ဆရာတော် ဦးဇ၀န၏ အွန်လိုင်း မေးဖြေများ

 အရှင်ဇ၀နအား ကျမ မေးကြားထားသော မေးခွန်းများကို ဆရာတော်ဖြေကြားထားသည်များကို ဓမ္မအလှူဖြင့် မျှဝေ ပေးလိုက်ပါတယ်။ ဆရာတော့်ကို မေးချင်တဲ့မေးခွန်းများ၊ သိချင်တဲ့ ဓမ္မမေးခွန်းများရှိခဲ့သော်  www.mettashin.org မှာ admin@mettashin.org, nanhtike@mettashin.org , nanhtikewin@gmail.com ကို အီးမေလ် ပေးပို့နိုင်ပါတယ်။ ဆရာတော် မအားလပ်တဲ့ကြားထဲက မေးခွန်းများကို တစ်လ တစ်ခါ ပြန်လည်ဖြေကြားပေးတယ်လို့ သိရပါတယ်။  

(ကျမတင်ထားခဲ့ပြီးသော် posts များတွင် အမှားများပါခဲ့သော် ကျမ၏အားနည်းချက်သာဖြစ်ပါတယ်။ ထို့ကြောင့် မေတ္တာရှေ့ထားပြီး အမှားကို အမှန်ပြင်နိုင်ရန် အချိန်မရွေး နေရာမရွေး သွန်သင်ဆုံးမနိုင်ပါတယ်လို့ ဒီနေရာကတင် မေတ္တာရပ်ခံလိုက်ပါတယ်။ လိုအပ်သည်များကိုလည်း အကြံဉာဏ်ပေးနိုင်ပါတယ်။)

အားလုံးပဲ တရားစစ် တရားမှန်ဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ။

 

 ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ(၃)

 

 

မသဉ္ဇာလင်းရဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားလိုက်ပါတယ်။ ဆရာတော်၏ တရားများကို နာကြားပြီး စာပေများကို ဖတ်ရှုဖြစ်သည်ဟု သိရသောကြောင့် လွန်စွာဝမ်းမြောက်ပါတယ်။ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ(၅+၆) ထွက်နေပါပြီ။ မကြာခင်မှာ ဖတ်ရူရပါလိမ့်မည်။

            မေးခွန်း(၁) ရုပ်နာမ်ကို ငါးပုံပုံရင် ခန္ဓာငါးပါးဖြစ်ပြီး ထိုခန္ဓာငါးပါး၏ အဓိပ္ပါယ်နှင့် ထိုခန္ဓာငါးပါး၏ ဖြစ်ရခြင်း အကြောင်းကိုလည်း သိရသည့်အပြင် နောက်ထပ် နာမရူပပရိစ္ဆေဒဥာဏ်နှင့် ပစ္စယပရိဂ္ဂဟဥာဏ်ကိုပါသိရင် စူဠသောတာပန်ဖြစ်တယ်လို့ ဆရာတော် ဟောကြားခဲ့ပါတယ်။ ဤသို့ဖြစ်လျှင် ရုပ်နာမ်ကို ရှု့ပွားသူများ၊ ရုပ်နာမ်ကို တစ်ဆယ့်နှစ်ပုံပုံပြီး အာယတနကို ရှု့ပွားသူများ၊ ရုပ်နာမ်ကို လေးပုံပုံပြီး သစ္စာလေးပါးကို ရှု့ပွားသူများ၊ ပဋိစ္စသမုပ္ပါဒ်ဖြင့် ရှု့ပွားသူများသည်လည်း လိုအပ်ပါသလား။ ထိုသို့လိုအပ်လျှင် မည်သို့သိဖို့ လိုအပ်ပါသနည်း။

            အဖြေ(၁) လိုအပ်ပါသည်။ ရုပ်နာမ်၊ ခန္ဓာ၊ အာယတဓန၊ ဓါတ်၊ ပဋိစသမုပ္ပါဒ်၊ သစ္စာတို့ကို အကျယ်သိလိုလျှင် ပခုက္ကူဝိပဿနာတရားခွေ တစ်နှစ်စာကို နာယူပါ။ ဆရာတော်လေ့လာခဲ့သော ၀ိပဿနာ ကျင့်စဉ်(၁၁)နည်းတွင် ဆရာကြီးဦးကြင်ရွှေ ဟောကြားသော ပခုက္ကူဝိပဿနာ တရားခွေများတွင်သာ ဖော်ပြပါ အကြောင်းအရာများကို အကျယ်ဟောထားကြောင်းတွေ့ရသည်။

            အမှန်အားဖြင့် တရားတစ်ခုကို သဘောပေါက်လျှင် မဂ်ဖိုလ်ရနိုင်သည်သာဖြစ်သည်။ အချိန်ရလျှင်ကား တရားအားလုံးကို နာကြားသင့်သည်။ မိမိသည် ခန္ဓာ၊ အာယတန၊ ဓါတ် မည်သည့် တရားဖြင့် မဂ်ဖိုလ်ရမည်ဆိုသည်ကို ယခုခေတ်တွင် သိဖို့မလွယ်သောကြောင့်ဖြစ်သည်။ နာကြားကြည့်လိုက်၍ ရှင်းလင်းစွာ နားလည်သွားသည်ဆိုလျှင် မိမိနှင့် ကိုက်ညီသော တရားဟု ဆုံးဖြတ်နိုင်သည်။

            ဝေနေယျတစ်ယောက်ပါရမီ ရင့်ကျက်မှုရှိ မရှိ ထိုးထွင်းသိမြင်သော ဥာဏ်ကို ဣနြေ္ဒိယ ပရော ပရိယတ္တိဥာဏ်ဟု ခေါ်သည်။ ခန္ဓာ၊ အာယတန၊ ဓါတ်၊ မည်သည့်နာမည်ဖြင့်ဟောမှ မဂ်ဖိုလ်ရမည်ဟု ပိုင်းခြားသိသောဥာဏ်ကို အာသယနုသယ ဥာဏ်ဟုခေါ်သည်။

            ထိုဥာဏ်နှစ်ပါးသည် ဘုရားရှင်မှတစ်ပါး မည်သည့် ပုဂ္ဂိုလ်ထံမှ မရှိပေ။ ဘုရားရှင်ပြီးလျှင် ဥာဏ်ပညာအကြီးမားဆုံး အရှင်သာရိပုတ္တရာသည်ပင် ရဟန်းပျိုတစ်ပါးကို အသုဘ ကမ္မဌာန်းကြီး မှားပေးမိသဖြင့် ၀ါကျွတ်သည့်အထိ မည်သည့် တရားမှ မရဘဲ ရောဂါရပြီး ပိန်လှီချိနဲ့ သွားခဲ့ဖူးသည်။

