ကရုဏာကို ခန်းခြောက်စေသူများ

၁၉၉၉ ခုနှစ် ဇူလိုင်လ၏ တစ်ခုသောရက် ဖွဲဖွဲရွာနေသော မိုးစက်များကြားမှ အမျိုးသမီးနှစ်ဦး ထီးတစ်ချောင်ကို မလုံ့တလုံဆောင်းရင်းဖြင့် ကျောင်းဝိုင်းအတွင်းသို့ ၀င်လာကြသည်။ တစ်ဦးက အသက် ၅၀ နှစ် ၊ တစ်ခု က (၁၄) နှစ်ခန့်ဖို့ သားအမိနှစ်ဦးပင် ဖြစ်ဟန်တူပါသည်။
ကျောင်းအပေါ်ထပ်တွင် ဂုဏ်တော်ပုတီးစိတ်ရင်း လမ်းလျှောက်နေခိုက်မို့ မိမိကအရင်ဦးစွာမြင်လိုက်ရခြင်းဖြစ်သည်။ တစ်ခါမှတော့ မတွေ့ဘူး ဘူး။ ဘယ်အရပ်များကပါလိမ့်ဟု တွေးတေားနေစဉ်မှာပင် အောက်ထပ်မှ –

“အပေါ်မှာ ဆ၇ာတော်ရှိပါသလား ဘုရား”
“ရှိပါတယ် ဒါယိကာမကြီး ” ဟူသော အသံနှင့် မရှေးမနှောင်းမှာပင် သားအမိနှစ်ဦး ကျောင်းပေါ်ရောက်လာကြသည်။ အသင့်ထိုင်စောင့်နေသော စာရေးသူကို

မြင်လိုက်သည်နှင့် နှစ်ဦးသား ကပျာကယာဦးချပြီး အမျိုးသမီးကြီးက အရင်ကကျွမ်းဝင် ရင်းနှီးခဲ့ဟန်လေသံဖြင့် –

“ဆရာတော် ကျန်းမာရေးကောင်းရဲ့လား ဘုရား”

“ကောင်းပါတယ်။ ဒါနဲ့ ဒါယိကာမကြီးတို့ ဘယ်မှာနေတာလဲ”
“သြော် ဆရာတော် မမှတ်မိတော့လို့ဘုရား – တပည့်တော်တို့က အရင်က (၈)ရပ်ကွက်မှာ နေတာဘုရား။ ဆရာတော်ဟောတဲ့တရားလဲ မကြာခဏနာနေရတာပဲ ဘုရား။ အခုတော် ဒါယကာကြီးလည်းဆုံးသွားတော့ ရွှေပြည်သာဆက်နေတော့ဘဲ မှော်ဘီက အသိတစ်ယောက်ခြံထဲမှာ သားသမိသုံးယောက် တဲထိုးနေရတယ် ဘုရား။”
“အခု ဦးပဉ္စင်းကျောင်း ၀င်လာတာက ဘာအကူအညီလိုလို့လဲ။”
“ရွှေပြည်သာက သူငယ်ချင်းတစ်ယောက် ဟောဒီသမီးလေးကို စက်မှုဒေသ အထည်ချုပ်တစ်ခုမှာ အလုပ်သွင်းပေးမယ် ခေါ်ခဲ့လို့ပြောတာနဲ့ လာခဲ့ကြတာ။ မနက်ကတည်းကပါကဲ ဘုရား။ အခုဒီသူငယ်ချင်းကိုရှာလိုက်တာ ညနေသာစောင်းသွားတယ် မတွေ့ဘူးဘုရား။ ဘေးဘီကိုမေးကြည့်တော့ ပြောင်းသွားကြပြီးလို့ပြောတယ်ဘုရား။ အဲ့ဒါ တစ်နေကုန်ဆိုတော့ လမ်းစရိတ်ထားတဲ့နွေလေးပါ ထမင်းဝယ်စားလိုက်ရလို့ မှောဘီပြန်ဖို့ “လမ်းစိရိတ်တောင်မရှိဘူး ဖြစ်သွားတယ် ဘုရား။
“သြော် ဒီလောက်ကတော့ ကူညီရမှာပေါ့ လမ်းစရိတ်က ဘယ်လောက်များ ကုန်မှာတုန်း”
“၁၅၀ လောက်ပါပဲ ဘုရား။”
“ရ ရပါစေ့မယ် မပူပါနဲ့။”

