာခြင်းဖြစ်သည်။ ဥုံ ကို ပုဒ်ခွဲလိုက်လျှင် အ၊ အု၊ အမ် ဟူ၍ ဖြစ်လာသည်။

အ သည် လောကကို ဖန်ဆင်းသော ဗြဟ္မာကို ကိုယ်စားပြုသည်။

အု သည် ဗိဿနိုးနတ်ကို ကိုယ်စားပြုသည်။

အမ် သည် သျှီဗစ် (ခေါ်) သီဝနတ်ကို ကိုယ်စားပြုသည်။

ထိုနတ်သုံးမျိုးလုံး ဟိန္ဒူဗြဟ္မဏဘာသာမှာသာ ရှိသောကြောင့် ဥုံ၊ သြောင်း ပါသော ဂါထာ၊ မန္တာန်မှန်သမျှကို ဟိန္ဒူဗြဟ္မဏဂါထာ၊ မန္တာန်ဟု ခွဲခြားနိုင်ပါသည်။

 

၎င်းအချက်ကို သတိမထားကြသော ဆရာအချို့က ဘုရားဟောဂါထာအချို့ကိုပင်  ဥုံ၊ သြောင်း ခံ၍ ရွတ်နေကြရာ ဆွမ်းဆန်ထဲ ကြွက်ချေးအရောခံရသလို ဘုရားဟောပါဠိအချို့မှာ ဂုဏ်ငယ်ကြရပါသည်။

 

ထို့ကြောင့်လည်း မန်လည်ဆရာတော်ကြီးက မဃဒေ၀လင်္ကာသစ်တွင် –

“တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်လည်း၊ လူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော့၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဇောဖြင့်၊ သဘောအထိုက်၊ တုတ်နှင့်ရိုက်သို့၊ သူ့မိုက်ချီးမွမ်း၊ ဂုဏ်သာနွမ်း၏” ဟူ၍ စပ်ဆိုတော်မူခဲ့ပေသည်။

 

တစ်ချို့တစ်ပိုင်းကြောင့် ကျက်စာရသော ပုဂ္ဂိုလ်အချို့ပါ ဖော်ပြပါ မဟာပဒေသလေးပါးကို သတိမမူကြဘဲ ပရိတ်ကြီး (၁၁) သုတ်ကိုပင် ဘုရားဟောမဟုတ်၊ တန္တရ၀ါဒလာမန္တာန်များဖြစ်သည်ဟု ၀ါဒဖြန့်သံကို နေရာတော်တော်များများမှ ကြားနေရသည်။ အနည်းငယ်ဆန်းစစ်ပြပါမည်။

မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ မောရသုတ်၊ ၀ဋ္ဋသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်၊ အင်္ဂုလိမာလသုတ်များ၏ အစဆုံးနှစ်ဂါထာ၊ ဗောဇ္ဈသုတ်တစ်သုတ်လုံး အာဋာနဋိယသုတ် ၆ ဂါထာ မှတစ်ပါး ကျန်သောဂါထာများ၊ ပုဗ္ဗဏှာသုတ် လေးဂါထာ မှတစ်ပါး ကျန်သောဂါထာတို့မှာ ဘုရားဟောပါဠိတော်၌ တိုက်ရိုက်မပါပေ။

သို့သော် ရှေးကျမ်းဂန်တတ် ရှေးဆရာတော်ကြီးများက သုတ္တ (ခေါ်) ဘုရားဟောပါဠိတော်များနှင့်အညီ စီကုံးထားခြင်းကြောင့် သုတ္ထာနုလောမ ဟူသောအချက်နှင့် ညီညွတ်လျက်ရှိသည်ဖြစ်၍ ထေရ၀ါဒနှင့် မဆန့်ကျင်ဘဲ ရွတ်ဖတ်သူများအတွက် အလွန်အကျိုးများသော ဂါထာများပင်ဖြစ်ပါသည်။

ထိုနည်းတူ သမ္ဗုဒ္ဓေ၊ သိရိသ္မိံ၊ စက္ခုမာစရ မာစိဏ္ဏောစသော ဂါထာများသည်လည်း သုတ္ထာနုလောမ ဂါထာများဖြစ်၍ ထေရ၀ါဒနှင့် မဆန့်ကျင်ကြောင်း သိအပ်ပေသည်။

 

 

 အညွန်း- မျက်ရည်မကျခင် သိစေချင်စာအုပ်။ 

 

 

 

This entry was posted in မြတ်ဗုဒ္ဓ သာသနာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s