            ဘုရားရှင်သိသွားသောအခါ ထိုရဟန်းပျိုသည် ရွှေပန်းထိမ်သည်ဘ၀ကလာသောကြောင့် နူးညံ့သိမ့်မွေ့သောနည်းဖြင့် တရားပြလိုက်ရာ ရက်အနည်းငယ်အတွင်း ရဟန္တာဖြစ်သွားသည်။ ဘုရားရှင်ပေးလိုက်သောနည်းမှာ လှပသောကြာပွင့်ပြီး တစ်ပွင့်ကို စိုက်ကြည့်ခိုင်းခြင်းဖြစ်သည်။

            တဖြေးဖြေး ပွင့်ဖတ်များ ခြောက်ပြီး ကြွေကျလာပုံကို ဖန်ဆင်းပြသောအခါ ဗဟိဒ္ဓရှိ ပစ္စည်းများ၏ အနိစ္စ ရဟန်းပျိုသတိထားမိသွားသည်။ ထိုအခါကျမှ အဇ္ဈတ္တ ပရမတ် ခန္ဓာ၏ မမြဲမှု့ကို ဟောကြားပေးလိုက်ရာ ချက်ခြင်း ရဟန်းကိစ္စပြီးသွားခြင်းဖြစ်သည်။

            ယခုခေတ်တွင် ရိပ်သာတွေ များပါလျှက်၊ ကျင့်သူတွေများပါလျှက် မဂ်ဖိုလ်ရသူနည်းနေခြင်းမှာ တရားပေးသူများမှာ ဖော်ပြပါ ဥာဏ်နှစ်ပါးမရှိသည့်အတွက် မှန်းဟောကြရသောကြောင့် ဖြစသည်။ ထို့ကြောင့် ဆရားကြီးဦးကြင်ရွှေက ပိဋကတ်သုံးပုံထဲမှ မဂ်ဖိုလ်ရမည့်တရားအားလုံးကို ကုန်စင်အောင် ဟောကြားပေးခြင်း ဖြစ်သည်။

            လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ စာအုပ်တွင် ဆရာကြီး ဟောသည့်တရားစဉ်အတိုင်း အကျယ်ရေးသားဖို့ ဆုံးဖြတ်ထားပါသည်။ စောင့်မျှော် ဖတ်ရှုပါလော့။

 

            မေးခွန်း(၂) အရှင်ဘုရား.. တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၊ သစ်ညီနောင် ဓမ္မရိပ်သာကျောင်း၌ သစ္စာလေးပါး ဟောကြားချက်မှာ အနာဂါမ်နှင့် ရဟန္တာတို့၏ အမေးအဖြေများ၊ ဆရာတော်၏ ဘယ်စာအုပ်မှာ ရေးထားပါသလဲဘုရား၊ အဲ့ဒီ့ တရားထဲမှာ တပည့်တော်မ သိချင်တာတစ်ခုရှိပါတယ် ဘုရား။

`          ရဟန္တာသည် ကိုယ့်အသက်ကို မငဲ့ဘဲ သတ္တ၀ါတွေရဲ့ အသက်အတွက် ကိုယ့်အသက်ကို စတေးခံနိုင်တယ်လို့ ဥပမာအနေဖြင့် ဦးသုခရိုက်သော ရုပ်ရှင်ကားမှာ ရဟန္တာသည် ကြိုးကြာအသက်ကို ငဲ့ကွက်သည့်အတွက် ကြိုးကြာက ပတ္တမြား မျိုလိုက်တာကို ကျောက်သွေးသမားကို မပြောဘဲ ထိုကျောက်သွေးသမား၏ ရိုက်နှက်မှုကို ခံခဲ့ရပါတယ်။ တပည့်တော်မ သိချင်သည်မှာ ကြိုးကြာငှက် အသက်ကို ငဲ့ကွက်ခဲ့ပေမယ့် ကျောက်သွေားသမားဟာ ငရဲကြီးပြီး အ၀ီစိထိကျမယ့် အချက်ကို ထည့်မတွက်ဘူးလားလို့ သိချင်ပါတယ်ဘုရား။

            အဖြေ(၂) အနာဂါမ်အမေး၊ ရဟန္တာ အဖြေစာအုပ် မရေးရသေးပါ။ ရေးရန်စီစဉ်ဆဲ ဖြစ်သည်။ လောလေဆယ် ဖတ်လိုလျှင် သီတဂူဆရာတော်ဘုရားကြီး နှင့် မဟာစည်ဆရာတော် ဘုရားကြီးတို့ ဟောထားသော စူဠဝေဒလ္လသုတ္တန် တရားစာအုပ်တို့ကို ဖတ်နိုင်ပါသည်။( မိုးကုတ်ဆရာတော် _ စူဠဝေဒလ္လသုတ်-၀ိသာခနှင့် ဓမ္မဒိန္နာအမေးအဖြေများ )

            ဒုတိယမေးခွန်း၏ အဖြေမှာ တိုက်ရိုက် ဟောကြားချက် မရှိသောကြောင့် သဘာဝကိုကြည့်၍ အဖြေပေးပါမည်။ မထေရ်သည် ဒကာကသူ့ကို ရိုက်နှက်သည်အထိ ဖြစ်မလာနိုင်ဟု ယူဆထားဟန်တူသည်။ နှစ်ပေါင်းများစွာ လေးစားကြည်ညိုလာသော ဆွမ်းဒကာတစ်ယောက်က သူကိုးကွယ်သော ရဟန်းတစ်ပါးကို ရက်စက်စွာ ရိုက်နှက်မည်ဟု မထင်သည်မှာ ဖြစ်နိုင်ပါသည်။

            ထို့ကြောင့်သာ ပတ္တမြားကို ကြိုးကြာမျိုကြောင်း မပြောခဲ့ဟန် တူပါသည်။ ကျားတို့၊ စစ်တုရင်တို့ ကစားသသောအခါ ကိုယ်တိုင် ကစားနေသူနှစ်ယောက်ထက် ဘေးမှ ကြည့်နေသူက အကွက်ပို၍မြင်ရသည်။ ထို့ကြောင့် ကစားခါနီးလျှင် ဘေးမပြောကြေး ဟု ဂတိထားခြင်း ဖြစ်သည်။

            ယခုကိစ္စတွင်လည်း ဆိုးဝါးသော လောကဓံကို လက်တွေ့ရင်ဆိုင်နေရသော မထေရ်သည်- မသဉ္ဇာလင်းတို့လို ဘေးမှရပ်ကြည့်သူလောက် နက်နဲစွာတွေးကြည့်ချိန် မရပါ။ ထို့ကြောင့် သူလက်တွေ့ဘေးကြုံနေရသော ကြိုးကြာအသက် ကို မိမိအသက်နှင့်လဲပြီး ကယ်ခဲ့ခြင်းဖြစ်နိုင်သည်။ အင်္ဂလိပ်များ မြန်မာပြည်ကို လာတိုက်စဉ်က သဘောင်္ပေါ်တွင် နွားများကို အရှင်လိုက်တင်လာကြသည်။