ဧည့်ခံစကားသာပြောနေရသည်၊ ကိုယ်က သု့ကိုတစ်ခါမှ မြင်ဘူးသည်မဟုတ်။ သို့သော ညတရားပွဲဟောနေသော ဘုန်းကြီးတစ်ပါးဖြစ်ခြင်းကြောင့် ကိုယ်ကသူ့ကိုမသိသော်လည်း သူကကိုယ့်ကို သိနေနိုင်သည်သာဖြစ်ခြင်းကြောင်း ဘယ်လိုမှ မငြင်းဆန်သာ။

ကလေးမလေး၏ သနားကမားမျက်နှာ။ မျက်လုံးပြူးပြူး၊ မျက်တွင်းဟောက်ပက်ပက်၊ ပိန်ပိန်ရှည်ရှည်နှင့် နွမ်းရိစွာဝတ်စားထားသော အမျိုးသမီးကြီ။ သူတို့၏ သဏ္ဍန်ကာ စာရေးသူ၏ရင်တွင်း၌ ကရုဏာတရားတို့ကို တဖွားဖွားပေါ်လာအောင် နှိုးဆွပေးသလို ဖြစ်နေသည်။
သို့အတွက် တောင်းသည်က (၁၅၀) စာရေးသူထုတ်ယူလာမိသည်က (၃၀၀) ငွေပေးသည်နှင့် အမျိုးသမီးကြီးက ဟောင်းလောင်းဖြစ်နေသော သူမ၏ ပိုက်ဆံအိတ်ကလေးကို ဖွင့်၍ ၀မ်းသာအားရ ထိုးထည့်နေသူကို စာရေးသူက ကြည်နူးချမ်းမြေ့စွာ ကြည့်နေမိသည်။ မျက်ရည်မကျခင် သိစေချင် စာအုပ်မှ (၁၀)တန်းကျောင်းသူမိန်းကလေးအား သွေးကိုသာမက တ၇ားအလှူကိုပါ ပေးနိုင်ခဲ့သလို၊ ဤသားသမိကိုလည်း ၀တ္တုငွေအလှူသာမက တရားအလှူပါ ပေးလှူအံ့ ဟူသောအတွေးဖြင့် –

“ဒါယိကာမကြီး အချိန်လည်း နည်းနည်းစောပါသေးတယ်။ အခုဦးပဉ္စင်းပေးလိုက်တဲ့ငွေက ဒါယိကာမကြီးတစ်နပ်စာပဲ သုံးရမယ်။ ဒါယိကာမကြီး ဘ၀သံသရာတစ်လျှောက်လုံး ချမ်းသာစေမယ့် နည်းလမ်းအကျဉ်းလေးကိုလည်း ပေးလိုက်ပါရစေ၊ ငါးမိနစ်ယောက် ခဏနားထောင်ပါ”
“မှန်ပါ အမိန့်ရှိပါဘုရား ငွေသုံးရာယူထား၍ အားနာသောကြောင့်လားမသိ၊ သားအမိနှစ်ယောက်စုံးသေချာနားစွင့်ထားဟန်ဖြင့် အာရုံပြုနေကြသည်။”