            ရိက္ခာလိုသော နေရာတွင်ကျမှ သတ်စားကြသည်။ မြန်မာပြည်ကို ၎င်းတို့အုပ်ချုပ်သောအခါတွင်လည်း သားသတ်လိုက်စင်များ ချပေးပြီး နွားများ၊ ကျွဲများကို စိတ်ကြိုက်သတ်ဖြတ်စားကြသည်။ မြန်မာများသည် ဗုဒ္ဓဘာသာများ ဖြစ်သောကြောင့် ဗုဒ္ဓစကားကို နားထောင်ကြသည်။ ဗုဒ္ဓက ကျေးဇူးရှင် ကျွဲသား နွားသားတို့ကို မစားသင့်ကြောင်း၊ မိဘတို့၏ အသားနှင့်တူကြောင်း၊ အဂုင်္တ္တိုရ် ပါဠိတော်၊ တိကနိပါတ်တွင် ဟောကြားခဲ့သည်။ ထိုသုတ်မှာပင် ဆက်ဟောသည်မှာ နွားများကို သတ်မစားခင်အခါက နတ်များသည် လူများကို ဘေးမရောက်အောင်၊ ရာသီဥတု မျှတအောင်၊ ရောဂါဘယကင်းအောင် တတ်နိုင်သမျှ စောင့်ရှောက်ကြသည်။

            လူသားတို့သည် ရသတဏှာနောက်လိုက်ပြီး ကျွဲ နွားများကို သတ်ဖြတ်စားသောက်သော အခါမှစ၍ နတ်များက မစောင့်ရှောက်ကြတော့ပေ။ ထို့ကြောင့် လေဘေး၊ ရေဘေးများကျရောက်ခြင်း၊ အနာရောဂါဖြစ်ခြင်း စသောဘေးများ ကျရောက်လာခြင်းဖြစ်ကြောင်း၊ ထိုသုတ်၌ ဆက်လက် ဟောကြားထားသည်။                    

            (မှတ်ချက်) အသားစားခြင်း၏ဆိုးကျိုးများကို ကျွန်ုပ်ရေးသားသော မေတ္တာအစွမ်း အံ့မခန်းစာအုပ်တွေင် ဖတ်ရှုနိုင် ပါသည်။

            မြန်မာလူမျိုးများသည် မေတ္တ၊ ဂရုဏာ အလွန်ကြီးမားကြသည်။ ကျွဲသား၊ နွားသားများကို လူတစ်ရာလျှင် ၉၉ယောက်ခန့်က မစားပေ။ ကျွဲသား၊ နွားသားစားသူဟု သိလျှင် ရွာတွင်းမှ နှင်ထုတ်တတ်ကြသည်။ အင်္ဂလိပ်လက် အောက် ရောက်လာလျှင် ထိုအကျင့်ကောင်းကြီးပျက်မည်ကို သိသောကြောင့် မုံရွာမြို့မှ လယ်တီဆရာတော်က နွားမေတ္တာစာကို ရေးသားပြီး ကျွဲသား နွားသား မစားရန် တစ်ပြည်လုံးသို့ လှည့်လည် ဟောပြောခဲ့သည်။

            ဓနုဖြူသို့ ရောက်သောအခါ ဒကာတစ်ယောက်က ယခုလို လာလျှောက်သည်။           

            ဆရာတော်က နွားသား မစားရေးဘဲ ဟောနေတော့ ကျန်တဲ့အသားတွေတော့ ကြိုက်သလို သတ်ဖြတ်စားလို့ ဟောသလို ဖြစ်နေပါတယ်။ ဆရာတော်ရဲ့ မေတ္တာဟာ နွားတစ်မျိုးအပေါ်မှာပဲ ထားသလို ဖြစ်နေပါတယ်။

            ထိုအခါ လယ်တီဆရာတော်က

            ဒကာကို သင်ပေးလိုက်တဲ့ ဆရာတော်ကို အခုလို ပြန်လျောက်လိုက်ပါ။ လယ်တီဆရာတော်ကတော့ စာရေး၊ စာချ၊ တရားဟော၊ တရားပြနဲ့ အလုပ်တွေများနေလို့ နွားတစ်ကောင်ကိုပဲ ကယ်တင်နိုင်ပါတယ်။ အချိန်ရတဲ့ အရှင်ဘုရားတို့ ကတော့ ကျန်တဲ့ သတ္တ၀ါတွေကို ကယ်တင်ကြပါလို့ လျောက်လိုက်ပါ။

            လယ်တီဆရာတော်ရဲ့ စကားအတိုင်းပဲ။ မထေရ်မြတ်ကတော့ ကြိုးကြာတစ်ကောင်ရဲ့ အသက်ကိုပဲ ကယ်တင်နိုင်စွမ်းရှိတယ်။ မသဉ္ဇာလင်းကိုယ်တိုင် မထေရ်မြတ်ရဲ့ နေရာမျိုးသာ ရောက်ခဲ့ရင် ကြိုးကြာရော၊ ဒကာရော နှစ်ဦးစလုံးကို ကယ်နိုင်အောင်ကြိုးစားပါ။

            မေးခွန်း(၃) ဂေါတမဘုရားရှင်သည် ပါရမီပြည့်စဉ်ဘ၀တုန်းက တိရစ္ဆာန်ဘုံ ကျရောက်ခဲ့ပါတယ်။ ဘာကြောင့် ဘုရားရှင် အပါယ်သို့ ကျရောက်ရသလဲဆိုသည်ကို တပည့်တော်မ သိချင်နေတာကြာပါပြီ။ သို့သော် ဆရာတော်ရဲ့ ယုံမှတ်(၂) စာအုပ်မှာ ဘာကြောင့် ဘုရားလောင်းအပါယ်သို့ ကျခဲ့ပုံကို ရှင်းပြထားပါသည်။ တပည့်တော်မ သိထားသည်မှာ မောဟအပြစ်မှ တိရစ္ဆာန်ဘုံ ကျရောက်တယ်။ သူတစ်ပါးအသက်ကို သတ်ရင် အပါယ်ဘုံကျတယ်ဆိုတာ တပည့်တော်မ မသိခဲ့ပါ။ သူတစ်ပါးအသက်ကို သတ်ရင် မိမိလည်းတစ်ချိန်မှာ ပြန်အသတ်ခံရတယ်လို့ပဲ သိထားပါတယ်။ တပည့်တော်မ ကို ရှင်းပြပါဘုရား။