(စစ်ကိုင်းတိုင်း ကသာခရိုင် မိုးတားမြို့ က တကယ့်ဖြစ်ရပ်အမှန်ကို ဟောကြားထားပါတယ်။ အကျယ်ကို စာအုပ်တွင် ဖတ်ရှုပါ။ အကျဉ်းအားဖြင့် အလွန်ဆင်းရဲလွန်းသော မိန်းကလေးသည် ဧရာဝတီမြစ်ရေမှ ရေကိုခပ်၍ မြတ်စွာဘုရားကို သက်တော်ထင်ရှားရှိနေသကဲ့သို့ ကပ်လှူခဲ့ဘူးသော်ကြောင့် ထိုမိန်းကလေး သေလွန်သော် ချမ်းသာကြွယ်ဝသော မိန်းကလေး ဖြစ်ခဲ့ခြင်းကို ဟောထားခြင်းဖြစ်ပါတယ်။)

“အခုလည်း ဒါယိကာမကြီးတို့သားအမိ ပြန်ရောက်တဲ့အခါ မြတ်စွာဘုရားကို မိမိရေသောက်တိုင်း သောက်တော်ရေကပ်ပါ။ မိမိတို့စားရတဲ့ ထမင်းဟင်းကို ဆွမ်းတော်ကပ်ပါ။ ကဲကဲသွားကြပေတော့”
ထို သားအမိဆင်းသွားသည်နှင့် ဆုတောင်းမိပါသည်။ ဒီသားအမိ၊ ခုဘ၀ရော နောင်ဘ၀ပါ ချမ်းသာကြပါစေ ဟူ၍။ ဇာတ်လမ်းကာ ထိုမျှနှင့် မပြီး။

နောက်နှစ်ရက်ကြာသောအခါ ထိုသားအမိ တစ်ခေါက်တပ်ရောက်လာကြပြန်သည်။

“ဟင် ဒါယိကာမကြီးတို့ ဘာအကူအညီလိုပြန်ပြီလဲ။”
“ပြော၇မှာလဲ အားနာပါတယ် ဘုရား။ သမီးအလုပ်က မှတ်ပုံတင်လိုတယ်ဘုရား။ အဲဒါအသက်ကလည်း မပြည့်သေးတော့ မှတ်ပုံတင်က လုပ်လို့မရဘူးဘုရား။ ရဲစခန်းနဲ့ ရ၀တ ထောက်ခံစာလုပ်ရမယ်ဆိုလို့ သွားလုပ်လိုက်တာ ငွေမလောက်တာနဲ့ တပည့်တော်မှတ်ပုံတင်ကို အပေါင်ထားပြီး ငွေချေးခဲ့ရတယ်ဘုရား။ အဲဒါ တပည့်တော် မှတ်ပုံတင်လေး ပြန်ရွေးဖို့ ငွေလိုနေပါတယ် ဘုရား။”
“ဘယ်လောက်လိုသလဲ ဒါယိကာမကြီး”
“နှစ်ရတည်းပါ ဘုရား။”
“ကဲ ရော့ ရော့ ယူသွား”
“ကျေးဇူးပါပဲ ဘုရား။ “

ထိုသားအမိထွက်သွားကြပြန်လေပြီ။ ဒီတစ်ခါတော့ နောက်ဆုံးဖြစ်ပါစေ ဟု ဆုတောင်မိသည်။

သို့သော် ဆုတောင်းကမပြည့် နောက်သုံးရက်အကြာမှာ ရောက်လာပြန်သည်။ ဒီတစ်ခေါတော့် သူ့သမီးလေး ပါမလာ။

“ဆရာတော် တပည့်တော်ကို ကူညီပါဦး ဘုရား။ တပည့်တော် မှော်ဘီမှာ ဖောက်သည်ယူပြီး ဘုရားပန်းရောင်းချင်တာ အရင်းအနှီးမရှိဘူး ဖြစ်နေတယ် ဘုရား။ အဲဒါ ဆရာတော်အနေနဲ့ ဖြစ်နိုင်လျှင် ငွေသုံးထောင်လောက် ချေးပါဘုရား။ တပည့်တော် လစဉ် ဖဲ့ဆပ်သွားပါ့မယ် ဘုရား။”
“ဟာ -ငွေချေးလို့ မဖြစ်ဘူး ဒါယိကာမကြီး။ ဦးပဉ္စင်းက တစ်ခါသေဘူး ပျဉ်ဖိုးနာလည် မဟုတ်ဘူး။ ဆယ်ခါသေဘူး ပျဉ်ဖိုးနာလည် ဖြစ်နေပြီ။”

စာရေးသူစကားကို နားမလည်ဟန်ဖြင့် ထိုအမျိုးသမီးက မော့ကြည့်နေသဖြင့် –

ဒီလိုပါ ဒါယိကာမကြီးရဲ့။ ကချင်ပုံပြင်လေးတစ်ပုဒ်ရှိတယ် တစ်ခါတော့ သူကြီးကရွာသားတွေကို ခေါင်ရည်သောက်ပွဲကျင်းပဖို့အတွက် တစ်အိမ်ကို ခေါင်ရည်တစ်အိုးယူဖို့ မှာလိုက်တယ်။ ကျင်းပမယ်နေ့ကျတော့ မဏ္ဏအလယ်မှာ အသင့်တည်ထားတဲ့ စဥ့်အိုးကြီးထဲကို မိမိတို့ယူလာတဲ့ခေါင်ရည်ကို လောင်းထည့်ရတာကိုး။
အဲဒီအချိန်မှာ ရွာသားတစ်ယောက်က အတ္တဆန်ဆန် ကလိန်ကကျစ် ဉာဏ်နဲ့တွေးသတဲ့။ ဒီတစ်ရွာလုံးက ခေါင်ရည်အိုးတွေ လာထည့်နေကြတာပဲ။ ငါတစ်ယောက်တည်း ရေထည့်ရုံနဲ့ ဘာမှမဖြစ်နိုင်ပါဘူးလို့ တွေးသလို၊ တခြားရွာသားတွေအားလုံးလည်း အဲ့ဒီလိုပဲ တွေးခဲ့ကြတယ်။
အားလုံးအကြံတူနေတော့ စဥ့်အိုးထဲထည့်သမျှအားလုံး ရေချည်းပဲ ဖြစ်နေတော့တာပေါ့။

“အခုလဲ ဒီအတိုင်းပဲ ဒကာ ဒကာမတွေဟာ ငါတို့တစ်ယောက်လောက်ငွေလေးချေးရုံနဲ့ ဆရာတော်မှာ ဘာမှဖြစ်မလောက်ပါဘူး ဆိုပြီး လာချေးကြတာပဲ။
ဒါပေမယ့် တခြား ဒကာ ဒကာမတွေဟာလည်း အဲသလိုပဲတွေးပြီး လာလာချေးကြတော့ ဦးပဉ္စင်း မှာ အရေးပေါ်ကိစ္စရှိရင် သုံးဖို့ထားတဲ့ ငွေလေးတစ်သောင်း နှစ်သောင်းကလွဲပြီး ဘာမှကိုမရှိတော့ဘူး။ ချေးလို့ပြန်မရတဲ့ငွေတွေအတွက် လိုက်မယ်ဆိုရင် နှစ်သိန်းတောင် မကတော့ဘူး။
ဦးပဉ္စင်း တို့ ဘုန်းကြီးတွေမှာ ပိုက်ဆံချေးရင် အရင်းနဲ့ အရှုံးပဲ ရှိတယ် အမြတ်ဆိုတာ မရှိဘူး။ အတိုးတို့ ဘာတို့ဆိုတာ ဒကာ ဒကာမတွေကလည်း မပေးချင်ဘူး။ ဦးပဉ္စင်းတို့ကလည်း လုံးဝမယူချင်ဘူး။ ဒီတော့ ပြန်ပေးရင် အရင်းရမယ်။ ပြန်မပေးရင် ရှုံးတယ်ပေါ့။ ဒီငွေကိစ္စနဲ့ ဘယ်ဘုန်းကြီးကရော ရုံးပြင်ကန္ဒားကို သွားချင်မှာလဲ”