            အဖြေ(၃) သူတစ်ပါးအသက်ကို သတ်ခြင်းကြောင့် အပါယ်လေးပါး တစ်းပါးပါးသို့ကျရောက်ခြင်းသည် အကျိုးရင်းဖြစ်သည်။ လူဖြစ်သောအခါ သူတစ်ပါးသတ်၍သေရခြင်း၊ အနာရောဂါများခြင်း စသည်တို့သည် အကျိုးများ သို့မဟုတ် အကျိုးဆက်ဖြစ်သည်။ အားကြီးသော အကုသိုလ်ကံများသည် ငရဲထိပို့တတ်ပြီး အားသေးသော အကုသိုလ်ကံ များသည် ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံသို့ ပို့တတ်သည်။

            အကုသိုလ်အလုပ် လုပ်တိုင်းပါသော ခေါင်းဆောင် စေတသိက်လေးပါးမှာ-

            (၁) မောဟ = အမှန်ကို မသိခြင်း။

            (၂) အဟိရိက = အကုသိုလ်လုပ်ရမှာ မရှက်ခြင်း။

            (၃) အနောတ္တပ္ပ = အကုသိုလ်လုပ်ရမှာ မကြောက်ခြင်း။

            (၄) ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။

            မည်သည့် ဒုစရိုက်အလုပ်ကို လုပ်လုပ် မောဟ အမြဲပါသည်စု မှတ်လေ။

 

           မေးခွန်း(၄) အဓိဋ္ဌာန်၏ အဓိကအကြောင်းကို သိချင်ပါတယ်။ တရားတော်တွေထဲမှာ အဓိဋ္ဌာန်အကြောင်း အတော်များများ ပါပါတယ်။ တပည့်တော်မ တွေ့ဖူးတာကတော့ တစ်ခုခု လိုချင်ရင် (ဒါမှမဟုတ်) အန္တရယ်ကင်းအောင် ဂုဏ်တော်တွေကို ပုတီးဘယ်နှစ်ပါတ်ရအောင် စိပ်မယ်စသည်ဖြင့် အဓိဋ္ဌာန်တယ်။ ဒါတွေဟာ ဘုရားဟောနှင့် ညီပါသလား။ ယခုလို မေးရခြင်းမှာ ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။ ယခုခေတ်လူတွေ တပည့်တော်မ အပါအ၀င် တစ်ချို့နေရာတွေမှာ ဗြဟ္မဏ အယူဝါဒတွေ ရောဝင်နေတတ်လို့ပါ ဘုရား။

          အဖြေ(၄) အဓိဋ္ဌာန်ပါရမီဟူသည် ပါရမီဆယ်ပါးတွင် ပါဝင်သော ပါရမီတစ်ပါးပင်ဖြစ်သည်။ မြင့်မြတ်သူတို့၏ အလုပ်ကို ပါရမီဟုခေါ်သည်။ ပေးကမ်းခြင်း ဒါနကို လူတိုင်းပြုလုပ်ကြသည်။ သို့သော် ဒါနပြုတိုင်း ပါရမီအမည်ရသည် မဟုတ်။ မျှော်လင့်ချက် တစ်မျိုးမျိုးဖြင့် ပေးကမ်းလျှင် ဒါနတော့အမည်ရသည်။ ပါရမီအမည်ကား မရ။ အဘယ်ကြောင့်နည်း။ သူ၏ဒါနတွင် မြင့်မြတ်မှု မပါသောကြောင့်ပင်ဖြစ်သည်။

မည်သည့်မျှော်လင့်ချက်မှ မပါဘဲ အလှူခံချမ်းသာဖို့ စိတ်သက်သက်ဖြင့် လှူဒါန်းလိုက်လျှင် ပါရမီထိုက်သော ဒါနဖြစ်သည်။ ဆရာတော်သည် နွမ်းပါးသည့် ဆေးတက္ကသိုလ်ကျောင်းသား ၁၂ယောက် အပါအ၀င် တက္ကသိုလ် ကျောင်းသားပေါင်း ၃၅ယောက်ခန့်တို့အား တစ်လလျှင် ပညာသင်စရိတ် ၂၅သိန်းခန့် လစဉ် ထောက်ပံ့လျှက်ရှိသည်။ မည်သည့် မျှော်လင့်ချက်မှ မပါ ပါ။

သူတို့ပညာတတ်ဖို့၊ ချမ်းသာဖို့သာ ရည်ရွယ်သည်။ ဤဒါနမျိုးကား ပါရမီထိုက်ပေသည်။ ပြင်ဦးလွင်မြို့၊ စိုးစံ ဘော်ဒါကျောင်းပိုင်ရှင် ဒကားကြီးသည် မြို့နယ်ဆေးရုံအတွက် ငွေကျပ်သိန်းတစ်ထောင် ဘဏ်မှာ အပ်နှံလှူဒါန်း ထားသည်။ ရရှိလာသော အတိုးငွေဖြင့် နွမ်းပါးသော လူနာတို့အား ဆေးကုသပေးမည်ဖြစ်သည်။ ဤဒါနသည်လည်း ပါရမီထိုက်သော ဒါနပင်ဖြစ်သည်။

ဘာသာရေး တစ်ခုခုလုပ်သောအခါ ဘယ၊ လာဘ၊ ကုလစာရ တစ်ခုခုပါလျှင် ပါရမီမထိုက်ပေ။ ကြောက်စိတ် ကြောင့်သော်လည်းကောင်း၊ လိုချင်စိတ်ကြောင့်သော်လည်းကောင်း၊ ဆွေမျိုးတို့၏ အလေ့အကျင့်ကြောင့်သော် လည်း ကောင်း ပြုလုပ်သောကုသိုလ်မှန်သမျှ ပါရမီမထိုက်ပေ။ ဘုရားကို ကြည်ညိုသည် မဟုတ်ဘဲ၊ တစ်စုံတစ်ရာကို လိုချင်၍သော်လည်းကောင်း၊ အကြောက်တရား တစ်ခုခုကြောင့်သော်လည်းကောင်း၊ ဂုဏ်တော်ပွားခြင်း စသည်ကို ပြုခြင်းမျိုးအတွက် ပါရမီ အမည်မရပေ။

စပြီး ပုတီးစိပ်စဉ်က ပါရမီမထိုက်တော့ရာ ဘယ်နှစ်ပတ်ရအောင် စိပ်မည်စသည်ဖြင့် အဓိဋ္ဌာန်ခြင်းသည်လည်း ပါရမီမထိုက်သော အဓိဋ္ဌာန် မဖြစ်နိုင်တော့ချေ။ ပါရမီဆယ်ပါး ဖြည့်ဆည်းပုံ အကျယ်ကို ဆရာတော်ရေးသားသော အရှုံးမရှိသော ဒဿန အမည်ရှိသော စာအုပ်တွင်ဖတ်ပါ။ ယခုပါရမီဆယ်ပါးကို အကျဉ်း ဖော်ပြလိုက်ပါသည်။       