“အဲဒီတော့ ငွေတော့ မချေးနိုင်ဘူး။ ဦးပဉ္စင်း သဒ္ဓါသလောက်ပေးလိုက်မယ်။ ရော့ငွေ နှစ်ရာ ကဲ ဒါယိကာမကြီး ပြန်ပေးတော့” ဟု ပြောလိုက်သဖြင့် ထိုအမျိုးသမီး ပြန်သွားခဲ့ပြန်သည်။ အာမနာ၊ လျှာမကျိုး သုံးခါတိတိ ငွေလာတောင်းတာကတော့ ရိုးရိုးသားသားဒုက္ခရောက်လို့ အကူအညီတောင်းညခင်းဟုတ်ဟန်မတူတော့၊ သူတော်ကောင်းတို့၏ ကရုဏတရားကို ခန်းခြောက်အောင် လုပ်သူများ ဖြစ်နေပြီလား ဟု သံသယအတွေးတို့က ၀င်လာကြသည်။

နောက်တစ်ရက်မှာပင် ဆွမ်းခံကပြန်လာသော “တပည့် အရှင်ပညာသီရိက ဟာ ဆရာတော်ဆီလာလာနေတဲ့ မိန်းမကြီးက အလိမ်ကြီးနေမှာပါဘုရား။ မနက်က ဘေးနားက ကျောင်းတစ်ကျောင်းထဲ ၀င်သွားတာ တွေ့တယ်ဘုရား။ ဘုန်းကြီးကျောင်းတွေ လှည့်လိမ်စားနေသလား မသိဘူး ဘုရား။”
“ဟုတ်လား – အေး ဒါဆို နည်းနည်းစုံစမ်းကြည့်ရမယ်။”

နောက်တစ်ရက်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောင်းသို့ ဆွမ်းခံကြွလာသော ရွှေပြည်သာ ပရိယတ္တိကျောင်းဆရာတော် ဦးဇောတိက နှင့် စကားစပ်သွားသောအခါ ဦးဇောတိက က-

“ဒါဆိုရင်တော့ သေချာပြီ။ ဘုန်းကြီးတော် အလိမ်ခံနေရပြီ။ တပည့်တော်ကျောင်းကိုလည်း တစ်ခါရောက်လာတယ်။ သူ့သားတစ်ယောက် ဆေးရုံတင်ထားတာ ဆေးဖိုးမရှိလို့်ပါဆိုပြီး ငိုယိုတောင်းပန်နေလို့ ငွေနှစ်ရာနဲ့ ဆန်တစ်ပြည်ပေးလိုက်ရသေးတယ်။ ပုံစံက ပိန်ပိန်ရှည်ရှည် မျက်စိပြုးပြုးပဲ”
“ဒါဆိုရင်တော့ သေချာပါပြီ။ တပည့်တော်ဆီကို လာလိမ်တာ သုံးခါတောင် ရှိသွားပြီ။ သုံးခါတောင် ရှိသွားပြီဆိုမှတော့ တော်တော်များနေပြီးပဲ နောက်တစ်ကြိမ်တော့ လာမယ် မထင်ပါဘူး”

ကိုယ်ကသာ မထင်သည်။ သူမတို့သားအမိကား နောက်လေးရက်ခန့်အကြာတွင် ရောက်လာပြန်ပါ၏။ ရောက်ရောက်ချင်း
“ဆရာတော်ကယ်ပါဘုရား တပည့်တော်သား ရွှေပြည်သာဆေးရုံမှာ အရေးပေါ်တင်ထားရတယ် ဘုရား။ ဆေးဖိုးလည်း မရှိတော့ သေချာ မကုနိုင်ဘူး ဖြစ်နေတယ် ဘုရား။ အဲဒါ ဆေးဖိုးလေးကူညီပါဦးဘုရား။ များများစားစားလည်း မဟုတ်ပါဘူး။ ပြီးတော့ . . . .”