၁။ ဒါနပါရမီ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။

၂။ သီလပါရမီ = ကိုယ်နှင့်နှုတ်ကို ထိန်းသိမ်းခြင်း။

၃။ နိက္ခမပါရမီ = မျှော်လင့်ချက်မှ ထွက်မြောက်ခြင်း။

၎။ ပညာပါရမီ = အသိဥာဏ်ကြီးထွားရန် ကြိုးစားခြင်း။

၅။ ၀ီရိယပါရမီ = ကုသိုလ်ပြုရန် အားထုတ်ခြင်း။

၆။ ခန္တီပါရမီ = အဖျက်အဆီးနှင့် ကြုံသောအခါ ကုသိုလ်အလုပ်ကို ဆက်လုပ်နိုင်ရန် သည်းခံခြင်း။

၇။ သစ္စာပါရမီ = မှန်တာကိုသာပြောခြင်း။

၈။ အဓိဋ္ဌာန်ပါရမီ = ကုသိုလ်ကို ဖြစ်မြောက်အောင် ပြီးဆုံးအောင် ပြုလုပ်ရန် ဆုံးဖြတ်ခြင်း။

၉။ မေတ္တာပါရမီ = သတ္တ၀ါမှန်သမျှကို ချမ်းသာစေလိုခြင်း။

၁၀။ ဥပေက္ခာပါရမီ = အကောင်းလောကဓံနှင့် ကြုံသောအခါ လောဘမဖြစ်ဘဲ၊ အဆိုးလောကဓံနှင့် ကြုံသော အခါ ဒေါသမဖြစ်ဘဲ အလယ်အလတ်၌ တည်ငြိမ်စွာ ထားနိုင်ခြင်း။

 

           မေးခွန်း(၅) ကမ္ဘာပျက်တာနဲ့ ပတ်သတ်ပြီး တပည့်တော်မ သိချင်ပါတယ်ဘုရား။ ယခုကမ္ဘာဟာ  ဘဒ္ဒကမ္ဘာလို့ ဆိုပါတယ်။ သို့သော်လည်း ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေ ပွင့်ခဲ့တယ်ဆိုတဲ့အဆိုက ဘယ်လိုမျိုးများကို ဆိုလိုတာလည်း ဘုရား၊ ကမ္ဘာပျက်တာက ဘယ်လိုမျိုးဖြစ်တာလည်းဘုရား။ ဘာကြောင့် ကမ္ဘာပျက်ရတယ်ဆိုတာကိုလည်း သိချင်ပါတယ် ဘုရား။

            အဖြေ(၅) ကမ္ဘာပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာပေါင်းများစွာ ပျက်ခဲ့ပါတယ်။ ရေတွက်လို့ မရပါ။ ကမ္ဘာဟာ ရေတွက်လို့ မရသလို သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀ဟာလည်း ရေတွက်လို့မရအောင် များပြားလှပါတယ်။ ဗုဒ္ဓလက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံးထဲက ဂုဇ္ဈကုဋ်တာင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုတ်ဖို့ သားဖြစ်သူကို ပြတယ်။

            ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့ နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀တွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာကို ပြပါတယ်။

ဥပသာလက နာမာနိ၊

သဟဿနိ စတုဒ္ဒသ။

အသ္မိံပဒေသေ ဒဂနိ

နတ္တိလောကေ အနာမတံ။

ပုဏ္ဏားကြီး သင်ယခုညွှန်ပြသော နေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်းကောင်ပေါင်း တစ်သောင်း လေးထောင်တိတိ မီးသဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေအပြင်၌လူသေကောင်ပုတ် မမြုတ်ဖူးသောနေရာ ဟူ၍ မရှိပေ။

            တောင်ပေါ်က သုံးပေခြောက်ပေနေရာ ကွက်လပ်လေးမှာတောင် အလောင်းကောင်ပေါင်း ဥပသာလကအမည် တစ်ခုတည်းနဲ့တင် တစ်သောင်းလေးထောင် မြုတ်နှံပြီးသွားပြီဆိုတော့ တခြားနာမည်နဲ့၊ တခြားမြေပြန့်နေရာတွေမှာ ဘယ်လောက်ထိ သေခဲ့မြှပ်နှံခဲ့မယ်ဆိုတာ သတိသံဝေဂ ယူသင့်ပါတယ်။

ဘုရားတွေ ပွင့်တယ်ဆိုတာ သူ့ကမ္ဘာနဲ့သူ ပွင့်တာကို ပြောတာပါ။ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်ပြီး မပြီးမချင်း၊ ကမ္ဘာက မပျက်ပါဘူး။ ကမ္ဘာပျက်ပုံရယ် ဘာကြောင့် ပျက်ရတယ်ဆိုတာရယ်ကိုပေါင်းပြီး ဖြေပါမယ်။ ကမ္ဘာဟာ မီးဖျက်တဲ့ ကမ္ဘာ၊ ရေဖျက်တဲ့ ကမ္ဘာ၊ လေဖျက်တဲ့ ကမ္ဘာလို့ သုံးမျိုးရှိပါတယ်။

လိုချင်တဲ့ လောဘဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီး အငတ်ဘေးဆိုက်တယ်၊ လောဘဓါတ်ဟာ ဒီထက်ပို၍ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီးပျက်စီးသွားရတယ်။ ကမ္ဘာဖျက်မီးလောင်ရင် မြေကြီးပါ မကျန်အောင် လောင်ကျွမ်းတဲ့အတွက် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မဘုံ နှစ်ဆယ်ထဲက ပထမဈာန် ဗြဟ္မဘုံ ၃ဘုံ ပါသွားတယ်။

စိတ်ဆိုးတဲ့ အမျက်ထွက်တဲ့၊ ရန်ငြိုးဖွဲ့တဲ့ ဒေါသဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီးက လက်နက်ဘေး(စစ်ပွဲဘေး) ဆိုက်တယ်၊ စစ်ပွဲမှန်သမျှဟာ ဒေါသကြောင့် ဖြစ်ရတာချည်းပါ။ ဒီထက် ဒေါသဓါတ်တွေများလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ ရေတွေလွှမ်းမိုးပြီး ပျက်စီးသွားရတယ်။ ရေကြောင့် ကမ္ဘာပျက်ပြီ ဆိုရင် အပ္ပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန် ဗြဟ္မဘုံ၃ဘုံ နှင့် ဒုတိယဈာန် ဗြဟ္မဘုံ ၃ဘုံ ပျက်စီးသွားပါတယ်။