စာရေးသူက စူးစမ်းဆင်ခြင်သော မျက်လုံးဖြင့် တစ်ချက်စိုက်ကြည့်လိုက်သောအခါ သူ၏ဗလုံးပထွေးစကားများ ရုတ်တရက်ရပ်သွားကာ ခပ်ကြောင်ကြောင် ဖြစ်သွားသည်။ ထိုအခါမှ –

“ဒါယိကာမကြီး ဦးပဉ္စင်းတို့ဟာ သူတစ်ပါးကို သနားတတ်တယ်။ အဲသလို သနားတတ်တဲ့ ကရုဏာဟာ တကယ်ဒုက္ခရောက်သူတွေအတွက်ပဲ ဖြစ်သင့်တယ်။ ဒါယိကာမကြီးတို့လို လူမျိုးတွေက မကြာခဏလာပြီးလာညာတော့ သနားတတ်တဲ့ ဦးပဉ္စင်းတို့ ကရုဏာတွေ ဟာ ခန်းခြောက်ကုန်တယ်
တကယ့်တကယ် ဒုက္ခရောက်နေသူတို့တွေ့ရင်တောင် လိမ်ညာနေတာများလားဆိုပြီး ကရုဏာစိတ် သိပ်မပေါ်ချင်တော့ဘူး။ ဒါ့ကြောင့် ဒါယိကာမကြီးကို မေတ္တာရပ်ခံပါရစေ။ တကယ်ဒုက္ခရောက်သူတွေကို ငဲ့ညှာထောက်ထားသောအားဖြင့် သူတော်ကောင်းတွေရဲ့ ကရုဏာကို ခမ်းခြောက်သွားအောင် သွားမလိမ်ကြပါနဲ့လို့”

ခေါင်းငိုက်စိုက်ဖြင့် သူတို့သားအမိထွက်သွားကြသည်။ သဘောပေါက်သွား၍ပဲလား။ နောက်တစ်ခါမရနိုင်တော့ဟု သိ၍လား မပြောတတ် ထိုနေ့မှစ၍ ယခုတိုင်အောင် ကျောင်းသို့ ပေါ်မလာကြတော့ပါ။

အညွှန်း- ယုံမှတ်လို့ ပုံအပ်မိသူများ ၂ စာအုပ်။

ဆရာတော်ရေးခဲ့တဲ့ ဘ၀နဲ့ရင်းရသောအတွေးအမြင်များ၊ ယုံမှတ်လို့ ပုံအပ်မိသူစာအုပ်… ယခုခေတ်လူတွေမှာ လိမ်ရ၊ ၀ှက်ရ၊ သတ်ရ ဖြင့် အသက်မွေးသူ၊ အိမ်ထောင်ဖောက်ပြားမှု၊ အရက်သေစား သောက်စားမှု စသည်တို့နဲ့အသက်မွေးသူ…. ဒီလို ကိုယ်ကျင့်သီလဖောက်ပြားမှုကို အလွယ်တကူလုပ်ကိုင်နိုင်လာသလို ထိုဖောက်ပြားမှုအတွက် ရရှိလားမယ့်အကျိုးဆက်တွေကိုလည်း မကြောက်ကြတော့ပါဘူး။ လူတွေပြောတဲ့ “အူမတောင့်မှ သီလစောင့်နိုင်” ဆိုတဲ့စကားကတော့ “အူမ မတောင့်ရင်လည်း သီလစောင့်နိုင်ရမယ”် ဆိုတဲ့ အသိ ပြင်ဖို့ သိဖို့ အထူးလိုအပ်ပါတယ်။ ဒီတော့ “ကိုယ့်ဝမ်းစာအတွက် သူတစ်ပါးထိခိုက်မှ ဖြစ်မှာလား” ဆိုတာကို စဉ်းစားပြီး အကယ်၍ အဖြေက “ကိုယ့်အတွက်လုပ်ရမှာပဲ” ဆိုရင်တော့ မိမိကိုယ်ကို မိမိပိုင်သလား ဆိုတဲ့မေးခွန်းကို သေသေချာချာစဉ်းစားပါလို့ တိုက်တွန်းလိုက်ပါတယ်။

မိတ်ဆွေသဂ်ဟအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။

မေတ္တာရိပ်

This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s