            အမှန်ကိုမသိတဲ့၊ တွေဝေတဲ့ မောဟဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီး ဟာ ရောဂါဘေးဆိုက်တယ်။ အေအိုင်ဒီအက်(စ်)တို့၊ ဆားစ်ရောဂါတို့၊ ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေးရောဂါတွေဟာ မောဟဓါတ်ကြောင့် ဖြစ်လာတာပါ၊ ဒီ့ထက် မောဟဓါတ်တွေ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ လေတွေလွှမ်း မိုးပြီး ပျက်စီးသွားရပါတယ်။

            လေကြောင့် ကမ္ဘာပျက်ပြီဆိုရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန်ဗြဟ္မာဘုံသုံးဘုံ၊ ဒုတိယဈာန် ဗြဟ္မာဘုံသုံးဘုံ၊ တတိယဈာန်ဗြဟ္မာဘုံသုံးဘုံထိ ပျက်စိးသွားပါတယ်။ ကျန်တဲ့ဗြဟ္မာဘုံ (၁၁)ဘုံကတော့ မီး၊ ရေ၊ လေ ဘာပဲဖျက်ဖျက် မပျက်ဘဲ ကျန်ခဲ့ပါတယ်။ ကမ္ဘာလောကမှာ လူစဖြစ်တယ်ဆိုတာ အဲဒီကျန်ခဲ့တဲ့ ဗြဟ္မာဘုံ(၁၁)ဘုံက ဗြဟ္မာတွေ ဗြဟ္မာသက်ကုန်လို့သေပြီး လူ့ဘ၀ရောက်ရာကနေ စကြတာပါပဲ။

            အကျဉ်းချူပ်လိုက်ရင်တော့ ဘာကြောင့်ကမ္ဘာပျက်ရတာလဲ ဆိုရင် လူသားတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့  လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကြောင့်ပါပဲ။ ဒါကြောင့် လောဘကုန်ဖို့ အတွက်

ဒါနများများပြုပါ

ဓူတင် ဆောက်တည်ပါ

အသုဘ ဘာဝနာပွါးပါ

ဝိပဿနာတရား နာကြားရှုပွါးပါ။

ဒေါသကုန်ဖို့ အတွက်

မေတ္တာဘာဝနာအမြဲပွါးပါ။

မောဟကုန်ဖို့အတွက် ရဟန္တာဖြစ်တဲ့အထိ ၀ိပဿနာတရားကို နာကြားရှုပွါးပါ။

 

၆ – ခုမြောက် ပုစ္ဆာမဖြေမီမှာ ဒါနနဲ့ပက်သက်ပြီး အရေးကြီးသိသင့်တဲ့ ဆရာတော်ရဲ့လိုတိုရှင်း ဒဿနလေးများကို ဓမ္မလက်ဆောင် ထည့်ပေးလိုက်ပါတယ်။

            ရယူခြင်းနှင့် ပေးဆပ်ခြင်းတို့တွင် ပေးဆပ်ခြင်း၌ ပျော်မွေ့သူသည်သာ တကယ့်သူတော်ကောင်း ဖြစ်သည်။ မျှော်လင့်ချက်တစ်ခုခုဖြင့် ပေးကမ်းခြင်းကို ဒါနဟု မခေါ်သင့် အမြတ်ရဖို့ အရောင်းအ၀ယ်လုပ်ခြင်း၊ တစ်မျိုးဟုသာ ခေါ်သင့်သည်။

မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပေးကမ်းထောက်ပံမှုကိုသာ လောဘကုန်ဖို့ပြုသော ပါရမီထိုက်သည့် ဒါနဟု ဆိုသင့်သည်။

            မည်မျှ လှူပြီးပြီဟု ကြွားဝါဖို့မလို လောဘကိလေသာ မည်မျှကုန်သွားပြီဟုသာ သိဖို့ လိုသည်။

            ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျှက် ချမ်းသာအောင် စီးပွားရှာတာချင်းလည်း တူပါလျှက် လူတစ်ရာတွင် တစ်ယောက်သာချမ်းသာပြီး၊ ကျန် ၉၉ယောက်က ဆင်းရဲနေရသည်မှာ အဘယ်ကြောင့်နည်း။

            အဖြေကား – လူတစ်ရာတွင် တစ်ယောက်ခန့်သာလှူရမှု၌ ပျော်မွေ့ပြီး၊ ကျန် ၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ ခဲ့သောကြောင့် ပေတည်း။

            မျှော်လင့်ချက်တစ်ခုခုဖြင့် ပြုသောပါရမီမထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာ ကိုပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့မပို့၊ အကြောင်းကား အလှူခံကောင်းစားဖို့၊ ချမ်းသာဖို့ လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်ရွယ်ချက်ဖြင့် လှူခဲ့သောကြောင့် ဖြစ်သည်။ ငါ-ဟူသည် ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာ။ ထိုဒိဋ္ဌိ နှင့် လောဘ၀င်ရှုပ်သောကြောင့် ပါရမီ မထိုက်သောဒါနသည် နိဗ္ဗာန်သို့  မပို့နိုင်ခြင်းဖြစ်၏။

            မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပြုသောပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကိုလည်း ပေးသည်။ နိဗ္ဗာန်သို့လည်း ပို့သည်။ အကြောင်းကား ဒါနပြုစဉ်ကတည်းက ငါကောင်းစားဖို့ဟူသော ဒိဋ္ဌိနှင့် လောဘကို သတ်ပြီးသား ဖြစ်နေသောကြောင့်ပေတည်း။

            သဒ္ဒါစိတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေ အမြဲတမ်း ပိုနေတတ်သည်။ လောဘဓါတ် ကြီးမားသူ အတွက် ယူချင်စရာပစ္စည်းတွေ အမြဲတမ်း လိုနေတတ်သည်။

            အသာစံခြင်းဝါဒကို အရှင်ဒေ၀ဒတ် တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံး ပန်းတိုင်သည် အပါယ်လေးပါး၊ အသာစံခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်ကိုယ်တိုင် ယခုအခါ အ၀ီစိငရဲသို့ ကျရောက်နေပြီ ဖြစ်သည်။ အသာစံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို ဆောင်ထားခြင်း ဖြစ်သည်။

            အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင် တည်ထောင်တော်မူခဲ့သည်။ အနာခံခြင်းဝါဒ၏ နောင်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင်ကိုယ်တိုင် ယခုအခါ နိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီဖြစ်သည်။ အနာခံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို အလုပ်ဖြင့် လက်တွေ့ပယ်သတ်ခြင်း ဖြစ်သည်။

            ကမ္ဘာတွင် ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျှက် အဆင်းရဲဆုံးတွင်လည်း မြန်မာဖြစ်နေရခြင်းမှာ တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့ သည့်နေရာများတွင် အိတ်သွန်ဖါမှောက် လှူနေကြ သောကြောင့်ပင်ဖြစ်သည်။

ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင် ပျက်စီးသွားသော စာသင်ကျောင်းပေါင်း လေးထောင်ကျော်ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ ကျန်နှစ်ထောင်ကျော်ကို ပြင်ဆင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့သောနေရာတွင် မလှူဘဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင် အာဏာတည်မြဲအောင် ဟူသော ရည်ရွယ်ချက်ဖြင့် မလိုအပ်ဘဲ ဘုရားတည် နေကြခြင်းမျိုးပင်တည်း။

            မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျှက် ဒါနပြုပါလျှက် ဆင်းရဲရခြင်းအကြောင်း ၁၁ ချက်-

၁။ လိုအပ်နေသောနေရာတွင် မလှူဘဲ၊ မလိုအပ်သောနေရာတွင် စုပြုံ၍ လှူကြခြင်း။

၂။  သမ္ပဒါလေးးပါး ချို့ယွင်းခြင်း။

၃။ စီးပွါးရှာရာ၌ မေတ္တာစေတနာကို အဓိကမထားဘဲ၊ ငွေကြေးကိုသာ အဓိကထားခြင်း။

၎။ ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။

၅။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း၊ နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း၊ လောင်းကစား လုပ်ခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထိုကြောင့် ခေတ်သစ် စကားပုံတစ်ခုပေါ်နေ၏ ။ မြန်မာ ကောင်းစား တစ်မွန်းတည့်။

၆။ အချိန်တန်ဖိုး မသိခြင်း၊ ကုန်သွားသော ဥစ္စာပစ္စည်းတစ်ခုခုကို အချိန်အားဖြင့် ပြန်ရှာ၍ရသော်လည်း အလကား ကုန်သွားသော အချိန်ကို မည်သည့်ဥစ္စာပစ္စည်းနှင့်မျှ မရနိုင်သောကြောင့် လောက၌ တန်ဖိုးဖြတ်၍ မရအောင် အဖိုးတန်သောအရာကား အချိန်ပင်ဖြစ်သည်။

            စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသော အချိန်တိုလေးများကို  ပေါင်းစည်းထားခြင်းကိုပင် အသက်ဟုခေါ်၏။ ထို့ကြောင့် အချိန်ဟူသည် အသက်။ အသက်ဟူသည် အချိန်၊ အသက်တန်ဖိုးထားသူသည်  အချိန်ကို တန်ဖိုးထားရမည်။ အချိန်ကိုတန်ဖိုးထားလျှင် လူ့ဘ၀နေရသမျှ အချိန်တိုင်းမှ ဥစ္စာ၊ ကုသိုလ်၊ ပညာဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို အမြဲတမ်း ရရှိနေရမည်။ ထိုသုံးမျိုးအနက် တစ်မျိုးမှမရဘဲ အချိန်ကိုဖြုန်းသူသည် မိမိ လူ့ဘ၀ရမည့် အသက်ကို ဖြုန်းခြင်းပင်ဖြစ်သည်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း ကိုယ့်ထက်သာသူအပေါ် ၀မ်းသာလျှင် မုတိတာကုသိုလ် ဖြစ်သည်။ မနာလိုလျှင် ဣဿာအကုသိုလ် ဖြစ်သည်။ ကုသိုလ်ယူလို့ရပါလျှက်၊ အကုသိုလ်ကို ယူခြင်းသည် စိတ်ဓါတ်လူစဉ်မမီခြင်းပင် ဖြစ်သည်။

ဓမ္မပဒအဋ္ဌကထာ၌ ဆွမ်းငတ်ပြီး ပရိနိဗ္ဗာန်စံရသော လေသကတိဿ အမည်ရှိရဟန္တာတစ်ပါး အကြောင်း ပါရှိသည်။ သူသည် တစ်ခုသောဘ၀က ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခဲ့သည်။ သူ့ကျောင်းတွင် ခေတ္တလာတည်းခိုသော ရဟန္တာတစ်ပါးအပေါ် မနာလိုဝန်တိုစိတ်ဖြစ်ခါ ရဟန္တာ အတွက် ထည့်ပေးလိုက်သော ဆွမ်းနှင့်ဟင်းများကို လမ်းမှာ သွန်ပစ်ခဲ့သည်။ ထိုအကုသိုလ်ကံကြောင့် သေသောအခါ အ၀ီစိငရဲသို့ ကျရသည်။ ငရဲမှလွတ်သောအခါ ခွေးဘ၀ငါးရာ၊ ဘီလူးဘ၀ငါးရာ ဖြစ်ရသည်။ နောက်ဆုံး ယခုဘုရားလက်ထက် ရဟန္တာဖြစ်ရမည့် ဘ၀များမှပင် သူတောင်းစားရွာ၌ သွား ဖြစ်ရသည်။ ငယ်စဉ်ကတည်းက ငတ်ပြတ်ဆင်းရဲလိုက်သည်မှာ ရဟန္တာဖြစ်သည့် ဘ၀ထိဖြစ်သည်။ လောသကတိဿမထေရ်ကို ဆွမ်းလောင်းမည့် အလှည့်ရောက်လျှင် လောင်းလှူမည့် ဒကာ၊ ဒကာမတို့က သူ့အား ဆွမ်းလောင်းချင်သော်လည်း လောင်းလှူလို့  မရခြင်းဖြစ်သည်။

ထို့ ကြောင့် အသက်ငယ်ငယ်နှင့် ပရိနိဗ္ဗာန်စံခဲ့ရသည်။

မွေးမည့်မွေးလျှင် ကြက်တွေ၊ ဘဲတွေပဲ မွေးပါ။ မနာလိုစိတ်နှင့်ဝန်တိုစိတ်ကို မမွေးပါနှင့်၊ အကုသိုလ်ဖြစ်တာချင်း တူသော်လည်း ကြက်တွေဘဲတွေ မွေးခြင်းက ကြက်ဥ၊ ဘဲဥစားပြီးမှ အပါယ်ကျရသည်။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကိုမွေးခြင်းအတွက်ကား ဘာမျှမစားရဘဲ အပါယ်လေးပါးသို့ ကျရသောကြောင့်ပင်တည်း။

၈။ စာပေဗဟုသုတမရှိသောကြောင့်

၉။ ဒေသန္တရဗဟုသုတမရှိသောကြောင့်

၁၀။ ခေါင်းဆောင်စိတ်မရှိသောကြောင့်

၁၁။ ကိုယ့်အားကိုယ်ကိုးလိုစိတ်မရှိသောကြောင့်

မြန်မာ အများစုသည် မဆင်းရဲသင့်ဘဲနှင့် ဆင်းရဲနေကြရခြင်းဖြစ်သည်။

ဤ(၁၁)ချက်၏ အကြောင်းအရာအကျယ်ကိုသိလိုလျှင် ဆရာတော်ရေးသားသော “မေတ္တာဖြင့်စီးပွါးရှာခြင်း” စာအုပ်ကို ဖတ်ပါ။

          

           မေးခွန်း(၆) ဘုရားဖြစ်ဖို့၊ ဘုရား၏ လက်ယာရံ၊ လက်ဝဲရံ စသည်ဖြင့် ဖြစ်ချင်ရင် ပါရမီဘယ်နှစ်ပါးနှင့် ဘယ်လောက်ကြာကြာ ဖြည့်ကျင့်ရမည်ဟု ဟောကြားထားပါတယ်ဘုရား၊ ဒီလိုမျိုးဖြည့်မှ ဘုရားဖြစ်မယ်၊ လက်ယာရံ၊ လက်ဝဲရံဖြစ်မယ်လို့  ဘယ်လိုလုပ်ပြီးသိပါသလဲဘုရား။

          အဖြေ(၆) အပါဒါန်ပါဠိတော်၊ ထေရဂါထာ၊ ထေရီဂါထာ စသော သာဓကယုတ္တိ ဟောကြားချက်များကိုကြည့်၍ သိရသည်။ မည်သည့်နိုင်ငံသားမဆို လက်ခံနိုင်သော သဘာဝယုတ္တိကို ပြအံ့။ သီတဂူကို မြန်မာကသာမက ကမ္ဘာကပါ သိရခြင်းမှာ ဒါနပါရမီကြောင့် ဖြစ်သည်။ ဆရာတော်ကြီးသည် စစ်ကိုင်းတောင်ရိုးမှ သောင်းနှင့်ချီသော ရဟန်းများ၊ သီလရှင်များအတွက် ရေအလှူကိုပေးနေသည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ ဧရာဝတီမြစ်ထဲမှ ရေများကို စက်များဖြင့် စုပ်တင်ပေးခြင်းဖြစ်သည်။ ထို့အပြင် ရဟန်းသီလရှင် အားလုံးအတွက် သီတဂူဆေးရုံကြီးကို ဆောက်လုပ် လှူဒါန်းပေးထားသေးသည်။ ထိုမျှမက သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ပေးပြီး ကမ္ဘာ့သာသနာပြု ဆရာတော်များကို မွေးထုတ်ပေးလျှက်ရှိသည်။ 

           ထို့အပြင် မြန်မာနိုင်ငံတွင်းရှိ မြို့နယ်ဆေးရုံများသို့  ဆေးရုံသုံးပစ္စည်းများ၊ ဆေးများကို လှူဒါန်းနေသည်မှာ မြို့နယ်ဆေးရုံပေါင်း နှစ်ဆယ်နီးပါးမျှ ရှိနေပြီဖြစ်သည်။ ဆေးရုံတစ်ရုံသို့ လှူဒါန်းသောပစ္စည်းများကို မြနမာငွေဖြင့်တွက်လျှင် သိန်းနှစ်ရာကျပ် ၀န်းကျင်တွင်ရှိသည်။ ရေအလှူ၊ ဆေးအလှူ၊ ပညာဒါန အလှူသုံးမျိုးအတွက် တစ်ရက်လျှင် အနည်းဆုံး ဆယ်သိန်းဝန်းကျင်ခန့် ကုန်ကျသည်ဟု သိရသည်။ တစ်လလျှင် သိန်းပေါင်း သုံးရာကျပ်ရမှသာ လုပ်ငန်းကြီးသုံးခု လည်ပတ်နိုင်မည် ဖြစ်သောကြာင့် ဆရာတော်ကြီးသည် မနားမနေ တရားဟော ထွက်နေတော်မူသည်။  ဆရာတော်ကြီးအတွက် အိပ်ချိန်မှတစ်ပါး သီးသန့် နားချိန်ဟူ၍ မရှိပေ။ နာဂစ်ကြောင့်ဒုက္ခရောက်နေကြသော ဧရာဝတီတိုင်းမှ ရေဘေး၊ လေဘေး ဒုက္ခသည်များကို ဆရာတော်ကြီးဦးဆောင်ပြီး လှူဒါန်းသည်မှာ သိန်းပေါင်းခုနှစ်သောင်းခန့်ရှိသည်။ မေးခွန်းဖြေသူ ဆရာတော်ကား သိန်းတစ်ထောင်ခန့်ကိုပင် မနည်းရှာပြီး လှူခဲ့ရသည်။

       သီတဂူဆရာတော်ဟူ၍ ကမ္ဘာအထိ ကျော်ကြားထင်ရှားသည်မှာ ဤဒါနပါရမီကြောင့် ဖြစ်သည်။ အနာဂါတ်ဟူသည် တစ်သီးတခြားမဟုတ်၊ ဤပစ္စုပ္ပန်သည်ပင် နောင်တစ်ချိန်အနာဂါတ်ဟူ၍ ဖြစ်လာရခြင်းပင်။ သီတဂူဆရာတော်ဟူ၍ ဖြစ်လာအောင် ဒါန၊သီလ၊ စသောပါရမီများကို ဖြည့်ဆည်းရသကဲ့သို့ လက်ယာရံ၊ လက်ဝဲရံဟူ၍ ဖြစ်လာအောင်ထိုကဲ့သို့ ဖြည့်ဆည်းရမည်သာ ဖြစ်ကြောင်း၊ သဘ၀ယုတ္တိကို ထောက်ကြည့် သိနိုင်ပါသည်။

မကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ ကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ ဒေါသဓါတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို ရှာကြည့်လျှင် အကုသိုလ်လည်းဖြစ်သည်၊ စိတ်လည်းဆင်းရဲသည၊် အရုပ်လည်းဆိုးသည်၊ စီပွါးလည်း ပျက်သည်၊ အပါယ်သို့ ကျသည်၊ မေတ္တာဓါတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကိုရှာကြည့်လျှင် ကုသိုလ်လည်း ဖြစ်သည် စိတ်လည်းချမ်းသာသည် ရုပ်လည်းလှသည် စီးပွါးလည်းတက်သည် နိဗ္ဗာန်သို့ လည်းရောက်သည်။

မသဉ္ဇာလင်း – စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ

အရှင်ဇ၀န မေတ္တာရှင်-(ရွေပြည်သာ)

This entry was posted in အတွေးအမြင်များ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s